နေပြည်တော်၊ အောက်တိုဘာ - ၃၁
ပြည်သူ့ဆေးရုံများတွင် ဆေးရုံတက်ရောက်နေသည့် လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေး ဝန်ထမ်းများ စားသောက်ရေး အဆင်ပြေစေရန်အတွက် တပ်မတော်သားများနှင့် မိသားစုဝင်များ၏ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းမှ ထွက်ရှိသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များ၊ ကြက်ဥ၊ ဘဲဥများ၊ နွားနို့များနှင့် တပ်မတော်စက်ရုံထုတ် စားသောက်ကုန် ပစ္စည်းများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။
ယနေ့တွင် ကချင်ပြည်နယ်၊ ပူတာအိုမြို့ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးနှင့် ရပ်စောက်မြို့ပြည်သူ့ဆေးရုံ၊ ရန်ကုန်တိုင်း ဒေသကြီး၊ လသာမြို့နယ်ရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ တောင်ဥက္ကလာပ မြို့နယ်၊ အမျိုးသမီးနှင့် ကလေးဆေးရုံကြီး၊ ရွှေပြည်သာမြို့နယ် ပြည်သူ့ဆေးရုံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အထွေထွေရောဂါကု ဆေးရုံကြီး၊ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ပြည်သူ့ဆေးရုံ၊ မန္တလေးတိုင်း ဒေသကြီး၊ မိတ္ထီလာမြို့နယ်ပြည်သူ့ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ အထွေထွေရောဂါကု ဆေးရုံကြီး၊ အုတ်တွင်းမြို့နယ် ပြည်သူ့ဆေးရုံနှင့် ရေတာရှည်မြို့နယ်၊ မြို့လှတိုက်နယ် ဆေးရုံတို့၌ ထမင်း၊ ဟင်းနှင့် ဟင်းသီး၊ ဟင်းရွက်များ၊ အသား၊ ငါးများနှင့် ဥအမျိုးမျိုး တို့ကို သက်ဆိုင်ရာ တပ်နယ်အသီးသီးရှိ တပ်မတော်သားများနှင့် မိသားစုဝင်များက သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။