တော်သလင်းလနှင့် ငါးပါးသီလမြတ်ဓမ္မ
တော်သလင်းဟူသောအမည်ကိုဖွင့်ဆိုရာတွင် တော်သည် ကောင်းကင်ဟုအဓိပ္ပာယ်ရ၍ သလင်းသည် သာယာထွန်းလင်းသည်ဟု အဓိပ္ပာယ်ရသည့်အတွက် တော်သလင်းသည် ကောင်းကင်သာယာ ထွန်းလင်းပွင့်လင်းသောလဟု ဖွင့်ဆိုထားသည်။ တော်သလင်းကို ရှေးကသစ်ဆင်းလဟုလည်းတွေ့ရပါသည်။
“ပျော်မှုစံခင်း၊ တော်သလင်းတုံ၊ သစ်ဆင်းအခါ၊ ပျော်ဖွယ်သာတည့်” ဟူသောအရေးအဖွဲ့မျိုးကိုတွေ့ရသည်။ ကန်ရာသီချိန်တွင်းမို့ ရွှေရင်းတဲ့မာငုံဟု ဖိုးသူတော်ဦးမင်းရေးဖွဲ့သည့်အတိုင်း တော်သလင်းလမှာကန်ရာသီဖြစ်သည်။ ထိုလတွင်တောက်ပသော ကြယ်စု သည် လက်တစ်ဖက်ကား ကောက်ဆုပ်၊ လက်တစ်ဖက်တွင်ကား ဆီမီးကိုင်လျက် လှေစီးသောမိန်းမငယ် သဏ္ဌာန်ရှိကြောင်း မှတ်သားရသည်။
တော်သလင်းလ၏ရာသီပန်းမှာ ရင်းမာပန်းဖြစ်သည်။ အခက်လိုက်ရွက်တံထွက်၍ တော်သလင်းလတွင် ပွင့်ခိုင်များပွင့်သော သစ်မာ ပင်ကြီးဟူ၍ မြန်မာအဘိဓာန်မှာဖွင့်ဆိုသည်။ ပန်းပွင့်မှာနံ့သာရောင်ဖြစ်၍ အခိုင်လိုက်ပွင့်သောရင်းမာလည်းရှိသည်။ အပွင့်စိမ်းလဲ့လဲ့ နှင့်ဖြူသောအရောင်ရှိသည့် ရင်းမာလည်းရှိသည်။ ထိုရင်းမာနှစ်မျိုးစလုံး တော်သလင်းလတွင်ပွင့်ပါသည်။ တော်သလင်းလနှင့် ယှဉ်သော စန်းယှဉ်နက္ခတ်မှာ ပြုဗ္ဗဘဒြပိုဒ်နက္ခတ်ဖြစ်ကြောင်း ကဗျာများတွင်တွေ့ရပါသည်။ တော်သလင်းလသည် ထူးခြားသည်မှာ နေအလွန်ပူသော လဖြစ်သလို မိုးအလွန်ရွာသောလလည်းဖြစ်ပါသည်။ နေအလွန်ပူသည့်အတွက် တော်သလင်းနေပုစွန်သေဟု ဆိုရိုးရှိသည်။ မိုးအလွန်ရွာသည့်အတွက် တော်သလင်းမိုးကန်သင်းကျိုး၊ တော်သလင်းတိမ်ညိုစားဖိုသည် ဆင်းရဲမိုးမစဲဟုဆိုရိုးများ ရှိသည်။
တော်သလင်းလသည် ခြေခင်းလက်ခင်းသာယာသည်။ မိုးတွေချည်းအဆက်မပြတ်ရွာနေရာမှ နေရောင်ခြည်ကိုမြင်လာရသည်။ တောင်သူ လယ်သမားများ လယ်ထွန်ပျိုးနုတ်အလုပ်များပြီးစီး၍ နားနားနေနေအပန်းဖြေဆဲ အချိန်လည်းဖြစ်သည်။ မြစ်ချောင်း အင်းအိုင်များတွင်လည်း ရေများပြည့်လျှံနေသောအချိန်ကာလဖြစ်သည်။ ရေပြင်ဖွေးဖွေးတွင်လှေလှော်ကြသည်။ လှေပြိုင်ပွဲကျင်းပ ကြသည်။ ရှေးခေတ်က ရေတပ်စစ်သည်များသည်လည်း ဤအချိန်တွင်တက်ရေးလေ့ကျင့်ကြသည်။ စည်သံမောင်းသံတညံညံဖြင့် လှေပွဲသဘင်များကို ပျော်ရွှင်တက်ကြွဖွယ်တွေ့ရသည်မှာ ရှေးဘုရင်မင်းမြတ်များလက်ထက်ကပင် မြန်မာတို့သည် ရေတပ်အင်အား မြင့်မားရေးကို ကြိုးစားခဲ့ကြောင်းလေ့လာသိရှိနိုင်သည်။
