တွဲလက်ညီညီရှေ့သို့ချီ တိုင်းရင်းဆေးသမားတော်များညီလာခံဆီ

 

တွဲလက်ညီညီရှေ့သို့ချီ တိုင်းရင်းဆေးသမားတော်များညီလာခံဆီ

မြန်မာ့တိုင်းရင်းဆေးပညာသည် ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ ကုန်းဘောင်ခေတ်ကတည်းက သမိုင်းအထောက် အထားခိုင်မာစွာတည်ရှိခဲ့သည့် ဆေးပညာ တစ်ရပ်ဖြစ်သည်။ မြန်မာလူမျိုးများသည် မိရိုးဖလာတိုင်းရင်းဆေးကို    သုံးစွဲကြသည့်အပြင် လက်လှမ်းမီရာဆေးမြီးတိုများ ကိုလည်း သုံးစွဲကြသည်။

မြန်မာ့တိုင်းရင်းဆေးပညာသည် မြန်မာနိုင်ငံ၏ ရေမြေသဘာဝ၊   မြန်မာ့ဓလေ့ စရိုက်နှင့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများနှင့် ဆက်နွှယ်၍   မြန်မာ့လူ့ဘောင်အဖွဲ့အစည်းအတွင်း အမျိုးသားရေး အမွေအနှစ် ဆေးပညာတစ်ရပ်အဖြစ်  ရှင်သန်လာခဲ့သည်။   ထို့ပြင်   မြန်မာ့ရေမြေသဘာ၀အလျောက် ဒေသအနှံ့အပြား ပေါများစွာ ပေါက်ရောက်သည့်   ဆေးဖက်ဝင်အပင်များသည် တန်ဖိုးမဖြတ်နိုင်သော အမွေအနှစ်များပင် ဖြစ်ပေသည်။  မြန်မာတိုင်း ရင်းသားတို့သည်    ဘိုးစဉ်ဘောင်ဆက် မြန်မာ့တိုင်းရင်းဆေးပညာ၊    မြန်မာ့ တိုင်းရင်းဆေးဝါးများကို   အားကိုးအားထားပြု၍ ရပ်တည်လာခဲ့ကြပြီး ယနေ့ခေတ်တိုင်အောင်   ယုံကြည် နှစ်ခြိုက်စွာ သုံးစွဲလျက်ရှိသည်။

ယနေ့ခေတ်တွင် ကမ္ဘာ့နိုင်ငံအသီးသီး၌လည်း   သဘာဝအတိုင်းပေါက်ရောက်ပြီး အာနိသင်ထက်မြက်သည့်   ဆေးဖက်ဝင် ပရဆေးပင်များ၊သစ်မြစ်၊သစ်ဥတို့ကို အသုံးပြု၍ သဘာဝဆေးများအဖြစ် ဖော် စပ်အသုံးပြုနေကြပြီ ဖြစ်သည်။

ရှေးယခင်ကတည်းက   ယနေ့ထိတိုင် မြန်မာလူမျိုးတို့သည် မြန်မာ့တိုင်းရင်းဆေး ပညာ၏ အဖိုးမဖြတ်နိုင်သော အစွမ်းသတ္တိ များကိုဖော်ထုတ်ပြီး  မြန်မာ့တိုင်းရင်းဆေး ပညာဖွံ့ဖြိုးတိုးတက်ရေးနှင့်   ထွန်းကား ပြန့်ပွားရေး၊ ပြည်သူလူထု၏ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင် ကျယ်ကျယ် ပြန့်ပြန့်အသုံးပြုလျက်ရှိကာ မျက်မှောက် ကာလတွင်လည်း တိုင်းရင်းဆေးပညာဦးစီးဌာန၊  တိုင်းရင်းဆေးတက္ကသိုလ်တို့အနေ ဖြင့် မြန်မာ့တိုင်းရင်းဆေးဖြင့် ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးအတွက် မြန်မာ့တိုင်းရင်း ဆေးပညာ အဆင့်အတန်းမြင့်မားလာစေရန်၊  အရည် အသွေးပြည့်ဝသည့်  တိုင်းရင်းဆေးပညာ ရှင်များ  မွေးထုတ်ပေးနိုင်ရန်၊  အရည်အသွေးမြင့်မားသော   မြန်မာ့တိုင်းရင်းဆေးဝါးများ ပေါ်ထွက်လာစေရန် ရည်မှန်း ချက်သုံးရပ်ကို   အလေးထားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင်    မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့၊ မြန်မာနိုင်ငံ တိုင်းရင်းဆေး ဆရာအသင်း၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်း၊ တိုင်းရင်းဆေးနှင့်နှီးနွှယ် ပညာရှင်များ၏ တိုင်းရင်းဆေးပညာဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက်    စည်းလုံး

