တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဒေသခံပြည်သူ လူနာများအား တပ်မတော် ဆေးရုံများ၌ ဆက်လက် လက်ခံကုသ

နေပြည်တော်  ဧပြီ  ၂၁

တိုင်းဒေသကြီးနှင့်  ပြည်နယ်များရှိ တိုင်းရင်းသား ပြည်သူများအတွက် တပ်မတော် ဆေးရုံများနှင့် ယာယီကုသရေး ဆေးရုံများတွင် ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ၁၅၂၁၆၃ ဦး၊ အတွင်းလူနာ   ၄ဝ၃၄    ဦးကို  ကုသပေးနိုင်ခဲ့ပြီး ၎င်းလူနာများအနက် အကြီးစား ခွဲစိတ်ကုသရန် လိုအပ်သူ    ၇၁၂၆    ဦး၊ အသေးစား ခွဲစိတ်ကုသရန် လိုအပ်သူ ၃၆၇၈ ဦး၊ စုစုပေါင်း ၁ဝ၈ဝ၄ ဦးတို့ကို ခွဲစိတ် ကုသပေးနိုင်ခဲ့သည့်အပြင် စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့်  အထူးကြပ်မတ်ကုသ ပေးလျက်ရှိသည်။ ၎င်းအပြင် ကလေးမီးဖွားလူနာ ၃၇၄၉ ဦးကို ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ကာ ၅၈၅၃ ဦးကို သာမန်မွေးဖွားပေးနိုင်ခဲ့ခြင်းကြောင့်  ယနေ့အထိ ကလေးငယ် ၉၆ဝ၂ ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့သည်။

တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအား ထိရောက်စွာ  ဆောင်ရွက်နိုင်ရန်အတွက် ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ကျန်းမာရေး စစ်ဆေးပေးခြင်း၊  ခွဲစိတ်ရန် လိုအပ်သည့်လူနာများအား ခွဲစိတ်ပေးခြင်း၊ ဆေးရုံတက်ရောက်ကုသရန် လိုအပ်သော လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများ ဆောင်ရွက်ပေးသည့်အပြင် ဆေးရုံတက်လူနာများနှင့်လူနာစောင့်များ နေထိုင်စားသောက်ရေး အဆင်ပြေစေရန် အတွက်ကိုပါ စီမံဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းစစ်ဌာနချုပ် အသီးသီးရှိ တိုင်းမှူးများနှင့် တာဝန် ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။