ရန်ကုန်၊ MMA
ချင်းတိုင်းရင်းသား တီရယ်ထန်ပါဝင်ယှဉ်ပြိုင်မည့် ONE Championship MMA ပြိုင်ပွဲကို ပြည်တွင်း ရုပ်သံလိုင်း ဖြစ်သည့် Skynet Sport ရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။
Unbreakable 3 အမည်ဖြင့် ကျင်းပမည့် MMA ပြိုင်ပွဲကို ဖေဖော်ဝါရီ ၅ ရက်တွင် စင်ကာပူနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး တွဲဆိုင်းခြောက်ဆိုင်း ယှဉ်ပြိုင်မည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် တီရယ်ထန်သည် အင်ဒိုနီးရှား ဖိုက်တာ ပေါလ်လူမီဟီနှင့် ဘင်တန်ဝိတ်တန်းစိန်ခေါ်ပွဲအဖြစ် ယှဉ်ပြိုင်မည်ဖြစ်သည်။
တီရယ်ထန်သည် ပြိုင်ပွဲမတိုင်မီကြိုတင်၍ စင်ကာပူနိုင်ငံသို့ရောက်ရှိနေပြီး မြန်မာ MMA ကစားသမား အောင်လအန်ဆန်က လေ့ကျင့်ပြင်ဆင်မှုများ၌ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ တီရယ်ထန်သည် အမေရိကန်နိုင်ငံ၌ နေထိုင်သူဖြစ်ပြီး အောင်လအန်ဆန်နှင့်အတူ အမေရိကန်နိုင်ငံရှိ Sanford MMA စင်တာ၌ လေ့ကျင့်နေသူဖြစ်သည်။
တီရယ်ထန်သည် ၂၀၁၄ ခုနှစ်က စတင်ကာ အမေရိကန်နိုင်ငံ ဒေသတွင်း MMA ပြိုင်ပွဲများယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းက ONE Championship နှင့် စာချုပ်ချုပ်ဆိုကာ စတင်လက်တွဲခဲ့ရာ လက်တွဲပြီး နောက်နှစ်ပွဲသာ ယှဉ်ပြိုင်ရသေးသည်။
ထို့ကြောင့် ယခုပြိုင်ပွဲသည် တီရယ်ထန်အတွက် ONE Championship နှင့်လက်တွဲ၍ တတိယမြောက် MMA ပြိုင်ပွဲဖြစ်သည်။ တီရယ်ထန်သည် ONE Championship နှင့်လက်တွဲပြီးနောက် ပထမဆုံးပွဲအဖြစ် ၂၀၁၉ ခုနှစ် မတ်လက ရန်ကုန်မြို့၌ ကျင်းပသည့်ပြိုင်ပွဲတွင် ကမ္ဘောဒီးယားနိုင်ငံသား ဆာရော့ကို အနိုင်ရပြီး ဒုတိယပွဲအဖြစ် ဒီဇင်ဘာလတွင် မလေးရှားနိုင်ငံ၌ ကျင်းပသည့်ပွဲစဉ်တွင် တောင်ကိုရီးယားနိုင်ငံသား ကင်ဝန်ကွမ်ကို အနိုင်ရရှိခဲ့သည်။
ကိုရဲ