နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၁
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေးဆိုင်ရာ အခက်အခဲများကို တစ်ထောင့်တစ်နေရာမှ အထောက်အကူ ပြုစေရန်အတွက် မြို့နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေး ဆေးရုံများတွင် ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိပြီး ပြင်ပမှဆရာဝန်များသည်လည်း ၎င်းတို့၏ သဘောဆန္ဒအလျှောက် ကုသရေးလုပ်ငန်းများတွင် လာရောက်ပူးပေါင်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရသည်။
ယင်းသို့ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများသို့ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ၂၂ဝဝ၈ ဦး၊ အတွင်းလူနာ ၂၉၆၉ ဦးကို လွှဲပြောင်းခဲ့ပြီး တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ပြည်သူများကို ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့်လူနာများအား ခွဲစိတ် ပေးခြင်း၊ ဆေးရုံတက်ရောက် ကုသရန် လိုအပ်သည့် လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေး စောင့်ရှောက်ပေးခြင်းနှင့် ဆေးရုံတက် လူနာများနှင့် လူနာစောင့်များ နေထိုင်စားသောက်ရေး အဆင်ပြေစေရန် အတွက် စီမံဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ လာရောက်ကုသမှု ခံယူလျက်ရှိသည့် လူနာများအနက် အကြီးစား ခွဲစိတ်ကုသ ရန်လိုအပ်သူ ၉၂၈ ဦး၊ အသေးစားခွဲစိတ်ကုသရန်လိုအပ်သူ ၄၉၂ ဦး၊ စုစုပေါင်း ၁၄၂ဝ ဦး တို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီး စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ် ကုသပေးလျက်ရှိသည်။ ၎င်းအပြင် ကလေးမီးဖွားရန် အခက်အခဲဖြစ်နေသည့် မွေးလူနာများကို တပ်မတော်ဆေးရုံ အသီးသီးတွင် တက်ရောက် စေလျက်ရှိပြီး ၎င်းတို့အနက် ၅၅၇ ဦးကို ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ကာ ၈၂၈ ဦးကို သာမန် မွေးဖွားပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိ အနာဂတ်မျိုးဆက်သစ် ကလေးငယ် ၁၃၈၅ ဦးကို မွေးဖွားနိုင်ခဲ့သည်။
တိုင်းရင်းသား ပြည်သူများအနေဖြင့် ကျန်းမာရေးဆိုင်ရာ အခက်အခဲများ ဖြစ်ပေါ်လာပါက နီးစပ်ရာ တပ်မတော်ဆေးရုံများသို့ အချိန်မရွေး ဆက်သွယ်ဆေးကုသမှု ခံယူနိုင်ကြောင်းနှင့် သက်ဆိုင်ရာ ဆေးရုံများမှလည်း လွှဲပြောင်းကုသမှု ခံယူနိုင်ကြောင်း သိရှိ ရသည်။
ယနေ့တွင် သက်ဆိုင်ရာမြို့နယ်များရှိ နယ်မြေခံ တပ်မတော်ဆေးရုံများသို့ ဆေးရုံ လာရောက်ပြသသူများနှင့် ဆေးရုံတက်လူနာများအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး ဆေးရုံတက်ရောက်ကုသမှု ခံယူနေသော လူနာများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ကြသည်။
ထို့ပြင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှု ခံယူလျက်ရှိသည့် ဒေသခံပြည်သူများ သွေးလိုအပ်မှု မရှိစေရေးအတွက် ယနေ့တွင် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်၊ ပြင်ဦးလွင်တပ်နယ်မှ အရာရှိ၊ စစ်သည် စုစုပေါင်း ၈ဝ ဦးတို့က စုပေါင်း သွေးလှူဒါန်းကြသည်။
ယင်းသို့ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးမှုအပေါ် ဆေးရုံ လာရောက်ကုသမှုခံယူကြသည့် ဒေသခံပြည်သူများ၏ ဝမ်းသာပီတိစကားသံများကို ယခုလိုပဲ ကြားသိရပါသည်-
