တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ
နေပြည်တော်၊ ဖေဖော်ဝါရီ - ၄
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်း သား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့ များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၃ ရက်နှင့် ယနေ့တို့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ မြို့နယ် (၁၁) မြို့နယ်၌ ဒေသခံပြည်သူ ၂၆၇၂ ဦး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်(၁၀)မြို့နယ်၌ ဒေသခံပြည်သူ ၁၈၃၄ ဦး၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၌ဒေသခံပြည်သူ ၂၂၀၈ ဦး၊ ရန်ကုန်တိုင်း ဒေသကြီး၊ တာမွေမြို့နယ်၌ ဒေသခံပြည်သူ ၂၃၇ ဦးနှင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် (၂၆) မြို့နယ်၌ ဒေသခံပြည်သူ ၁၇၃၂၀ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ထို့အတူ ကျောင်းသား၊ ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများထိုးနှံပေးလျက်ရှိရာ ဖေဖော်ဝါရီ ၃ ရက်နှင့် ယနေ့တို့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့နှင့် နမ့်ခမ်းမြို့တို့၌ ကျောင်းသား၊ ကျောင်းသူ ၇၅၀ ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၆)မြို့နယ်တို့၌ ကျောင်းသား၊ ကျောင်းသူ ၉၃၅ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့ များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း များ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန် ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။