ရန်ကုန်ယူနိုက်တက်အသင်းသည် ဒုတိယမြောက် ပြည်ပကစားသမားခေါ်ယူမှုအဖြစ် စစ်ကိုင်းယူနိုက် တက်အသင်း တိုက်စစ်မှူးဟောင်း ကင်မရွန်းနိုင်ငံသား ပက်ထရစ်ဂေးအဲလာအဒူဘက်ကို တစ်နှစ် စာချုပ်ဖြင့် ခေါ်ယူလိုက်ပြီဖြစ်ကြောင်း သိရသည်။
ပက်ထရစ်သည် ၂၀၂၀ ဘောလုံးရာသီ တွင် စစ်ကိုင်းယူနိုက်တက်အသင်းနှင့်အတူ ခြေစွမ်းပြကစားခဲ့ပြီး သွင်းဂိုး ၁၄ ဂိုးဖြင့် ဂိုးသွင်းအများဆုံး ဒုတိယနေရာ၌ ရပ်တည်နိုင်ခဲ့သူဖြစ်သည်။ အသက် ၂၃ နှစ်အရွယ်ရှိ ပက်ထရစ် သည် မြန်မာနေရှင်နယ်လိဂ်သို့ ဧရာဝတီ ယူနိုက်တက်အသင်းနှင့်အတူ ၂၀၁၈ ဘောလုံးရာသီတွင်ရောက်ရှိခဲ့ကာ သွင်းဂိုး ၁၆ ဂိုးနှင့် ဒုတိယဂိုးသွင်းအများဆုံးစာရင်း ဝင်ခဲ့ပြီး ၂၀၁၉ ဘောလုံးရာသီပထမအကျော့တွင် ဇွဲကပင်ယူနိုက်တက်အသင်း၊ ဒုတိယအကျော့တွင် ဒဂုံအသင်းသို့ ပြောင်းရွှေ့ခဲ့သည်။
၂၀၁၉ ဘောလုံးရာသီတွင်လည်း သွင်း ဂိုး ၁၀ ဂိုးဖြင့် တတိယဂိုးသွင်းအများဆုံး အဖြစ် ဝင်းနိုင်စိုး နှင့်အတူ ပူးတွဲရပ်တည်နိုင်ခဲ့သည်။ ထို့နောက် ၂၀၂၀ ဘောလုံးရာသီတွင် စစ်ကိုင်းယူနိုက်တက် အသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီး စုစုပေါင်း သွင်းဂိုး ၁၄ ဂိုးနှင့် သုံးနှစ်ဆက် ဂိုးသွင်းအများဆုံး စာရင်းတွင်ပါဝင်လာခဲ့သည့် ကစားသမား တစ်ဦးလည်းဖြစ်သည်။
တိုက်စစ်မှူးပက်ထရစ်က ရန်ကုန်ယူနိုက်တက်အသင်းကို ရောက်ရှိလာသည့်အတွက် ဝမ်းသာ ကြောင်းကို “ဒီလိုသမိုင်းကြောင်းတွေရှိတဲ့အသင်းကြီးမှာ လာရောက်ကစားခွင့်ရတဲ့အတွက် အရမ်း ပျော်ရွှင်မိပါတယ်။ အသင်းဖော်တွေရဲ့ပံ့ပိုးမှုနဲ့အတူ အောင်မြင်မှုတွေရရှိအောင် ကြိုးစားယှဉ်ပြိုင် သွားပါမယ်။ အောင်မြင်မှုတွေရရှိဖို့ ကျွန်တော့်ဘက်က အကောင်းဆုံးပေးဆပ်ကစားသွားမှာဖြစ်ပြီး ပရိသတ်တွေလည်း အသင်းကိုအားပေးကြဖို့ပြောချင်ပါတယ်”ဟု ပြောသည်။