တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဒေသခံပြည်သူ လူနာများအား တပ်မတော်ဆေးရုံများ၌ လက်ခံကုသ

နေပြည်တော်၊  ဖေဖော်ဝါရီ - ၉

        

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးဆိုင်ရာ ကုသပေးရန် အခက်အခဲများ ဖြစ်ပေါ်မှုများကို တစ်ထောင့်တစ်နေရာမှ အထောက်အကူပြုစေရန်အတွက် မြို့နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများ၌ ယာယီကုသရေး ဆေးရုံများ ဖွင့်လှစ်၍ တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများဖြင့် စုဖွဲ့ထားရှိကာ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

       

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများသို့ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပ လူနာ ၂၁၅၅ ဦး၊ အတွင်းလူနာ ၁၀၂၈ ဦးကို လွှဲပြောင်းခဲ့ပြီး တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ပြည်သူများကို ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့်လူနာများအား ခွဲစိတ် ပေးခြင်း၊ ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေး စောင့်ရှောက်ပေးခြင်းနှင့် ဆေးရုံတက်လူနာများနှင့် လူနာစောင့်များ နေထိုင်စားသောက်ရေး အဆင်ပြေစေရန်အတွက်  စီမံဆောင်ရွက် ပေးလျက်ရှိသည်။

       

ယင်းသို့ လာရောက်ကုသမှုခံယူလျက်ရှိသည့် လူနာများအနက် အကြီးစား ခွဲစိတ်ကုသ ရန်လိုအပ်သူ ၈၂ ဦး၊ အသေးစား ခွဲစိတ်ကုသရန် လိုအပ်သူ ၄၂ ဦး၊ စုစုပေါင်း ၁၂၄ ဦး တို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီး စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ် ကုသပေးလျက်ရှိသည်။ ၎င်းအပြင် ကလေးမီးဖွားရန် အခက်အခဲဖြစ်နေသည့် မွေးလူနာများကို တပ်မတော်ဆေးရုံ အသီးသီးတွင် တက်ရောက် စေလျက်ရှိပြီး ၎င်းတို့အနက် ၂၁ ဦးကို ခွဲစိတ်မွေးဖွား ပေးနိုင်ခဲ့ကာ ၅၁ ဦးကို သာမန် မွေးဖွား ပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိ အနာဂတ်မျိုးဆက်သစ် ကလေးငယ် ၇၂ ဦးကို မွေးဖွားနိုင်ခဲ့သည်။

       

တိုင်းရင်းသား ပြည်သူများအနေဖြင့် ကျန်းမာရေးဆိုင်ရာ အခက်အခဲများ ဖြစ်ပေါ်လာပါက နီးစပ်ရာ တပ်မတော်ဆေးရုံများသို့ အချိန်မရွေး ဆက်သွယ်ဆေးကုသမှု ခံယူနိုင်ကြောင်းနှင့် သက်ဆိုင်ရာ ဆေးရုံများမှလည်း လွှဲပြောင်းကုသမှု ခံယူနိုင်ကြောင်း သိရှိ ရသည်။

       

ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ တပ်မတော်ဆေးရုံသို့ ဆေးရုံ လာရောက်ပြသသူများနှင့် ဆေးရုံတက် လူနာများအား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုး၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စောသန်းလှိုင်နှင့် အဖွဲ့ဝင်များကလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ  တပ်မတော်ဆေးရုံသို့ လာရောက်ပြသသူများနှင့် ဆေးရုံတက်လူနာများအား အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အဖွဲ့ဝင်များကလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ တပ်မတော်ဆေးရုံသို့ လာရောက် ပြသသူများနှင့် ဆေးရုံတက်လူနာများအား အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်နှင့် အဖွဲ့ဝင်များလည်းကောင်း၊ သက်ဆိုင်ရာမြို့နယ်များရှိ နယ်မြေခံတပ်မတော်ဆေးရုံများသို့ ဆေးရုံလာရောက် ပြသသူများနှင့် ဆေးရုံတက်လူနာများအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများက လည်းကောင်း သွားရောက်ကြည့်ရှု အားပေးပြီး စားသောက် ဖွယ်ရာများပေးအပ်သည်။

ယခုကဲ့သို့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးမှုအတွက် ဒေသခံပြည်သူဆေးရုံ တက်လူနာများက ယခုကဲ့သို့ပြောကြားခဲ့ပါသည်-

“ညတုန်းက ကျွန်မကလေး ၆ နာရီခွဲမှာတက်သွားလို့ ခုတင်-၂၀၀ ကိုသွားတော့ သံဃာ့ဆေးရုံကို ညွှန်ပါတယ်။ သံဃာ့ဆေးရုံကတစ်ဆင့် တပ်မတော်ဆေးရုံကို သွားဆိုပြီး ညွှန်ပါတယ်။ ကျွန်မတို့က ကားအခက်အခဲတွေလည်း ရှိပါတယ်။ ကားငှားလို့မရတဲ့ကြားက တောင်းတောင်းပန်ပန် ငှားခဲ့ရပါတယ်။ ဒီမှာက နွေးနွေးထွေးထွေး ဆက်ဆံကြပါတယ်။ ကလေးတက်တော့လည်း တပ်မတော်ဆရာဝန်တွေက ကူညီကြပါတယ်။ ကျွန်မကလေးရဲ့ အသက်ကို အခုလို ဝိုင်းဝန်းကူညီပေးခဲ့ကြလို့ ကျေးဇူးတင်ပါတယ်။ နေရထိုင်ရတာလည်း အဆင်ပြေပါတယ်။ ကျွန်မတို့ကို အခုလို ကူညီပံ့ပိုးပေးတဲ့အတွက် တပ်မတော်သားတွေ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ကလေးငယ်၏ မိခင်က ပြောသည်။

