တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဒေသခံပြည်သူ လူနာများအား တပ်မတော်ဆေးရုံများ၌ လက်ခံကုသ

နေပြည်တော်၊  ဖေဖော်ဝါရီ - ၈

         

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးဆိုင်ရာကုသပေးရန် အခက်အခဲများ ဖြစ်ပေါ်မှုများကို တစ်ထောင့်တစ်နေရာမှ အထောက်အကူပြု စေရန်အတွက် မြို့နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများ၌ ယာယီကုသရေးဆေးရုံများဖွင့်လှစ်၍ တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများဖြင့် စုဖွဲ့ထားရှိကာ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

        

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများသို့ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ၁၂၁၀ ဦး၊ အတွင်းလူနာ ၆၁၆ ဦးကို လွှဲပြောင်းခဲ့ပြီး တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ပြည်သူများကို ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့် လူနာများအား ခွဲစိတ် ပေးခြင်း၊ ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေး စောင့်ရှောက်ပေးခြင်းနှင့် ဆေးရုံတက် လူနာများနှင့် လူနာစောင့်များ နေထိုင်စားသောက်ရေး အဆင်ပြေ စေရန်အတွက်  စီမံဆောင်ရွက်ပေးလျက်ရှိသည်။

        

ယင်းသို့ လာရောက်ကုသမှု ခံယူလျက်ရှိသည့် လူနာများအနက် အကြီးစား ခွဲစိတ်ကုသ ရန်လိုအပ်သူ ၄၀ ဦး၊ အသေးစား ခွဲစိတ်ကုသရန်လိုအပ်သူ ၂၀ ဦး၊ စုစုပေါင်း ၆၀ ဦး တို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီး စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ် ကုသပေးလျက်ရှိသည်။၎င်းင်းအပြင် ကလေးမီးဖွားရန် အခက်အခဲ ဖြစ်နေသည့် မွေးလူနာ ၁၂၀ ဦးကို တပ်မတော်ဆေးရုံအသီးသီးတွင် တက်ရောက် ကုသပေးနိုင်ခဲ့ပြီး ၎င်းင်းတို့ အနက် ၂၁ ဦးကိုခွဲစိတ် မွေးဖွားပေးနိုင်ခဲ့ကာ ၄၉ ဦးကို သာမန် မွေးဖွားပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့တွင် အနာဂတ်မျိုးဆက်သစ် ကလေးငယ် ၇၀ ဦးကို မွေးဖွားနိုင်ခဲ့သည်။

        

တိုင်းရင်းသား ပြည်သူများအနေဖြင့် ကျန်းမာရေးဆိုင်ရာ အခက်အခဲများ ဖြစ်ပေါ်လာပါက နီးစပ်ရာတပ်မတော် ဆေးရုံများသို့ အချိန်မရွေး ဆက်သွယ်ဆေးကုသမှု ခံယူနိုင်ကြောင်းနှင့် သက်ဆိုင်ရာဆေးရုံများမှလည်း လွှဲပြောင်းကုသမှု ခံယူနိုင်ကြောင်း သိရှိရသည်။

        

ယနေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ ဆေးရုံ လာရောက်ပြသသူများနှင့် ဆေးရုံတက် လူနာများအား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးနှင့် အဖွဲ့ဝင်များ လည်းကောင်း၊ သက်ဆိုင်ရာမြို့နယ်များရှိ နယ်မြေခံတပ်မတော်ဆေးရုံများသို့ ဆေးရုံ လာရောက်ပြသသူများနှင့် ဆေးရုံတက်လူနာများအား သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများက လည်းကောင်း သွားရောက်ကြည့်ရှု အားပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။

    

ယခုကဲ့သို့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးမှုအတွက် ဒေသခံပြည်သူ ဆေးရုံတက်လူနာများ၏ ရင်တွင်းစကားသံများအား ယခုကဲ့သို့ ကြားသိရပါသည်-

