တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများထံမှ စစ်အခြေခံနှင့် ဖောက်ခွဲရေး သင်တန်း တက်ရောက်ခဲ့သူများအား ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန် - ၉ 
    
နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားထိခိုက်စေရန် ရည်ရွယ်၍ လူငယ်များအား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံတွင် အကြမ်းဖက်သင်တန်းများ တက်ရောက်စေပြီး အများပြည်သူလူထု သွားလာလှုပ်ရှားလျက်ရှိသည့် နေရာများကို မိုင်းထောင်တိုက်ခိုက်ခြင်း၊ ကလေးသူငယ်များ၏ ပညာရေးကို ထိခိုက်စေရန် စာသင်ကျောင်းများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်တိုက်ခိုက်ခြင်းများကို လူသားချင်းစာနာ ထောက်ထားမှုမရှိဘဲ လုပ်ဆောင်လျက်ရှိသည်။
    
ထိုသို့လုပ်ဆောင်လျက်ရှိမှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီး ထိန်းသိမ်းနိုင်ရေးဆောင်ရွက်လျက်ရှိရာ ဇွန်လ ၈ ရက်တွင် ရန်ကင်းမြို့နယ်၊ (၁၄)ရပ်ကွက်၊ မိုးကောင်း လမ်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများထံမှ ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့သူ လူချော(၃၅)နှစ်၊ ကျော်နိုင်ဦး(၁၉)နှစ်နှင့် ဇွဲပြည့်မောင်(၁၇) နှစ်တို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ စစ်ဆေးဖမ်းဆီးရမိခဲ့သည်။
    
လူချော ၏ ထွက်ဆိုချက်အရ ၎င်းသည် ကျုံပျော်မြို့နယ်၊ မိုးမခကျေးရွာ၊ မူလတန်းလွန်ကျောင်းမှ  အလယ်တန်းပြဆရာ CDM ပြုလုပ်နေသူ ၁ ဦးဖြစ်ပြီး NLD ပါတီဝင် ဇော်မျိုးအောင် က ဦးစီး၍ ပြုလုပ်သော ကျုံပျော်မြို့နယ် ဆန္ဒပြပွဲများတွင် နေမျိုးထွန်း (ဖက်ကြီးကုန်းကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၊ ကျောင်းအုပ်-CDM)၊ စိုးမိုးအောင်(ဒိုက်ပြတ်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၊ အထက်တန်းပြ-CDM)၊ စည်သူအောင် (မိကျောင်းအိုက်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၊ အလယ်တန်းပြ-CDM)တို့နှင့်အတူ ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ကာ မတ် ၁၂ ရက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများထံ၌ ဖောက်ခွဲရေးသင်တန်း တက်ရောက် ရန် ၎င်းတို့ ၄ ဦးအား ဇော်မျိုးအောင် မှ PROBOX  အဖြူရောင်ယာဉ်ဖြင့် ကျုံပျော်မြို့မှ ရန်ကုန်မြို့သို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ၎င်းနောက် ရန်ကုန်မြို့မှ တောင်ငူမြို့သို့ စေတမာန်ယာဉ်လိုင်းဖြင့် လိုက်ပါခဲ့ကြောင်း၊ မတ် ၁၃ ရက်တွင် တောင်ငူမြို့မှ ဇရပ်ကြီးသို့ ထွက်ခွာခဲ့ပြီး ဇရပ်ကြီးတွင် စောအယ်ဗွီးမှ စောင့်ကြို၍ ဆိုင်ကယ်များဖြင့် သင်တန်းတက်ရောက်မည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနယ်မြေသို့ ရောက်ရှိခဲ့ ကြောင်း သိရှိရသည်။
    