တော်သလင်းလအကြောင်းကို လေ့လာမည်ဆိုလျှင် ဘာသာသာသနာအတွက် မော်ကွန်းတင်နိုင်သလို နိုင်ငံတော်ကာကွယ်ရေး အတွက် မီးမောင်းထိုးပြသည့်လဟုဆိုနိုင်သည်။ ထို့ပြင် ပြည့်ဝမ်းစာဖူလုံရေးအတွက် တောင်သူဦးကြီးများလယ်ယာကွင်းပြင်များတွင် မြစိမ်းရောင်လွင်နေသောလဖြစ်သည်။ သာသနာရေးဟုဆိုသော်လည်း ထိုသာသနာရေးမှာ ကမ္ဘာ့လူသားတိုင်း လိုက်နာကျင့်ကြံ သင့်သော ငါးပါးသီလဖြစ်သည်။
လူတိုင်းခါးဝတ်ပုဆိုးကဲ့သို့မြဲမြံစွာစောင့်ထိန်းသင့်သောသီလဖြစ်ပေရာ ဂရုဓမ္မသီလဟုညွှန်းဆိုကြသည်။ တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မအခါတော်နေ့ဟု ရှေးအစဉ်အဆက်မှ ယနေ့တိုင် သတ်မှတ်စောင့်ထိန်းခဲ့ကြသည်။ ထိုငါးပါးသီလကိုသာ ကမ္ဘာ့လူသားတိုင်း ကျင့်သုံးနိုင်မည်ဆိုလျှင် ကမ္ဘာကြီးတွင် လောဘ၊ ဒေါသ၊ မောဟများကင်းစင်ပြီး စစ်ပွဲများချုပ်ငြိမ်းပေလိမ့်မည်။ ကမ္ဘာကြီးဆိုသည် ထက် မြန်မာပြည်ရှိလူသားတို့သည်လည်း ငါးပါးသီလကို လုံခြုံအောင်စောင့်ထိန်းမည်ဆိုလျှင် မြန်မာပြည်တစ်ဝန်း အေးချမ်း နေပါလိမ့်မည်။
အထူးသဖြင့် ယနေ့မြန်မာလူငယ်များစွာတို့သည် အမည်ခံမိရိုးဖလာ ဗုဒ္ဓဘာသာဝင်များသာဖြစ်ကြသဖြင့် ဗုဒ္ဓဘာသာအကြောင်းကို မသိနားမလည်ကြ။ မြတ်စွာဘုရား၏ အဆုံးအမသြဝါဒများနှင့် ကြီးပွားချမ်းသာကြောင်း မင်္ဂလာတရားများကို လိုက်နာကျင့်ကြံရ ကောင်းမှန်းမသိကြတော့။ မာန်မာနကိုချိုးနှိမ်၍ မိဘဆရာနှင့်လူကြီးသူမတို့အား ရိုသေလေးစားရမည်ဟူသော ဂါရဝတရားမရှိ၊ အလေးမထားကြတော့ဘဲ အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်နေသည်မှာ နိုင်ငံ၏အနာဂတ်အတွက်ရင်လေးဖွယ်ဖြစ်ပါသည်။ လူသားအားလုံးတို့၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုကိုပေးနိုင်သော အာမခံချက်မှာ ကိုယ်ကျင့်တရားနှင့်သီလပင်ဖြစ်သည်။ သူ့အသက်လည်းမသတ်ဘဲ အမြဲရှောင်ကြဉ်မည်။ သူ့ဥစ္စာလည်းမခိုးဘဲ အမြဲရှောင်ကြဉ်မည်။ သူ့အိမ်ရာလည်းမမှားဘဲ အမြဲရှောင် ကြဉ်မည်။ လိမ်ညာ၍လည်းမပြောဘဲ အမြဲရှောင်ကြဉ်မည်။ သေရည်အရက်လည်းမသောက်ဘဲ အမြဲရှောင်ကြဉ်မည်ဟူသော ငါးပါးသီလသည် အနှစ်ချုပ်ရလျှင် ကိုယ်ချင်းစာစိတ်ထား၊ ကိုယ်ချင်းစာတရားပင်ဖြစ်သည်။ မိမိအသက်၊ မိမိပစ္စည်း၊ မိမိသား မယားတို့ကိုထိပါးစော်ကားလျှင် မိမိကနှစ်ခြိုက်သည်မဟုတ်ပါ။ မိမိအကျိုးပျက်စီးအောင် သူတစ်ပါးကလိမ်လည်လျှင်လည်း ကြိုက်မည် မဟုတ်ပါ။ ထို့အတူ မိမိအနားမှာ အရက်သေစာသောက်စားပြီး မူးယစ်ရမ်းကားနေသည်ကို မည်သူကမျှလိုလားမည် မဟုတ်ပါ။ အနှစ်ချုပ်ဆိုရသော် ကိုယ်စီကိုယ်စီငါးပါးသီလကို လုံခြုံစွာစောင့်ထိန်းနိုင်ကြခြင်းဖြင့် လူ့ဘောင်လောကကို အေးချမ်း တည်ငြိမ်လှပအောင် စွမ်းဆောင်နိုင်ကြပါရန်တိုက်တွန်းရေးသားလိုက်ရပေသည်။ ။