တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ဒေသခံပြည်သူ လူနာများအား တပ်မတော်ဆေးရုံ များ၌ ဆက်လက် လက်ခံကုသ

နေပြည်တော်၊ ဧပြီ - ၂ 

တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများအတွက် တပ်မတော် ဆေးရုံများနှင့် ယာယီကုသရေးဆေးရုံများတွင် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ၁၁၂၆၂၅ ဦး၊ အတွင်းလူနာ ၄၁၀၁ ဦးကို တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ခွဲစိတ်ရန်လိုအပ်သည့် လူနာများအား ခွဲစိတ်ပေးခြင်း၊ ဆေးရုံတက်ရောက်ကုသရန်လိုအပ်သော လူနာများကို ဆေးရုံ တင်ကာ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများ ဆောင်ရွက်ပေးသည့်အပြင် ဆေးရုံ တက်လူနာများနှင့် လူနာစောင့်များ နေထိုင်စားသောက်ရေးအဆင်ပြေစေရန် အတွက်ကိုပါ စီမံဆောင်ရွက်ပေးသည်။ 
ထိုသို့ လာရောက်ကုသမှုခံယူလျက်ရှိသည့် လူနာများအနက် အကြီးစားခွဲစိတ် ကုသရန်လိုအပ်သူ ၅၂၈၂ ဦး၊ အသေးစားခွဲစိတ်ကုသရန်လိုအပ်သူ ၂၇၇၅ ဦး၊ စုစုပေါင်း ၈၀၅၇ ဦးတို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီး စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ်ကုသပေးလျက်ရှိသည်။ ၎င်းအပြင် ကလေး မီးဖွားရန်အခက်အခဲဖြစ်နေသည့် မွေးလူနာများကို တပ်မတော်ဆေးရုံအသီးသီးတွင် တက်ရောက်စေလျက်ရှိပြီး ၎င်းတို့အနက် ၂၇၉၈ ဦးကို ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ကာ ၄၂၇၆ ဦးကို သာမန်မွေးဖွားပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိ ကလေးငယ် ၇၀၇၄ ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့သည်။ 

ယင်းသို့ ဒေသခံပြည်သူများအား ဆေးကုသပေးနေမှုအခြေအနေများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး ဆေးရုံတက်ရောက်ကုသမှုခံယူနေသော လူနာများ အတွက် စားသောက်ဖွယ်ရာများနှင့် ကျန်းမာရေးဝန်များအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။