တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ တပ်မတော်သားမိသားစုဝင် သား/သမီးများအတွက် နွေရာသီသင်တန်းများ ဖွင့်လှစ်

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ တပ်မတော်သားမိသားစုဝင် သား/သမီးများအတွက် နွေရာသီသင်တန်းများ ဖွင့်လှစ်

 
နေပြည်တော်၊ ဧပြီ -၂၅

 
တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ တပ်မတော်သားမိသားစုဝင်များ၏ သား/သမီး များအတွက် ဖွင့်လှစ်သည့် နွေရာသီကွန်ပျူတာအခြေခံသင်တန်း၊ အင်္ဂလိပ်စကားပြော အခြေခံ/အဆင့်မြင့်သင်တန်း၊ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းနှင့် မြန်မာ့သိုင်း အခြေခံသင်တန်းများ ဖွင့်ပွဲကို ယနေ့တွင် တိုင်းစစ်ဌာနချုပ်၊ အေးချမ်းဖြိုးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက သင်တန်းဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
အဆိုပါသင်တန်းများတွင် အင်္ဂလိပ်စကားပြောသင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၆၀ ဦး၊ ကွန်ပျူတာအခြေခံသင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၄၀ ဦး၊ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၁၉၀ ဦးနှင့် မြန်မာ့သိုင်းအခြေခံသင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၈၀ ဦးတို့ဖြင့် မေ ၂၀ ရက် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။