အယ်ဒီတာ့အာဘော်
(၂ဝ၂၁ ခုနှစ်၊ မေ ၇ ရက်)
လောကတွင် လူအမျိုးမျိုး စိတ်အထွေထွေဟူသော စကားရပ်ရှိသည်။ လူတစ်ဦးနှင့်တစ်ဦး ပုံပန်းသဏ္ဌာန်ချင်း မတူကြသလို စိတ်သဘောထားချင်း မတူကြသည်ကို ဆိုလိုရင်းဖြစ်သည်။ သို့သော် တိုင်းပြည်တစ်ပြည်အတွင်း နေထိုင်ကြသူ အပေါင်းတို့မှာ ရုပ်ရည်ချင်းမတူညီသော်လည်း စိတ်သဘောချင်း တူညီရမည့် အရာတစ်ခုရှိသည်။ အားလုံးစုပေါင်းနေထိုင်ပြီး တစ်စိတ်တည်း ထားရမည့်အရာမှာ တိုင်းပြည်နှင့် လူမျိုးကို ချစ်သည့်စိတ်ဖြစ်သည်။ မိမိတိုင်းပြည်ကိုမှ မချစ်သူသည် ဘာကိုမျှချစ်လိမ့်မည် မဟုတ်ဟု နိုင်ငံရေး ကျွမ်းကျင်သူတို့က ဖွင့်ဆိုထားသည်။
တိုင်းပြည်ကိုချစ်သည့်စိတ် ဆိုသည်မှာ အဓိပ္ပာယ်ဖွင့်ဆိုလျှင် ဖွင့်ဆိုသလောက် ကျယ်ဝန်းလှပါသည်။ အနီးစပ်ဆုံး ဥပမာတစ်ခုပေးရလျှင် မိမိသည် ဘေးအန္တရာယ်နှင့်ကြုံလာလျှင် မည်သည့်နည်းနှင့်မဆို ဘေးအန္တရာယ်မှ ရုန်းထွက်နိုင်အောင်ကြိုးစားပြီး မိမိကိုယ်ကိုမိမိ ကာကွယ်မည်သာဖြစ်သည်။ ဤနည်းအတိုင်းပင် မိမိတိုင်းပြည်နှင့် လူမျိုးကိုထိပါး ပုတ်ခတ်စော်ကားလာလျှင် ကာကွယ်မည်ဟူသော စိတ်ထားသည် တိုင်းပြည်နှင့် လူမျိုးကိုချစ်သည့်စိတ်ဖြစ်သည်။ နိုင်ငံသားတိုင်းတွင် ဤစိတ်ဓာတ်မျိုး ရှိနေရမည်ဖြစ်သည်။
ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံ၊ မည်သည့်နိုင်ငံသားမဆို မိမိတိုင်းပြည် မိမိလူမျိုးတို့ကို ချစ်ကြသည်ချည်းဖြစ်သည်။ မိမိတိုင်းပြည်အကျိုးနှင့် နိုင်ငံတကာအကျိုး ယှဉ်လာလျှင် မည်သည့်နိုင်ငံကမျှ နိုင်ငံတကာ အကျိုးကို ဦးစားပေးမည်မဟုတ်ပါ။ ဦးစားပေးသော နိုင်ငံ့ခေါင်းဆောင်နှင့် ဦးစားပေးခဲ့သော နိုင်ငံဟူ၍ မတွေ့ဘူးသေးသော်လည်း မြန်မာနိုင်ငံတွင် ၂ဝ၁၅ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အထိ တာဝန်ယူခဲ့သော အစိုးရလက်ထက်တွင် ထင်ထင်ရှားရှား တွေ့မြင်ခဲ့ရသည်။ ပြည်ပငွေကြေး အထောက်အပံ့များယူ၍ ပြည်ပက ဖြစ်စေချင်သည့်အတိုင်း လုပ်ဆောင်ပေးခဲ့သည်။ ပြည်ပအကြံပေး ၉၂ ဦးခန့်ထား အုပ်ချုပ်ခဲ့ခြင်းသည် မိမိနိုင်ငံ၏ အချုပ်အခြာအား ပြည်ပစွက်ဖက်ရန် အခွင့်အရေးပေးလိုက်ခြင်းဖြစ်သည်။
သာမန်ပြည်သူများ အနေဖြင့် NLD အစိုးရသည် မိမိတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်များဖြင့် တိုင်းပြည် အတွက် လုပ်ဆောင်နေသည်ဟုသာ ထင်မြင်ကြသည်။ ထိုသို့ထင်မြင်မိနေစေရန် အတွက် ပြည်ပအကြံပေး ၉၂ ဦး ခန့်အပ်ထားမှုကို ပြည်သူများမသိအောင် လျှို့ဝှက်ထားခဲ့သည်။ ထိုပြည်ပအကြံပေးများ လက်ချက်ကြောင့်ပင် မြန်မာနိုင်ငံ၏သတင်းများသည် နိုင်ငံတကာက အချိန်နှင့်တစ်ပြေးညီ သိရှိနေသည်။ မြန်မာအစိုးရ ဘာလုပ်တော့မည်၊ ပြည်ပကဘယ်လို အကူအညီပေးရမည်ဟူသော အစီအစဉ် ချမှတ်ထားပြီးဖြစ်သည်။ အနီးကပ်ဆုံး ဥပမာပြရလျှင် ဦးလှသိန်း ဦးဆောင်ခဲ့သော UEC ၏လုပ်ရပ်များကို လေ့လာလျှင် ထင်ရှားစွာမြင်တွေ့နိုင်သည်။