ညီညွတ်စွာပူးပေါင်းပါဝင်ဆောင်ရွက်မှုတို့ ကြောင့် ပြည်သူလူထုကြားတွင် တိုင်းရင်း ဆေးကို အားကိုးအားထားပြုလျက်ရှိကြသည်ကို မျက်ဝါးထင်ထင်တွေ့မြင်နိုင်မည်ဖြစ်သည်။   ဤကဲ့သို့   ပြည်သူလူထု၏

အားပေးမှုနှင့်အတူ    နိုင်ငံတော်မှလည်း တိုင်းရင်းဆေးပညာကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက် စေရန် အဘက်ဘက်မှ အားပေးမြှင့်တင် ပေးလျက်ရှိပြီး ၂၀၀၀ ပြည့်နှစ်မှစ၍ မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲများကိုကျင်းပခဲ့ရာ  ယခုအခါ   (၂၂)ကြိမ်မြောက်သို့      ရောက်ရှိခဲ့ပြီဖြစ်ကာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် နေပြည်တော် ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန (၂) တွင် မြန်မာ့တိုင်းရင်းဆေး သမားတော်များညီလာခံနှင့် မြန်မာ့တိုင်း ရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကို   နိုင်ငံတော်အဆင့်ကျင်းပမည်ဖြစ်သည်။

ယခုကျင်းပမည့်  (၂၂)  ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး   သမားတော်များ ညီလာခံနှင့်  မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကို-

(က) တိုင်းရင်းဆေးပညာပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ပြည်တွင်းပြည်ပရှိ  ဆက်စပ် နှီးနွှယ်ပညာရှင်များ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊

(ခ) ဘေးအန္တရာယ်ကင်းရှင်း၍ အရည်အသွေးမြင့်မားသည့်  အစွမ်းထက်တိုင်း ရင်းဆေးဝါးများပေါ်ထွက်လာစေရန်၊

(ဂ)   ပြည်သူလူထု၏ကျန်းမာရေးကို ပိုမိုထိရောက်စွာစောင့်ရှောက်မှုပေးနိုင်ရန် အရည်အသွေးပြည့်ဝသည့် တိုင်းရင်းဆေး ပညာရှင်များဖြစ်လာစေရေး   လေ့ကျင့် သင်ကြားပေးရန်၊

(ဃ) ပြည်သူလူထု၏ကျန်းမာရေးကို မြန်မာ့တိုင်းရင်းဆေးပညာဖြင့်    ပိုမိုထိရောက်စွာ   စောင့်ရှောက်မှု ပေးနိုင်ရန် စသောရည်ရွယ်ချက်များဖြင့် ကျင်းပမည် ဖြစ်သည်။  

နှစ်စဉ်ကျင်းပမြဲဖြစ်သော   မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာ နှီးနှောဖလှယ်ပွဲကို တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊  တိုင်းရင်း ဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့၊ တိုင်းရင်းဆေးတက္ကသိုလ်၊ မြန်မာနိုင်ငံတိုင်းရင်း ဆေးဆရာအသင်း၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းတို့နှင့်  တိုင်းရင်း ဆေးပညာရပ်ဆိုင်ရာ နှီးနွှယ်သောဌာနများ၊ အသင်းအဖွဲ့များမှ အသိပညာရှင်၊ အတတ် ပညာရှင်များ တက်ရောက်ကြမည်ဖြစ်သည်။ညီလာခံတွင် -

