တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ သံဃာတော်များအား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း ပွဲများပြုလုပ်
နေပြည်တော်၊ ဇူလိုင် - ၁၆
ဝါဆိုလသည် ဗုဒ္ဓဘာသာဝင်များအတွက် ထူးခြားသောလဖြစ်ပြီး အလှူဒါန ကုသိုလ်တရားများဖြင့်လည်း ပြည့်နှက်နေသကဲ့သို့ နိဗ္ဗာန်အထိရောက်အောင် ပို့ဆောင် ပေးနိုင်သော တရားထူးဦးတရားမြတ်ပေါ်ထွက်ရာ လလည်းဖြစ်သည်။ ဗုဒ္ဓဘာသာဝင် များအနေဖြင့်လည်း ဘုရားသာသနာတော်ကို တည်ထောင်၍ သာသနာတော်၏ အထောက်အပံ့ဖြစ်သော မြတ်စွာဘုရားရှင်၏ တရားတော်များ၊ အဆုံးအမများနှင့် ဓမ္မ စာပေများကို လေ့လာဆည်းပူး ခံယူတော်မူလျက်ရှိသည့် ဘုရားအမှူးပြုသော သံဃာ တော်များ၊ ရှင်သာမဏေများအား ဝါဆိုသင်္ကန်းများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခြင်းစသည့် ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြသည်။
ထိုသို့ ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ကြရာ ယနေ့တွင် ကချင်ပြည်နယ်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲကို မြစ်ကြီးနားမြို့၊ ခေမာသီဝံကျောင်းတိုက်၌ လည်းကောင်း၊ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းကို တိုင်းစစ်ဌာနချုပ်၊ ပြည်ငြိမ်း အေးခန်းမ၌ လည်းကောင်း၊ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ပုပ္ဖဝတီကျေးရွာရှိ ကျိုက်ဒေ တမော့ဗရိတ်ကျောင်း၌လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကလိန်အောင်မြို့ရှိ အောင်သီရိဘုရားကုန်းကျောင်းတိုက်၌ လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းကို တိုင်းစစ်ဌာနချုပ်၊ ရန်အောင်မြင်ခန်းမ၌ လည်းကောင်း အသီးသီးကျင်းပပြုလုပ်ကြရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စေတနာရှင်အလှူရှင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ က သံဃာတော်များအား ဝါဆိုသင်္ကန်း၊ အလှူငွေများနှင့် လှူဖွယ်ပစ္စည်းများ အသီးသီး ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်ကာ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုကြ သည်။
ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းမှူးများနှင့် တက်ရောက်လာ ကြသူများက သံဃာတော်များထံမှ အနုမောဒနာတရားနာယူကြပြီး နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။