''ကျွန်မတို့က ကချင်ပြည်နယ် ဗန်းမော်မြို့ သီရိရပ်ကွက်မှာနေတာပါရှင့်။ ကျွန်မညီမလေး သားဖွားဖို့ပေါ့။ ဘယ်လိုမှအဆင်မပြေဘူး။အဆင်မပြေတော့ ကျွန်မတို့ ဗန်းမော်ဆေးရုံကြီးကို သွားတယ်။ ည ၃ နာရီလောက်အဲဒီမှာ အကုန်လုံးပိတ်ထားတယ်။ သင်းသုခ ဆေးရုံကိုလည်းသွားတယ်။ သူတို့က တော်တော်လေးကို တံခါးမဖွင့်ပေးဘူး။ အကြာကြီးနေမှ တံခါးဖွင့်ပေးတယ်။ ပြီးတော့မှ ဒီမှာဆေးမကုဘူးပေါ့နော်။ ဒီမှာဆေးကုဖို့ ပိတ်ထားတယ်ဆိုတဲ့ အကြောင်းကိုပြောတာပေါ့။ အဲဒီတော့ ကျွန်မတို့စစ်ဆေးရုံဘက်ကို သွားကြည့်မယ်ဆိုပြီး ကြောက်ကြောက်နဲ့ပဲ လာခဲ့တာပေါ့။ အချိန်ကတော့ ၃ နာရီလောက်ရှိပြီလို့ ထင်တာပဲ။ လာရမှာတော့ ကြောက်တာပေါ့။
ကျွန်မတို့က အစ္စလာမ်တွေဆိုတော့ ကျွန်မညီမလေး အသက်အန္တရာယ်ကြောင့် ဗိုက်နာနေတာလည်း တစ်ရက်နဲ့ နေ့တစ်ပိုင်းလောက် ရှိသွားပြီ။ အဲဒါနဲ့ ကျွန်မတို့ဒီဆေးရုံကို လာခဲ့တာပါရှင့်။ ဒီကဆရာဝန်တွေ အကုန်လုံးက လူတန်းစားလည်း မခွဲခြားပါဘူး။ ဘာသာရေးတွေ ဘာတွေလည်း မခွဲခြားပါဘူး။ အဆင်ပြေပါတယ်။ အစားအသောက်ကနေစပြီး အားလုံး စီစဉ်ပေးပါတယ်။ အခက်အခဲအားလုံး ရှိနေတဲ့ ဗန်းမော်မြို့ကလူနာတွေကို ဒီဆေးရုံကို လာလို့ရပါတယ်''ဟု မီးဖွားလူနာစောင့် တစ်ဦးက ပြောသည်။
''ဘယ်ဆေးခန်းမှ မမွေးပေးပါဘူး။ ပိတ်ထားပါတယ်။ ဆေးခန်းကလူတွေကိုလည်း ခေါ်နှိုးတယ်။ ခေါ်နှိုးတော့လည်း မွေးပေးလို့မရပါဘူး။ အဲတော့ လမ်းမှာနေနေရပါတယ်။လမ်းပေါ်မှာ ထိုင်နေတယ်။ ဘယ်ဆေးရုံမှ မွေးမပေးဘူး။ အကုန်ပိတ်ထားတယ်။ အဲဒါနဲ့ကားဆရာဦးလေးကြီးက သူသိတဲ့ တပ်မတော် ဆေးရုံရှိတယ်တဲ့။ ပြီးတော့ လိုက်ပို့တယ်။ဒီကိုရောက်တော့ ရှောရှောရှူရှူပဲ မွေးနိုင်ခဲ့ပါတယ်။ နောက်ကျခဲ့ရင် ကျွန်မသေတောင်သေနိုင်ပါတယ်။ ဒီကိုရောက်တော့ စားတာသောက်တာကအစ အဆင်ပြေပါတယ်။ထမင်းကို တစ်နေ့သုံးနပ် ကျွေးပါတယ်။ စားစရာသောက်စရာ မုန့်အကုန်လုံး ပေးပါတယ်။ ဒီက ဆရာ၊ ဆရာမတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ဘယ်နေရာမှ လိုလေသေးမရှိအောင် အကုန်လုံး လုပ်ပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်''ဟု မွေးလူနာတစ်ဦးက ပြောသည်။
''ပြည်သူတွေကျန်းမာရေး အတွက်နဲ့ အခက်အခဲ ရှိတယ်ဆိုရင် တပ်မတော်ဆေးရုံကနေပြီးတော့ ကုသပေးနေတယ်။ ဒါပေမဲ့ ကျွန်တော်တို့က တစ်ခါမှမလာဖူးဘူးလေ။ ရောက်လည်း မရောက်ဖူးဘူး။ ဒါပေမဲ့ ဒီလိုပဲမေးစမ်းပြီးတော့ တက်လာခဲ့တယ်။ ဒါပေမဲ့ အားလုံး အဆင်ပြေတယ်။ ကျွန်တော်တို့ ဒီရောက်တယ်ဆိုရင် ကျကျနန ပျူပျူငှာငှာ အခုလိုပဲကုသပေးတယ်။ ဟိန်းခြင်းဟောက်ခြင်း အခုဆရာဝန်ကြီးတွေ လာပြီးတော့ စစ်ဆေးမေးမြန်းတဲ့ အခါမှာ အေးအေးဆေးဆေး ဘာမှဟိန်းတာဟောက်တာ ဘာမှမရှိဘူး။ အခုလို တပ်မတော်ကနေပြီးတော့ ပြည်သူတွေကို ကျန်းမာရေး စောင့်ရှောက်ပေးတဲ့အတွက် အထူးလည်း ဝမ်းသာတယ်။ ကျေးဇူးလည်းတင်တယ်။ အခုလိုပဲ ကျန်းမာရေး အခက်အခဲဖြစ်နေတဲ့ ကျေးလက်ကပြည်သူတွေ အခုလိုပဲ ကျွန်တော့်ရဲ့ညီမလေး အခုလိုတပ်မတော် ဆေးရုံမှာ ကျကျနန ကုသခွင့်ရသလို လာရောက်ပြီးတော့ ကုသလို့ရတယ် ဆိုတာလည်း ကျွန်တော်ဒီနေရာကနေပြီးတော့ ပြောချင်တယ်။ တပ်မတော်ကိုလည်း အထူးကျေးဇူးတင်တယ်။ ဝမ်းလည်းဝမ်းသာတယ်''ဟု လူနာစောင့်တစ်ဦးကပြောသည်။