- တိုင်းရင်းဆေးပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာမှ တိုင်းရင်းဆေး တက္ကသိုလ်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊

-  ဘေးဥပဒ်ကင်းရှင်းပြီး     အရည်အသွေးနှင့်  အာနိသင်ပြည့်ဝသည့်  ပိုမို ကောင်းမွန်သော ဦးစီးဌာနသုံး တိုင်းရင်းဆေးဝါးများ ပေါ်ထွက်လာစေရေးအတွက် သုတေသနလုပ်ငန်းများ၊ အသိပညာပေး လုပ်ငန်းများ ဝိုင်းဝန်းဆောင်ရွက်ရန်၊

- တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အရည်အသွေးများ   ပိုမိုတိုးတက်မြင့်မားလာစေရန်  တိုင်းရင်းဆေး ပညာရှင်များအတွက် ဘာသာရပ်ဆိုင်ရာမွမ်းမံသင်တန်းများဖွင့် လှစ်နိုင်ရေး ဆက်စပ်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊

- တိုင်းရင်းဆေးပညာဖြင့်   ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ၊ကျန်းမာရေး အသိပညာပေး လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် စသည့်အဆိုပြုချက်များကို တင် သွင်းကြမည် ဖြစ်ပြီး တက်ရောက်လာသော   ကိုယ်စားလှယ်တော်ကြီးများက တိုင်းရင်းဆေးပညာ ဖွံ့ဖြိုး တိုးတက်ရေး အတွက် မိမိတို့၏ အတွေ့အကြုံ၊    အတွေးအခေါ် အယူအဆ၊ အသိပညာများဖြင့် ဝိုင်းဝန်း ဆွေးနွေး အကြံပြုကြမည်ဖြစ်ကာ တိုင်းရင်းဆေးပညာရပ်ဝန်းအတွက်  တန်ဖိုးမဖြတ်နိုင်သော   ရလဒ် ကောင်းများ ရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားကြမည် ဖြစ်သည်။

မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ၌ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးမှ စာတမ်းရှင်များက တိုင်းရင်းဆေးပညာ ရိုးရာကုထုံးနည်းစနစ်နှင့် ဆေးဝါးဆိုင်ရာ စာတမ်းများကို ဖတ်ကြားဆွေးနွေးကြမည် ဖြစ်သည်။

အချုပ်အားဖြင့်ဆိုရသော်  နိုင်ငံတော် အကြီးအကဲ၏   အားပေးချီးမြှောက်မှု၊ ကျန်းမာရေးဝန်ကြီးဌာန၊   ပြည်ထောင်စု ဝန်ကြီး၏ဦးဆောင်မှု၊ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၏အနီးကပ် ကြီးကြပ်မှု တို့ဖြင့် ယခုကျင်းပမည့်ညီလာခံသို့  တက်ရောက်လာကြမည့်  ကိုယ်စား လှယ်တော်ကြီးများနှင့် နှီးနွှယ်ပညာရှင်များအနေဖြင့်   တိုင်းရင်းဆေးပညာပိုမိုဖွံ့ဖြိုး တိုးတက်ရေးအတွက် စည်းလုံးညီညွတ်စွာ ဝိုင်းဝန်း ဆွေးနွေး အကြံပြုကြပါရန်    တိုက်တွန်းရင်း  (၂၂)  ကြိမ်မြောက်   မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ အောင်မြင်စွာကျင်းပနိုင်စေရန် ကြိုဆို လျက် လက်တွဲညီညီရှေ့သို့ချီ တိုင်းရင်းဆေးသမားတော်များ     ညီလာခံဆီ ဆောင်းပါးဖြင့် ဂုဏ်ပြုရေးသားလိုက်ရပါ သည်။

မိုးမိုးသန်း၊သန္တာဝင်း၊နန်းခင်ထွေး (တိုင်းရင်းဆေးပညာဦးစီးဌာန)