ထမင်းပေါင်းအိုး အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

နေပြည်တော် ဖေဖော်ဝါရီ  ၄

နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့၌ ဖေဖော်ဝါရီ ၄ ရက်နံနက် ၇ နာရီ ၄၅ မိနစ်တွင် ရန်အောင်(၂)ရပ်ကွက် ဂုဏ်တန်(၃)လမ်း  အမှတ်(၁ဝ/၂၈)နေ ဦးဝေယံမြင့်၏နေအိမ်၌ ထမင်းပေါင်းအိုး တည်ထားရာ အပူလွန်ကဲရာမှ တစ်ဆင့် မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ထမင်းပေါင်းအိုး တည်ထားရာတွင် အပူလွန်ကဲ၍ အိမ်တွင်းရှိ ပစ္စည်းများကို ကူးစက်လောင်ကျွမ်းရာမှ တစ်ဆင့် ဦးဝေယံမြင့်၏နေအိမ် လေးပင်ပတ်လည် အုတ်ညှပ်၊ ပျဉ်ခင်း၊ သွပ်မိုးနှစ်ထပ်တိုက်သို့ မီးကူးစက်လောင်ကျွမ်းရာ ဒက္ခိဏခရိုင် မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဟိန်းမင်းထက်နှင့် မီးသတ်တပ်ဖွဲ့ဝင် ၅ဝ ဦး၊ ပျဉ်းမနားမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအေးမြင့်နိုင်နှင့်   ရဲတပ်ဖွဲ့ဝင်များ၊ရန်အောင်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက မီးသတ်ယာဉ်ခြောက်စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ရာ နံနက် ၉ နာရီ ၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

အဆိုပါမီးလောင်မှုကြောင့် လေးပင်ပတ်လည်အုတ်ညှပ်၊ ပျဉ်ခင်း၊ သွပ်မိုးနှစ်ထပ်တိုက်တစ်လုံးနှင့် ဆိုင်ကယ်နှစ်စီး မီးလောင်ဆုံးရှုံးပြီး လူနှင့်တိရစ္ဆာန် ထိခိုက်ဆုံးရှုံးမှုမရှိကြောင်းနှင့် ဦးဝေယံမြင့်အား ပျဉ်းမနားမြို့နယ် မြို့မရဲစခန်းက အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။