တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ

တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ

နေပြည်တော်၊ စက်တင်ဘာ - ၂၉

 ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိက အခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်း တစ်ရပ်ဖြစ်သောကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးတို့၌ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေး ခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက်(၅၅)နှစ် အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါ အခံရှိသူများ၊ ကယ်ဆယ်ရေး စခန်းများနှင့် ယာယီတိုက်ပွဲရှောင် စခန်းများတွင်ရှိ ပြည်သူများစသည့် ဦးတည်အုပ်စု (၁၆)စု သတ်မှတ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို နေ့စဉ်ထိုးနှံပေး လျက်ရှိသည်။ ယနေ့တွင်လည်း ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ မြို့နယ်(၃) မြို့နယ်တို့၌ ၁၃၈၉ ဦး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ မိုင်းထလန်း ကျေးရွာရှိ ဒေသခံ‘ဝ’တိုင်းရင်းသား ၂၉၂၀ ဦး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် အတွင်းရှိ မြို့နယ်(၁၁)မြို့နယ်တို့၌ ၁၀၈၅၀ ဦး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပလောက်မြို့နယ်၌ ၄၃၃ ဦး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၆)မြို့နယ် တို့၌ ၆၁၅၁ ဦး၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၁၄)မြို့နယ်တို့၌ ၈၅၅၀ ဦး၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ ကယ်ဆယ်ရေး စခန်းများမှ ဘင်္ဂါလီ ၃၅၇ ဦး၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်(၆)မြို့နယ်တို့၌ ၆၂၈၄ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၌ ၂၂ ဦးနှင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင်(၇)ခရိုင်အတွင်း၌ ၁၂၈၂၀ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက် ပေးနိုင်ခဲ့သည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြကြောင်း သတင်းရရှိသည်။