တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တပ်မတော်ဆေးရုံများ၌ တက်ရောက်ကုသမှုခံယူနေသူ များအား ကြည့်ရှုအားပေး၊
နေပြည်တော်၊ မတ်- ၁၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ တပ်မတော်ဆေးရုံ၊ တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့ရှိတပ်မတော်ဆေးရုံ၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် ဆေးရုံကြီး(ခုတင်-၁၀၀၀)နှင့် တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး (ခုတင်- ၅၀၀)၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရှိတပ်မတော်ဆေးရုံနှင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော် ဆေးရုံတို့၌ တက်ရောက်ကုသမှု ခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအား ယနေ့တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူး များနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများပေးအပ်ကြသည်။
ထို့နောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများသည် ဆေးရုံများအတွင်း လှည့်လည် ကြည့်ရှုကြ၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။