နေပြည်တော် ဇွန် ၄
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့ရှိ ဘုရား၊ စေတီပုထိုးများ၊ ဘာသာရေး ကျောင်းများအား COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပြန်လည်ဖွင့်လှစ် ထားရှိရာ ယနေ့တွင်လည်း ဗုဒ္ဓဘာသာ ဘုရား၊ စေတီ၊ ကျောင်းကန်များ၊ ဟိန္ဒူ၊ ခရစ်ယာန်နှင့် အစ္စလာမ်ဘာသာဝင်များ၏ ဘာသာအလိုက် ဘာသာရေးကျောင်းများ၊ ဝတ်ပြုကျောင်းများတွင် သက်ဆိုင်ရာ ဘာသာဝင်များက လာရောက်၍ စိတ်အေးချမ်းသာစွာ ဝတ်ပြုဆုတောင်းမှုများ ဆောင်ရွက်လျက်ရှိကြသည်။
ထို့ပြင် နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့ကြီးတို့ အပါအဝင် အခြားမြို့ကြီးများတွင် ပန်းခြံများ၊ ကစားကွင်းများနှင့် ပြတိုက်များကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ် ထားရှိရာ လာရောက်လေ့လာ အပန်းဖြေသူများဖြင့် စည်ကားလျက် ရှိသည့်အပြင် ဈေးများ၊ ဘဏ်များ၊ ဆေးရုံများ၊ လေကြောင်းခရီးစဉ်များ၊ မီးရထားခရီးစဉ်များ၊ ရေကြောင်းခရီးစဉ်များ၊ မော်တော်ယာဉ်လိုင်းများကို တည်ငြိမ် အေးချမ်းစွာဖြင့် ပုံမှန်အတိုင်း ဖွင့်လှစ်ပြေးဆွဲလျက် ရှိကြောင်း သတင်းရရှိသည်။