မတ် ၁၄ ရက်မှ ၁၆ ရက်အထိဖွင့်လှစ်သော ဖောက်ခွဲရေးသင်တန်း အမှတ်စဉ်(၁)အား ဖွင့်လှစ်ခဲ့ရာ၌ ၎င်းတို့ ပါဝင်တက်‌ရောက်ခဲ့ပြီး သင်တန်းတွင် လက်နက်ငယ်ဖြုတ်/တပ်ခြင်း၊ လက်လုပ်ဗုံး/မိုင်းဖောက်ခွဲခြင်း သင်ခန်းစာ များအား လက်တွေ့သင်ကြားပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ သင်တန်းဆင်း ပြီးနောက် လူချောမှာ နေရပ်သို့မပြန်ဘဲ စခန်း၌သာ ဆက်လက်နေထိုင်ခဲ့ကြောင်း၊ ၎င်းနေရာ၌ အမှတ်စဉ်(၂)အား မေ ၁ ရက် မှ ၁၀ ရက်အထိ ထပ်မံဖွင့်လှစ်နေကြောင်း သိရှိရသည်။
    
ဖမ်းဆီးရမိ တရားခံ ကျော်နိုင်ဦး နှင့် ဇွဲပြည့်မောင်တို့၏ ထွက်ဆိုချက်အရ ၎င်းတို့ ၂ ဦးသည် မေ ၁ ရက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနယ်မြေ တွင် ဖွင့်လှစ်သော ဖောက်ခွဲရေးသင်တန်းသို့ ရန်ကုန်မြို့မှ တောင်ငူမြို့သို့ စေတမာန် ယာဉ်လိုင်းဖြင့် သွားရောက်ခဲ့ပြီး ၎င်းမှ ဇရပ်ကြီးသို့ ဆက်လက်ထွက်ခွာခဲ့ကြောင်း၊ ဇရပ်ကြီးတွင် CDM ပြုလုပ်၍ ၅၀၅-က ထုတ်ပြန်ထားရှိသော NLD ပါတီ အားပေး ထောက်ခံသူ ရှေ့နေ ဦးယုယချစ် (သင်တန်းတက်ရောက်လိုသူများအား ချိတ်ဆက် ပို့ဆောင်ပေးသူ)က ဆိုင်ကယ် ၂ စီးဖြင့် လာရောက်ကြိုခဲ့ပြီး မုန်းမြို့-မဲဘုတ်-ကြောင်ပြာ ကျေးရွာ လမ်းအတိုင်း သင်တန်း ဖွင့်လှစ်မည့် နေရာသို့ရောက်ရှိခဲ့ကြောင်း၊ မေ ၂ ရက်မှ ၁၇ ရက်အထိ သင်တန်းသား စုံလင်မှုမရှိသဖြင့်  စောင့်ဆိုင်းခဲ့ပြီး မေ ၁၈ ရက်မှ ၂၁ ရက်အထိ ဖွင့်လှစ်သည့် အမှတ်စဉ်(၃)အား တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
    
မေလ ၂၆ ရက်တွင်  လူချော၊ ကျော်နိုင်ဦး၊ ဇွဲပြည့်မောင်နှင့် အခြားသူ ၃ ဦး တို့သည် သင်တန်းမှ မုန်း-ဇရပ်ကြီး-တောင်ငူ လမ်းကြောင်းအတိုင်း ခရီးသည်တင် ယာဉ်ဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရှိရသည်။
    
ဇွဲပြည့်မောင် ၏ ထွက်ဆိုချက်အရ ၎င်းသည် စမ်းချောင်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း ခြံစည်းရိုးအနီး ပေါက်ကွဲမှုဖြစ်စဉ်နှင့် ရန်ကုန်-အင်းစိန် လမ်းမကြီး ဘူတာရုံလမ်းမှတ်တိုင်အနီး ပေါက်ကွဲမှုဖြစ်စဉ်တို့၌ ပါဝင်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
    
သို့ဖြစ်ပါ၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားအောင် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ခဲ့သည့် တရားခံ ၃ ဦး အား ကြိုတင်ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့အား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆက်စပ်တရားခံများအား ဖော်ထုတ် ဖမ်းဆီးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။