“သမိုင်းကနေလာပြီးတော့ ဒီတပ်မတော် ဆေးရုံမှာ လာမွေးတာဖြစ်ပါတယ်။ စနေနေ့ညပိုင်းမှာ အရေးပေါ်ဖြစ်ပြီးတော့ ဗိုက်နာတယ်။ ခါးကိုက်တယ်ပေါ့နော်။ အဲလိုဖြစ်ပြီးတော့မှ ကိုယ်အပ်ထားတဲ့ဗဟို အမျိုးသမီးဆေးရုံကို အရေးပေါ်သွားပါတယ်။

ည ၇ နာရီ၊ ၈ နာရီလောက်မှာသွားတယ်။ ဆေးရုံလည်းရောက်ရော ဆေးရုံမှာ ecurity တစ်ယောက်ပဲရှိတယ်။ အရေးပေါ် ဘယ်လူနာမဆိုပြန်လွှတ်တယ်။ ဆေးရုံမှာသူတို့က ဘာရေးထားလဲဆိုတော့ ဒီမှာဆရာဝန်တွေအကုန်လုံး ငြိမ်းချမ်းစွာ ဆန္ဒပြတာဖြစ်တဲ့အတွက်ကို မည်သည့်အရေးပေါ် လူနာကိုမျှ မကုပေးပါလို့ အဲမှာရေးထားတယ်။ အရေးပေါ် လူနာများသည် တပ်မတော်ဆေးရုံသို့ သွားရောက်ကုသပါရန်လို့ ရေးထားတာ။ ရေးထားတော့ ကျွန်မက ကုသဖို့အတွက် ဒီတပ်မတော်ဆေးရုံကို လာခဲ့တယ်။ ပထမဦးဆုံး ဒီထဲစဝင်တော့ တွေ့ရတာက ကားမောင်းတဲ့တပ်သားတစ်ယောက်က ကျွန်မပစ္စည်းတွေအကုန်လုံးကိုသယ်ပေးတယ်။ နံပါတ်နှစ်ကတော့ ဆရာဝန်တွေကအစ အသေးစိတ်မေးပေးတယ်။ အမှန်တိုင်းပြောရမယ်ဆိုရင် ဒီလိုဖြစ်လာမယ်လို့ မထင်ထားဘူး။ နံပါတ်သုံးကတော့ ဒီကဆရာဝန်၊ ဆရာတွေက အကုန်လုံးက စနစ်တကျနဲ့အဆင်ပြေလား။

ညီမလေး ဆေးထိုးမယ်ဆို နာမယ်နော်၊ ဒီလိုလေးတော့အောင့်မယ်နော်၊ ဒီလိုလေးရှိတယ် ဒီလိုလေးနေရင် အဆင်ပြေမယ်နော် ဆိုတဲ့ပုံစံမျိုးနဲ့ အစ်မတို့ကို ဆက်ဆံပေးတယ်။ အဲတော့ ဘယ်သူပဲဖြစ်နေပါစေ၊ ဘယ်ဘက်ကပဲဖြစ်နေပါစေ၊ ဘယ်ဘာသာပဲဖြစ်နေပါစေ မွေးမယ့်သူ၊ သေမယ့်သူ အရေးပေါ်ဖြစ်နေတဲ့ လူတစ်ယောက်က ဒီလိုနွေးထွေးမှုမျိုး ရတဲ့အခါမှာ ဘယ်သူပဲဖြစ်ဖြစ် အရမ်းပီတိဖြစ်တယ်”ဟု အရေးပေါ် မီးဖွားလူနာ ဒေါ်ယုစန္ဒာထွန်း ကပြောသည်။

“ကျွန်မသမီး ဆေးရုံလာတက်တာပါ။ သွေးလေးဖက်နာဖြစ်နေတာပါ။ ဆေးရုံတွေလိုက်ပြတာ ဘယ်ဆေးရုံမှလက်မခံလို့ အခုဒီတပ်မတော်ဆေးရုံကိုရောက်လာတော့ တပ်မတော်ဆေးရုံက လက်ခံလိုက်တယ်။ အရမ်းဝမ်းသာတယ်။ ဟိုမှာဆေးရုံတွေလိုက်ရှာတာ ကျွန်မသမီးကို ဘယ်မှာမှလက်မခံဘူး။ ကျွန်မလိုက်ရှာတာ လေးငါးရက်ရှိပြီ။ ကျွန်မ ရန်ကုန်မြို့ကိုရောက်လာတာ အသိမိတ်ဆွေလည်းမရှိပါဘူး။

