ထီးချိုင့်မြို့နယ်၊ မရသိမ်ကျေးရွာရှိ စာသင်ကျောင်းအား PDF အမည်ခံ အကြမ်းဖက် သမားများက ဆင်ခြင်တုံတရားမဲ့စွာ မီးရှို့၊ ဖောက်ခွဲဖျက်ဆီး

ထီးချိုင့်မြို့နယ်၊ မရသိမ်ကျေးရွာရှိ စာသင်ကျောင်းအား PDF အမည်ခံ အကြမ်းဖက် သမားများက ဆင်ခြင်တုံတရားမဲ့စွာ မီးရှို့၊ ဖောက်ခွဲဖျက်ဆီး

နေပြည်တော်၊ ဇန်နဝါရီ - ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်အတွင်း အဖျက်အမှောက်လုပ်ငန်း များ လုပ်ဆောင်ရန်အတွက် PDF အမည်ခံ အကြမ်းဖက်သမားများက မရသိမ်ကျေးရွာရှိ စာသင်ကျောင်း အတွင်း/အပြင်၌ ခြံစည်းရိုးပတ်လည်အား သဲအိတ်များ ကာရံခြင်း၊ မိုင်းများ ထောင်ထားခြင်း၊ သဲအိတ်ဘန်ကာများ တည်ဆောက်ခြင်း၊ အကြမ်းဖက် လေ့ကျင့်ရေးကွင်းများဖောက်လုပ်ခြင်းများ ပြုလုပ်၍ စာသင်ကျောင်းအား အခိုင်အမာ စခန်းတည်ဆောက်၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသဖြင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များက သွားရောက်ချေမှုန်းတိုက်ခိုက်ခဲ့ရာ ၁၀၇ မမ ရှော့တိုက်ဒုံးသီးအပါအဝင် လက်နက်၊ ခဲယမ်း၊ ဗုံးသီးများနှင့် အကြမ်းဖက်မှုများဆောင်ရွက်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိသည့် သတင်းအား ထုတ် ပြန်ခဲ့ပြီးဖြစ် ပါသည်။

အဆိုပါ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် ဖရိုဖရဲ ဆုတ်ခွာ သွားသော အကြမ်းဖက်အဖွဲ့များသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ လိုအပ်သည့် နယ်မြေ လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေစဉ် အခွင့်ကောင်းယူ၍ ဇန်နဝါရီ ၁၃ ရက်ည ၉ နာရီခွဲခန့်တွင် ကျေးရွာအတွင်းပြန်လည်ဝင်ရောက်လာပြီး ၎င်းတို့ စခန်းချ အခြေပြုနေထိုင်ခဲ့သည့် သက်သေအထောက်အထားများ မကျန်စေရန်အတွက် စာသင်ကျောင်းအား ဆင်ခြင်တုံတရားမဲ့စွာ မီးရှို့၊ ဖောက်ခွဲ ဖျက်ဆီးခဲ့သည်။

ယင်းသို့ မီးရှို့ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် ကျေးရွာရှိ အလျား ၁၃၀ ပေ၊ အနံ ၂၅ ပေ၊ အမြင့် ၂၅ ပေရှိ ပေ ၃၀ ပတ်လည်အခန်း ၄ ခန်းပါ နှစ်ထပ်စာသင်ဆောင် ၁ ဆောင်၊ အလျား ၆၀ ပေ၊ အနံ ၂၅ ပေ၊ အမြင့် ၁၅ ပေရှိ ပေ ၂၀ ပတ်လည်အခန်း ၃ ခန်းပါ တစ်ထပ် စာသင်ဆောင် ၁ ဆောင်နှင့် အလျား ၈၀ ပေ၊ အနံ ၁၈ ပေ၊ အမြင့် ၁၅ ပေရှိ အခန်း ၅ ခန်းပါ တစ်ထပ်ပျဉ်ထောင် စာသင်ဆောင် ၁ ဆောင်တို့ မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်သမားများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပညာရေးဆိုင်ရာ အဆောက်အဦများနှင့် ကျေးရွာများအတွင်း လူနေအိမ်များကို အကာအကွယ်ရယူ ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် ကျောင်းသူ/ကျောင်းသားများ ပညာသင်ကြားရေး အတွက် အသုံးပြုနေသည့် ကျေးရွာစာသင်ကျောင်းအား ယခုကဲ့သို့ မီးရှို့ဖျက်ဆီး ခဲ့ခြင်းသည် ကျောင်းနေအရွယ်ကလေးသူငယ်များ၏ ပညာသင်ယူခွင့်ကို ထိခိုက် နစ်နာစေရုံသာမက ဒေသဖွံ့ဖြိုးရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုသည့် ပညာရည်မြင့်မားမှုကို ပိတ်ပင်ဖျက်ဆီးမှု ဖြစ်သဖြင့် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime) ကျူးလွန်ခြင်းဖြစ်ပြီး အဆိုပါလုပ်ရပ်များအပေါ် ဒေသခံပြည်သူများအနေဖြင့် ရွံ့ရှာဆက်စုပ်မုန်းတီးလျက် ရှိကြောင်း သိရှိရသည်။

အထက်ပါ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့သူများအား လုံခြုံရေးတပ်ဖွဲ့ ဝင်များက ရှာဖွေဖော်ထုတ် ချေမှုန်း၊ သုတ်သင်သွားမည်ဖြစ်ကြောင်းနှင့် အကြမ်းဖက် အဖွဲ့များ၏ ဝင်ထွက်သွားလာမှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်း ပေး၍ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းပါဝင်ကြရန် သတင်းထုတ်ပြန် အပ်ပါသည်။