တိုက်စစ်မှူး မက်ဆီကို ငါးနှစ်စာချုပ်အတွက် မန်စီးတီး အသင်း ပေါင် သန်း ၄၃ဝ အထိပေးပြီး ကမ်းလှမ်းထား

မန်ချက်စတာ၊ ဘောလုံး

မန်စီးတီးအသင်းသည် ယခုရာသီကုန်တွင် ဘာစီလိုနာနှင့်စာချုပ်သက်တမ်း ကုန်ဆုံးပြီး အသင်းမှထွက်ခွာရန် ရာခိုင်နှုန်းများနေသော အာဂျင်တီးနားတိုက် စစ်မှူး မက်ဆီကို ငါးနှစ်စာချုပ်အတွက် ပေါင် သန်း ၄၃ဝ အထိ ပေးပြီး ကမ်းလှမ်းထားကြောင်း The Sun သတင်းစာက ရေးသားခဲ့သည်။ ထိုသို့ကမ်းလှမ်းသည့် ငွေကြေး ပမာဏ သည် ပြီးခဲ့သည့်သြဂုတ်လက မက်ဆီကို မန်စီးတီးအသင်း ကမ်းလှမ်းခဲ့သော ငွေကြေးပမာဏထက် ပေါင် သန်း ၁၇ဝ လျော့နည်းနေသေးပြီး ပြီးခဲ့သည့်နှစ်က မက်ဆီ ဘာစီလိုနာမှ ထွက်မည်ဟု ဆုံးဖြတ်စဉ် မန်စီးတီးသည် ငါးနှစ် စာချုပ်အတွက် ပေါင် သန်း ၆ဝဝအထိပေး၍ ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

သို့သော် ထိုစဉ်က ဘာစီလိုနာအသင်းသည် မက်ဆီကို အလွတ်ထွက်ခွာ ခွင့်မပေးဘဲ စာချုပ်ဖျက်တန်ကြေး ပေါင် သန်း ၆ဝဝ ကျော်ပေးနိုင်မှ ထွက်ခွင့်ပြုမည်ဟု တုံ့ပြန်ခဲ့၍ မက်ဆီသည် မန်စီးတီးသို့ မပြောင်းဘဲ စာချုပ်သက် တမ်း ကုန်သည်အထိ ဘာစီလိုနာ၌ တစ်နှစ်ဆက်ကစားရန် ဆုံးဖြတ်ခဲ့သဖြင့် ယခု မန်စီးတီးက အလွတ်ခေါ် ယူနိုင်ရန် မက်ဆီအတွက် လစာနှုန်းထားကို ငါးနှစ်စာအတွက် ပေါင်သန်း ၄၃ဝပေးပြီး ကမ်းလှမ်း ထားခြင်း ဖြစ်သည်။

မန်စီးတီးအသင်းသည် မက်ဆီကို ကနဦး နှစ်နှစ်စာချုပ်ဖြင့် ကမ်းလှမ်းပြီး ထိုစာချုပ်တွင် နောက်ထပ် တစ်နှစ်စာချုပ် သက်တမ်းတိုးခွင့်ပြုကာ ထို့နောက်နှစ်နှစ်ကို မိတ်ဖက်ကလပ်ဖြစ်သော မေဂျာလိဂ်ကလပ် နယူးယောက်စီးတီးသို့ သွားရောက်ကစားခိုင်းဖွယ်ရှိကြောင်း သိရသည်။