တပ်မတော်ဆေးရုံကနေ ကျွန်မတို့ကို အားလုံးအဆင်ပြေအောင်လုပ်ကိုင်ပေးတဲ့အတွက် ကျွန်မတို့အဆင်ပြေပါတယ်။

ကျွန်မတို့ကိုလည်း နွေးထွေးစွာကြိုဆိုပါတယ်။ အရမ်းကို ကျေးဇူးတင်ပါတယ်” ဟု လူနာစောင့်အမျိုးသမီးတစ်ဦးက ပြောသည်။

“တပ်မတော်ဆေးရုံရောက်တော့ ပိုက်ဆံတစ်ပြားမှလည်း မကုန်ဘူးလေ။ ဗလာစာအုပ်တစ်အုပ်နဲ့ နာမည်ရေးပြီး ထပ်ပါဆိုလို့ ထပ်လိုက်တယ်။ အခု ဘာမှပိုက်ဆံတစ်ပြားမှ မကုန်ဘဲနဲ့ ကျွန်မတို့ကို စစ်ဆေးကုသပေးတာ ကျေးဇူးတင်လို့ ကျွန်မတို့ လူနာစောင့်ညီအစ်မနှစ်ယောက်က နှစ်ယောက်လုံး A သွေးလှူခဲ့ပါတယ်။ အခုလိုမျိုး အားလုံး အခက်အခဲဖြစ်နေတဲ့ အချိန်မှာ ကုသပေးတာ တပ်မတော်ကိုလည်း ကျွန်မတို့က ထပ်တလဲလဲ အရမ်း ကျေးဇူးတင်ပါတယ်” ဟု လူနာစောင့်အမျိုးသမီးတစ်ဦးက ပြောသည်။

“ကလေးက မနေ့ကမုန့်သွားဝယ်စားရင်းနဲ့ စက်ဘီးမှောက်ပြီးတော့ သူ့ညာဘက် ပေါင်ပေါ်ကို စက်ဘီးကပိကျသွားတာ ပေါင်ရိုးကျိုးသွားတယ်လို့ ပြောတယ်။ အရင်ဆုံး ကလေးဆေးရုံကိုသွားတယ်။ အဲမှာ အရိုးဆရာဝန်တွေက မရှိကြဘူး။ မလာကြဘူးတဲ့။ အခုချိန်မှာ ဆရာဝန်တွေ မရှိကြတဲ့အခါကျတော့ အခက်အခဲဖြစ်တာပေါ့။ ဆရာဝန်မလေး ကတော့ ပြောပါတယ်။ တပ်မတော်ဆေးရုံကို သွားပြကြည့်ပါလားတဲ့။ အဲဒါနဲ့ ဒီကိုလာပြတာပါ။ ရှေ့မှာလူနာတွေများပေမယ့်လည်း ကလေးက အရေးပေါ် အခြေအနေ ဖြစ်နေတော့ သူ့ကိုဦးစားပေးပြီး ကြည့်ပေးထားတာ။ တကယ်ကျေးဇူးတင်ပါတယ်။ ကျွန်မတို့လည်း ဝန်ထမ်းပါ။ အပြင်မှာဆိုလည်း ပိုက်ဆံအများကြီး မတတ်နိုင်ပါဘူး။ ဒီမှာကျတော့ ဆရာဝန်ကြီးတွေက ပိုက်ဆံတစ်ပြားမှ ပေးစရာမလိုဘူး။ တစ်ပြားမှကုန်စရာမလိုဘူးတဲ့။ အကုန်လုံး လုပ်ပေးပါမယ်လို့ ပြောတယ်။ အခုလို အရေးပေါ်အချိန်မှာ ကိုယ့်ကလေး ပကတိအတိုင်းပြန်ကောင်းသွားတာကိုပဲ တကယ်ကျေးဇူးတင်ပါတယ်”ဟု ကလေးမိခင်တစ်ဦးက ပြောသည်။