ထားဝယ်မြို့ ပြည်သူ့ဆေးရုံကြီးသို့ အောက်ဆီဂျင်အိုးများ လှူဒါန်း၊ Ouarantine Center များ၌ တာဝန်ထမ်းဆောင်နေကြသူများအား စားသောက်ဖွယ်ရာများ ပေးအပ်
နေပြည်တော်၊ ဇူလိုင် - ၁၅
COVID-19 ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများကို ကုသရေးလုပ်ငန်း များ ဆောင်ရွက်ရာတွင် အောက်ဆီဂျင်လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် အောက်ဆီဂျင်အိုးများ ပေးအပ်လှူဒါန်းခြင်းနှင့် Ouarantine Center များ၌ တာဝန်ထမ်းဆောင်နေကြသည့် လူမှုရေးအသင်း အဖွဲ့များနှင့် ရပ်မိရပ်ဖများအား စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ပြည်သူ့ဆေးရုံကြီး ၌ ပြုလုပ်ရာ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူး နှင့်အဖွဲ့ဝင်များ၊ အလှူရှင်များနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။
ထိုသို့ပေးအပ်လှူဒါန်းရာတွင် အလှူရှင်တစ်ဦးက အဆိုပါဆေးရုံကြီး၌ အသုံးပြုရန်အတွက် ၄၀ လီတာဝင်အောက်ဆီဂျင်အိုး အလုံး ၁၀၀ ကို လည်းကောင်း၊ ဒုတိယတိုင်းမှူးက Ouarantine Center များ၌ တာဝန်ထမ်း ဆောင်နေကြသည့် လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်မိရပ်ဖများအတွက် အာဟာရ ဖြည့်စားသောက်ဖွယ်ရာများကို လည်းကောင်း ပေးအပ်လှူဒါန်းကြရာ ဆေးရုံမှ တာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များက လက်ခံရယူကြပြီး ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။