နေပြည်တော်၊ ဧပြီ - ၃၀
တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်အချို့၌ လက်နက် ကိုင်ဆောင်လိုခြင်း မရှိဘဲ အေးချမ်းစွာ နေထိုင်လိုသည့် ပြည်သူလူထုအများစုမှ ၎င်းတို့၏ သဘောဆန္ဒများ အလျောက် ၎င်းတို့ထံတွင်ရှိသော တူမီးသေနတ်များ၊ လက်လုပ်သေနတ်၊ ဒူးလေးနှင့် ဂျင်ကလိများအား အုပ်ချုပ်ရေးတာဝန်ရှိသူများမှ တစ်ဆင့်လုံခြုံရေး တပ်ဖွဲ့ဝင်များ ထံလာရောက် အပ်နှံခဲ့ကြောင်းသိရသည်။
ထို့သို့အပ်နှံရာတွင် ဧပြီလ ၂၉ ရက်နှင့် ယနေ့တို့တွင် တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့နယ်၊ ထားဝယ်မြို့နယ်နှင့် မေတ္တာမြို့များအတွင်းရှိ ကျေးရွာများမှ တူမီးသေနတ် ၂၅ လက်၊ လက်လုပ် သေနတ် ၂ လက်အား လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်အတွင်းရှိ ကျေးရွာများမှ လက်လုပ်သေနတ် ၃ လက်အားလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်နှင့် ဗန်းမောက်မြို့နယ်များ အတွင်းရှိ ကျေးရွာများမှ တူမီးသေနတ် ၆၄ လက်၊ လက်လုပ်သေနတ် ၁၅ လက်အား လည်းကောင်း၊ မကွေးတိုင်း ဒေသကြီး၊ အောင်လံမြို့နယ်နှင့် သရက်မြို့နယ်များအတွင်းရှိ ကျေးရွာများမှ လက်လုပ် သေနတ် ၂၅ လက်အားလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်း မြို့နယ်အတွင်းရှိ ကျေးရွာများမှ လက်လုပ်သေနတ် ၄၅ လက်အား လည်းကောင်း၊ ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများမှ တစ်ဆင့် လုံခြုံရေး တပ်ဖွဲ့ဝင်များထံသို့ လာရောက် အပ်နှံခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ လက်နက်ကိုင်ဆောင်လိုခြင်း မရှိသည့် ပြည်သူလူထုမှ လာရောက် အပ်နှံသော လေသေနတ်၊ တူမီးသေနတ်၊ လက်လုပ်သေနတ်နှင့် ဂျင်ကလိများအား လုံခြုံရေး တပ်ဖွဲ့ဝင်များက လက်ခံရယူခဲ့ပြီး စနစ်တကျ သိမ်းဆည်း ထားရှိကြောင်း သတင်းရရှိသည်။