တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ “ ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့ ” အား စည်ကား သိုက်မြိုက်စွာ ကျင်းပ
နေပြည်တော်၊ မေ - ၁၄
ကဆုန်လပြည်နေ့ဖြစ်သည့် ယနေ့သည် ဘုရားအလောင်းတော် သုမေဓာရှင် ရသေ့ဘဝတွင် ဒီပင်္ကရာမြတ်ဘုရားခြေတော်ရင်း၌ နိယတဗျာဒိတ်ပန်းဆင်မြန်းခဲ့သော နေ့ဖြစ်ခြင်း၊ သိဒ္ဓတ္ထမင်းသားအဖြစ် ဖွားမြင်သောနေ့ဖြစ်ခြင်း၊ မြတ်စွာဘုရားရှင်သည် ဗောဓိဟူသည့် သဗ္ဗညုတဉာဏ်တော်ကို ရရှိပြီး ဘုရားအဖြစ်သို့ ရောက်ရှိတော်မူသော နေ့ဖြစ်ခြင်းနှင့် မြတ်ဘုရားပရိနိဗ္ဗာန်စံဝင်တော်မူသောနေ့ဖြစ်ခြင်း တို့ကြောင့် ဗုဒ္ဓ ဘာသာဝင် သူတော်စင်တို့အတွက် အလွန်ပင်ထူးခြားမွန်မြတ်သည့်နေ့ထူးနေ့မြတ် ဖြစ်သည်။
မဟာဗောဓိပင်ဆိုသည်မှာ ဘုရားအလောင်းတော်သိဒ္ဓတ္ထမင်းသားဖွားမြင်တော် မူသော နေ့တွင် အတူတကွဖြစ်ထွန်းပေါ်ပေါက်ခဲ့သည့် ဖွားဖက်တော် ခုနှစ်ပါးထဲတွင် တစ်ပါးအပါအဝင်ဖြစ်ပြီး သမ္မာသမ္ဗုဒ္ဓဘုရားအဖြစ်သို့ ရောက်ရှိစေရန်များစွာ အထောက်အကူပြုခဲ့သည့်အတွက် မဟာဗောဓိပင်သည် ပရိဘောဂစေတီထိုက်သော စေတီတော်တစ်ဆူလည်းဖြစ်ပါသည်။ ကဆုန်လသည် မြေကြီးဓာတ်တွင် ရေပြတ်လပ် သည့်နွေကာလဖြစ်သည့်အတွက် ဗောဓိပင်တော်များကို ကဆုန်ညောင်ရေသွန်း လောင်းခြင်းလည်းဖြစ်ရာ မြန်မာတို့သည် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာနှင့် ဘာသာတရား၏ အဆုံးအမတို့ဖြင့် ကဆုန်ညောင်ရေသွန်းပွဲကို နှစ်စဉ်ကျင်းပလေ့ ရှိကြသည်။
ထိုသို့ ကဆုန်ညောင်ရေသွန်းလောင်းပွဲများကို ရွှေတိဂုံစေတော်မြတ်ကြီး ရင်ပြင်တော်၌ ကျင်းပပြုလုပ်သည့် ညောင်ရေသွန်းပွဲအပါအဝင် ကဆုန်ညောင်ရေ သွန်းလောင်းပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဘုရားပုထိုးစေတီများ၌ ယနေ့တွင် ကျင်းပပြုလုပ်ကြရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများ၊ တာဝန်ရှိသူများ၊ ဝတ်အသင်းများ တက်ရောက်ကြပြီး သတ်မှတ်နေရာများအလိုက် မဟာဗောဓိပင်များကို ညောင်ရေ သွန်းလောင်းလှူကြ၍ အမွှေးနံ့သာရည်များ ပက်ဖျန်းခြင်းများကို စည်ကားသိုက်မြိုက် စွာ ကျင်းပပြုလုပ်ကြသည်။
ထို့ပြင် ဗုဒ္ဓဘာသာဝင်များအနေဖြင့် မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ဉပုသ် သီလဆောက်တည်ခြင်း၊ ပဋ္ဌာန်းဒေသနာတော်နှင့် ပရိတ်တရားတော်များ ရွတ်ပွားပူ ဇော်ခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၌ ကုသိုလ်ဒါန သီလပွားများခြင်းစသည့် သူတော်ကောင်းတရားများကို အားထုတ်ဆောင်ရွက်ကြ သည့်အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌လည်း အများပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် စည်ကားသိုက်မြိုက်စွာဖြင့် လာရောက် ဖူးမြော်ကြည်ညိုလျက်ရှိကြောင်း သတင်းရရှိသည်။