ထမင်း၊ ဟင်းများနှင့် စားသောက်ကုန်ပစ္စည်းများကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေး  

နေပြည်တော်၊ အောက်တိုဘာ - ၁၆

ပြည်သူ့ဆေးရုံများတွင် ဆေးရုံတက်ရောက်နေသည့် လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများ စားသောက်ရေး အဆင်ပြေစေရန်အတွက် တပ်မတော်သားများနှင့် မိသားစုဝင်များ၏ တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှ ထွက်ရှိလာသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များ၊ ကြက်ဥ၊ ဘဲဥများ၊ နွားနို့များနှင့် တပ်မတော်စက်ရုံထုတ် စားသောက်ကုန်ပစ္စည်းများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက် ရှိသည်။
ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ် ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်မြို့ ပြည်သူ့ဆေးရုံ၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့ ပြည်သူ့ ဆေးရုံ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ အထွေထွေရောဂါကုဆေးရုံကြီး၊ မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြည်သူ့ဆေးရုံ၊ ကရင်ပြည်နယ်၊ ဖာပွန်မြို့၊ ခရိုင်ပြည်သူ့ဆေးရုံ၊ တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့ ပြည်သူ့ဆေးရုံ၊ ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ အမျိုးသမီးနှင့် ကလေးဆေးရုံကြီး၊  ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အထွေထွေရောဂါကုဆေးရုံကြီးနှင့် မော်လမြိုင်ကျွန်းမြို့ ပြည်သူ့ဆေးရုံကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ ခရိုင်ပြည်သူ့ဆေးရုံကြီး၊ ကသာမြို့ ပြည်သူ့ဆေးရုံ၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ မိတ္ထီလာမြို့ ပြည်သူ့ဆေးရုံ၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြည်သူ့ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ အထွေထွေ ရောဂါကုဆေးရုံကြီး၊ ပေါက်ခေါင်းမြို့ ပြည်သူ့ဆေးရုံ၊ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ ပြည်သူ့ဆေးရုံများ၌ ထမင်း၊ ဟင်းနှင့် ဟင်းသီး၊ ဟင်းရွက်များ၊ အသား၊ ငါးများနှင့် ဥအမျိုးမျိုး တို့ကို တပ်မတော်သားများနှင့် မိသားစုဝင်များက သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး ခဲ့ကြောင်း သတင်းရရှိသည်။