ကွန်ပျူတာများ၊ နည်းပညာများ၊ ငွေကြေးများ ထောက်ပံ့မှုမှတစ်ဆင့် မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ မဲပေးသူတို့၏ ကိုယ်ရေးအကျဉ်းကို ပြည်ပနိုင်ငံအချို့က ရရှိသွားသည်။
ထို့ထက်ပို၍ ထင်ရှားသော အချက်ကိုပြပါဦးမည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစည်းအဝေး (၅/၂ဝ၂၁)ကို ၂ဝ၂၁ ခုနှစ် မတ်လ ၈ ရက်က ကျင်းပခဲ့သည်။ ထိုအစည်းအဝေးတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် ''ပြီးခဲ့သည့်အစိုးရ၏ ပြည်ပစီးပွားရေး အကြံပေးဖြစ်သူ SEAN TURNELL မှာ မြန်မာနိုင်ငံမှ တိမ်းရှောင်ရန် ဆောင်ရွက်နေမှုကို အချိန်မီတားဆီးနိုင်ခဲ့ပြီး ၎င်းထံ၌ တိုင်းပြည်၏ လျှို့ဝှက်အဆင့်ရှိ စီးပွားရေးလုပ်ငန်းဆိုင်ရာ အချက်အလက်များကို စစ်ဆေးတွေ့ရှိရကြောင်း၊ ၎င်းနှင့်ဆက်စပ်၍ ပြည်ထောင်စုအစိုးရအဆင့် တာဝန်ရှိသူများကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း၊ ယခင်အစိုးရအဖွဲ့မှ ပြည်ထောင်စု ဝန်ကြီးအချို့သည် ငွေကြေးသုံးစွဲမှုများတွင် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့် မညီညွတ်ဘဲ သုံးစွဲထားသည်ကို တွေ့ရသည့်အတွက် လာရောက်ရှင်းလင်းရန် ခေါ်ယူချိန်တွင် ထွက်ပြေးတိမ်းရှောင်နေကြကြောင်း၊ ယင်းမှာ ၎င်းတို့၏လုပ်ရပ် မမှန်ကန်၍ဖြစ်ကြောင်း'' ဟူ၍ ထည့်သွင်းပြောကြားခဲ့သည်။
ပြည်ပအကြံပေးများကို ခန့်ထားခြင်းဖြင့် မိမိတို့နိုင်ငံ ရရှိလိုက်သည်မှာ ဆိုးကျိုးများသာဖြစ်သည်။ ထိုအစိုးရလက်ထက် ဖျက်ဆီးလိုက်သော နိုင်ငံတော်လုံခြုံရေးအတွက် အရေးကြီးသော ဥပဒေများကိုကြည့်လျှင် ဧည့်စာရင်းဥပဒေ၊ နယ်ခြားစောင့် စစ်ဆေးရေးဥပဒေ၊ နောက်ယောင်ခံ စောင့်ကြည့်ရေးဥပဒေ၊ အရေးပေါ် စီမံမှုဥပဒေ၊ နိုင်ငံတော်ကို နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်ရေး ဥပဒေ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့်ဥပဒေ၊ အမျိုးဇာတ်ပျက်ယွင်းခြင်းမှ ဖယ်ရှားသည့်ဥပဒေကို ပြင်ဆင်သည့် ဥပဒေတို့အပြင် ကလေးသူငယ် မွေးစားခွင့်နှင့် ရွှေ့ပြောင်းသွားလာမှုကို သဘောတူခြင်း ဥပဒေတို့ဖြစ်သည်။ ဤသည်ကို အနှစ်ချုပ်လျှင် တိုင်းပြည်နှင့် လူမျိုးကိုချစ်သည့်စိတ် လုံးဝမရှိခဲ့သည်မှာ ထင်ရှားလှပါကြောင်း ရေးသားလိုက်ရပေသည်။ ။