ထားဝယ်-မြိတ်ကားလမ်းပေါ်၌ ပြေးဆွဲနေသည့် ခရီးသည်တင်မှန်လုံယာဉ်များအား  PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်

ထားဝယ်-မြိတ်ကားလမ်းပေါ်၌ ပြေးဆွဲနေသည့် ခရီးသည်တင်မှန်လုံယာဉ်များအား  PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်

နေပြည်တော်၊ ဇွန်- ၁

          နိုင်ငံတော်အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ လမ်းပန်းဆက်သွယ်ရေး လွယ် ကူချောမွေ့စေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေးနှင့် ခရီးသွားပြည်သူများ လုံခြုံစိတ်ချစွာသွား လာနိုင်ရေးအတွက် ဘက်ပေါင်းစုံမှ ဆောင်ရွက်ပေးလျက်ရှိရာ လက်ရှိအချိန်တွင် NUG၊ CRPH၊ PDF အမည်ခံ အကြမ်းဖက်သမားများက နေရာအချို့၌ လမ်းတံတားများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ ခရီးသည်တင်ယာဉ်လိုင်းများအား မိုင်းခွဲတိုက်ခိုက်ခြင်း၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ် တိုက်ခိုက်ခြင်း၊ ဆက်ကြေးများကောက်ခံခြင်း၊ အပြစ်မဲ့ခရီးသွားပြည်သူများအား အကြောင်းအမျိုး မျိုးပြစွပ်စွဲ၍ ဖမ်းဆီးခေါ်ဆောင်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။

            ထိုသို့ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ထားဝယ်-မြိတ် ကားလမ်းမကြီးပေါ်၌ ပြေးဆွဲနေသည့် မှန်လုံယာဉ်များအား ယနေ့နံနက် ၁၁ နာရီခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ခရီးသည်တင်မှန်လုံယာဉ် စီး ထိခိုက်ပျက်စီးကာ ယာဉ်မောင်း ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

            ဖြစ်စဉ်မှာ ခရီးသည်တင် မှန်လုံယာဉ် ၃ စီးသည် ယနေ့နံနက် ၆ နာရီခန့်တွင် ထားဝယ်မြို့မှ ထားဝယ်-မြိတ် ကားလမ်းအတိုင်း ခရီးသည်များတင်ဆောင်၍ ထွက်ခွာလာခဲ့ရာ သရက်ချောင်း မြို့နယ်၊ သရက်ချောင်းကျေးရွာ၏ အရှေ့ မြောက်ဘက် မီတာ ၃၀၀၀ ခန့်အကွာ မိုင်တိုင်အမှတ် (၅၃/၂)နှင့် (၅၃/၃)ကြား နေရာသို့ အရောက်၌ အကြမ်းဖက်သောင်းကျန်းသူ အင်အား ၃၀ ဦးခန့်က လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ခရီးသည်တင်မော်တော်ယာဉ် ၃ စီး ထိခိုက်ပျက်စီးခဲ့ ပြီး ရွှေမြိတ်အောင် ခရီးသည်တင်မှန်လုံယာဉ်အမှတ်၊ 5K/----- ၏ ယာဉ်မောင်းဖြစ်သူ ဦးအေးမင်းဇော် တွင် လက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကာ ခရီးသည်များမှာ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်း သိရှိရသည်။

            အဆိုပါ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ယာဉ်မောင်းအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ထားဝယ်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိပြီး ခရီးသွားပြည်သူများ လုံခြုံစိတ်ချစွာ ခရီးသွားလာနိုင်ရေးနှင့် ခရီးသည်တင်မော်တော်ယာဉ်များကို လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။