“ကျွန်မက မအူပင်မှာနေပါတယ်။ အခုမိုင်းဆတ်မှာ အလုပ်လာလုပ်တာပါ။ အလုပ်လုပ်နေတဲ့ အချိန်မှာ ကားတိုက်မှုဖြစ်ပါတယ်။

ကားတိုက်မှုဖြစ်တော့ မိုင်းဆတ်ပြည်သူ့ဆေးရုံမှာ တက်တဲ့အချိန်မှာ မတတ်နိုင်၊ မကုသနိုင်တဲ့အတွက် ကျိုင်းတုံပြည်သူ့ဆေးရုံကို ပို့ပေးပါတယ်။ အဲ့ဒီမှာ ခွဲစိတ်ပြီး စတီးရိုးတွေ တပ်ပြီးတဲ့အချိန်မှာ ဆေးရုံက ပိတ်လိုက်ပါတယ်။ ပြီးတော့ မိုင်းဆတ်ပြည်သူ့ဆေးရုံကို ပြန်လွှဲပါတယ်။

ပြန်လာတဲ့အချိန်မှာ မိုင်းဆတ်ပြည်သူ့ဆေးရုံက ပိတ်ထားတယ်။ ဒါ့ကြောင့် တပ်မတော်ဆေးရုံကို ကျွန်မတို့ ပြန်တက်ရပါတယ်။ ဒီရောက်လာတော့ စစ်ဆေးရုံက ဆရာဝန်တွေက နွေးနွေးထွေးထွေး ပြုစုပေးကြပါတယ်။ ကျွန်မကျေးဇူးလည်းတင်ပါတယ်”ဟု လူနာစောင့်တစ်ဦးက ပြောသည်။

“ပြည်သူ့ဆေးရုံကြီးကို သွားတယ်။ ဟိုရောက်တော့ ခွဲမွေးရမယ်လို့ပြောတယ်။ အဲ့ဒီတော့ သူတို့ချိန်းတဲ့ Date ကို သွားတယ်။ သွားတော့ ပြည်သူ့ဆေးရုံကြီးက လက်မခံဘူးတဲ့။ ဆေးရုံပိတ်ထားလိုက်တယ်တဲ့ ဆရာဝန်၊ ဆရာမတွေက။ သမီးတို့ ပြည်သူလူထုက ဘယ်သွားလို့ သွားရမှန်းမသိဘူး။ မသိတဲ့အခါကျတော့ တချို့ကလည်း TV မှာ တွေ့တယ်ပေါ့နော်။ တပ်မတော်ဆေးရုံမှာ အကုန်လုံးကုသပေးတယ်လို့ ပြောတယ်။ ဆရာဝန်လက်မှတ်နဲ့ သွားချင်တယ်ဆိုရင်တဲ့ တပ်မတော်ဆေးရုံတော့ ရှိတယ်တဲ့။ အဲ့ဒီကိုသွားတဲ့။ OG ကပြောတယ်။ အဲ့လိုမှမဟုတ်ရင် သူ့ဆီမှာမွေးတဲ့။ ရှစ်သိန်း၊ ကိုးသိန်းကျမယ်တဲ့။ ကျွန်မတို့လို ပိုက်ဆံမရှိတဲ့ တောင်သူလယ်သမားတွေက ဘယ်က ပိုက်ဆံနဲ့ သွားမွေးရမှာလဲ။ အသေခံရတော့မလိုဖြစ်တာပေါ့။ အဲ့ဒီတော့ ဟိုလူကလည်းပြော၊ ဒီလူကလည်းပြောဆိုတော့ သူတို့ကလည်းသွားချင်ရင် တပ်မတော်ဆေးရုံသွားဆိုတော့ ကျွန်မက ဒီကိုလာခဲ့ရတာပါ။ ဒီကိုလာတော့ ရောက်ရောက်ချင်းပဲ ဆရာဝန်၊ ဆရာမတွေကလည်း နွေးနွေးထွေးထွေး ကြည့်ပေးပါတယ်။ ပျော်သွားတယ်။ အားလည်းရှိပါတယ်။ အစကဆို ဘယ်လိုသွားရမလဲ မသိဘူး။ ကျွန်မ တစ်ခါမှလည်း ဒီကိုမရောက်ဖူးဘူး။ ပုသိမ်ဆိုတာ ဘာမှန်းတောင်မသိဘူး။ ကျွန်မတို့က မြောင်းမြမြို့နယ်ဆိုပေမယ့် တောကျတဲ့ နေရာက လာရတာ။ သမီးကတော့ အတိုင်းမသိ ဝမ်းသာတယ်။ ဒီလိုမျိုး ဒုက္ခရောက်နေတဲ့ အချိန်မှာ သမီးကို နွေးနွေးထွေးထွေးနဲ့ ကြည့်ပေးတယ်။ ဆရာဝန်၊ ဆရာမတွေကလည်း သမီးတို့ကို အားပေးတော့ ပြောမပြတတ်အောင် ဝမ်းသာပါတယ်” ဟု မီးဖွားလူနာတစ်ဦးက ပြောသည်။