တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြည်တွင်းလေကြောင်း ခရီးသွားပြည်သူများ အဆင်ပြေ ချောမွေ့စွာ ခရီးသွားလာနိုင်ရေးအတွက် တပ်မတော် ဆေးတပ်ဖွဲ့ဝင်များက COVID-19 ရောဂါနှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်စစ်ဆေးမှုများ ဆောင်ရွက်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၇

   ပြည်တွင်းလေကြောင်း ခရီးသွားပြည်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ COVID-19 ရောဂါ သတ်မှတ်ချက်များ အတိုင်း ကျန်းမာရေး စစ်ဆေးခြင်း၊ ထိန်းချုပ်ကြပ်မတ် ဆောင်ရွက်ခြင်းများနှင့် ပတ်သက်၍ နေ့စဉ်စစ်ဆေးပေးခြင်း၊ ဆေးစစ်ချက် ထောက်ခံချက် ထုတ်ပေးခြင်းနှင့် ကုသပေးခြင်း များကို ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေး ဝန်ထမ်းများ အနေဖြင့် လုပ်ငန်းတာဝန်များ လာရောက် ထမ်းဆောင်မှု မရှိတော့သဖြင့် တပ်မတော် ဆေးတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ ၁ဝ ရက်မှစ၍ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပူးပေါင်းပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက် ရှိသည်။

    ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ထားဝယ်မြို့မှ ရန်ကုန်မြို့သို့ လေယာဉ်ဖြင့် ခရီးသွားရောက်မည့် ဒေသခံ တိုင်းရင်းသားပြည်သူ အမျိုးသား ၃ဝ ဦး၊ အမျိုးသမီး ၆ဝ ဦးတို့ကို ထားဝယ်တပ်နယ်မှ ဆေးအဖွဲ့က နယ်မြေခံတပ်နယ်ခန်းမ၌ COVID-19 Antigen Rapid Diagnostic Test(RDT)  ဖြင့် ကျန်းမာရေး စစ်ဆေးမှုများကို ဆောင်ရွက်ပေးပြီး လိုအပ်သည်များ စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။