ထမင်း၊ ဟင်းများနှင့် စားသောက်ကုန်ပစ္စည်းများကို သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေး

နေပြည်တော်၊ အောက်တိုဘာ - ၂၃

ပြည်သူ့ဆေးရုံများတွင် ဆေးရုံတက်ရောက်နေသည့် လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေး ဝန်ထမ်းများ စားသောက်ရေး အဆင်ပြေစေရန် အတွက် တပ်မတော်သားများနှင့် မိသားစုဝင်များ၏ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှ ထွက်ရှိလာသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက် များ၊ ကြက်ဥ၊ ဘဲဥများ၊ နွားနို့များနှင့် တပ်မတော်စက်ရုံထုတ် စားသောက်ကုန်ပစ္စည်းများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက် ရှိသည်။

ယနေ့တွင်  နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ် ပြည်သူ့ဆေးရုံ၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် မိုးမိတ်မြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးနှင့် ရပ်စောက်မြို့ ပြည်သူ့ဆေးရုံ၊  ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အထွေထွေရောဂါကု ဆေးရုံကြီးနှင့် မိုင်းဆတ်မြို့ပြည်သူ့ဆေးရုံ၊ ကရင်ပြည်နယ်၊ ဖာပွန်မြို့နှင့် ကြာအင်းဆိပ်ကြီးမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ အမျိုးသမီးနှင့် ကလေးဆေးရုံကြီး၊ ရွေပြည်သာမြို့နယ်ပြည်သူ့ဆေးရုံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အထွေထွေ ရောဂါကုဆေးရုံကြီး၊ ရခိုင်ပြည်နယ်၊ သံတွဲမြို့ ပြည်သူ့ဆေးရုံကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အမျိုးသမီး သားဖွားမီးယပ်နှင့် ကလေးဆေးရုံ၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ အထွေထွေရောဂါကု ဆေးရုံကြီး၊ မိတ္ထီလာမြို့နယ်ပြည်သူ့ ဆေးရုံနှင့် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြည်သူ့ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ အထွေထွေရောဂါကု ဆေးရုံကြီး၊ ရေတာရှည်မြို့နယ် ပြည်သူ့ဆေးရုံနှင့် မင်းလှမြို့နယ်ပြည်သူ့ဆေးရုံတို့၌ ထမင်း၊ ဟင်းနှင့် ဟင်းသီး၊ ဟင်းရွက်များ၊ အသား၊ ငါးများနှင့် ဥအမျိုးမျိုးတို့ကို တပ်မတော်သားများနှင့် မိသားစုဝင်များက သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။