တိုက်စစ်မှူးအဂူရို ဘာစီလိုနာအသင်းသို့ပြောင်းရွှေ့လျှင် မန်စီးတီးအသင်းတွင်ရရှိနေသည့် လုပ်ခလစာထက် ၄၀ ရာခိုင်နှုန်းခန့်လျော့နည်းဖွယ်ရှိနေ

ဘာစီလိုနာ၊ ဘောလုံး

မန်စီးတီးအသင်း တိုက်စစ်မှူးအဂူရိုသည် ဘာစီလိုနာအသင်းသို့ နှစ်နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိထားပြီး   ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့လျှင်  လက်ရှိ မန်စီးတီးအသင်းတွင်ရရှိနေသည့် လုပ်ခလစာထက် ၄၀ ရာခိုင်နှုန်းခန့် လျော့နည်းဖွယ်ရှိနေကြောင်း သိရသည်။

အဂူရိုသည် ဘာစီလိုနာအသင်းသို့ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိထားပြီး လုပ်ခလစာကို ထုတ်ပြန်ခြင်း မရှိသေးဘဲ လက်ရှိဘာစီလိုနာအသင်း၏ ဘဏ္ဍာရေးအခြေအနေကြောင့် မန်စီးတီးအသင်းတွင် လက်ရှိ ရရှိနေသည့် လစာအတိုင်း ဘာစီလိုနာ အသင်းက ပေးချေနိုင်မည်မဟုတ်ဘဲ ၄၀ ရာခိုင်နှုန်းခန့်အထိ  လျှော့ယူ ရလိမ့်မည်ဟု  စပိန်ဒေသတွင်း  မီဒီယာများက ရေးသားဖော်ပြခဲ့သည်။

အဂူရိုသည် ၂၀၁၁ ခုနှစ်က အက်သလက်တီကိုအသင်းမှ မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီးနောက် အသင်းနှင့် ဆယ်စုနှစ်တစ်ခုကြာ အောင်မြင်မှုများစွာ ရယူနိုင်ခဲ့ပြီးနောက် ယခုဘောလုံးရာသီကုန်ဆုံးလျှင်   အသင်းနှင့်စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် အဂူရိုသည် မန်စီးတီးအသင်းတွင် တစ်ပတ်လုပ်ခလစာ စတာလင်ပေါင် ၂၅၀၀၀၀ ရရှိနေသူ ဖြစ်ပြီး  ဘာစီလိုနာအသင်းနှင့်  အပြီးသတ်စာချုပ်ချုပ်ဆိုပြီးပါက ၄၀ ရာခိုင်နှုန်းခန့်အထိ လျှော့ယူရမည်ဖြစ် သည့်အတွက် တစ်ပတ်လုပ်ခလစာ  စတာလင်ပေါင် ၁၀၀၀၀၀ ကျော်သာ ရရှိဖွယ်ရှိနေသည်။

အဂူရိုသည် ယခုဘောလုံးရာသီတွင် မန်စီးတီး အသင်း၌ ဒဏ်ရာပြဿနာများကြောင့် ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ၁၁ ပွဲသာ ပါဝင်ခွင့်ရရှိခဲ့ကာ နှစ်ဂိုးသာသွင်းယူနိုင်ခဲ့ကြောင်း သိရသည်။

Ref;AS