ထူးကဲသည့် လတန်ဆောင်တိုင်
"တန်ဆောင်မုန်းတွင်း ဆီးနှင်းတစ်ပြိုက် မိုးတစ်လိုက်" ဟု မူလတန်းအရွယ် ငယ်စဉ်အခါက ကျက်မှတ်ခဲ့ရဖူး၍ လအလိုက် ရာသီဥတုများအကြောင်းကို ရင်းနှီးခဲ့ရဖူးပေ၏။ တန်ဆောင်မုန်း။ မှန်ပါပေ၏။ ဤကာလ၊ ဤအချိန်တွင် မိုးနှောင်း ဆောင်းဦးကာလပေမို့ မိုးစက်လေးများတစ်ပြိုက်နှစ်ပြိုက် ကျချင်သည့်အခါ ကျတတ်သကဲ့သို့ နံနက်ခင်း လင်းရောင်ခြည်ပင် မဖြာသေးမီဆိုလျှင်ဖြင့် ဆီးနှင်းစက်ကလေးများသည်လည်း သစ်ပင်၊ သစ်ရွက်တို့အကြား စီရရီတွဲခိုနေတတ်ကြသည်ကိုလည်း ကြုံတွေ့ရတတ်ပြန်သည်။ အအေးဓာတ်ဝင်စပြုပြီ။
တန်ဆောင်မုန်း၏ နေ့ရက်တို့တွင် နေရောင်မထွက်ပေါ်သေးမီ ဝန်းကျင်တစ်ခွင်အုံ့မှိုင်းစိုပြည်နေသဖြင့် ခံစားချက်မှာ လူသားတို့ရင်ထဲ၊ နှလုံးသားထဲသို့တိုင်အောင်အေးချမ်းခြင်းဓာတ်တို့ စိမ့်ဝင်သွားသည်အထိ စွမ်းဆောင်မှုပြုနိုင်ပေသည်။ အေးမြသည့်ဝန်းကျင်တွင် ရံဖန်ရံခါ၌ မိုးစက်မဟုတ်၊ နှင်းစက်လည်းမဟုတ်သော အရည်လဲ့လဲ့စိုစိုကလေးများသည်ပင် ထိုလ၏ ချစ်စရာများထဲမှတစ်ခုပင် ဖြစ်နေပေသည်။ ထိုမိုးစက်လည်းမဟုတ်၊ နှင်းစက်လည်းမဟုတ်သည့် နှင်းရည်ကြည်လေးများ ကျနေသည်ကိုမူ "မိုးသက်နှင်းလေးတွေ" ကျနေသည်ဟု ဆိုကြပြန်ချေသည်။ မိုးသက်နှင်းလေးတွေသည်ပင် ကျွန်ုပ်တို့ လူသားအားလုံးကို အေးချမ်းခြင်း၊ ချစ်ခင်ခြင်း၊ မေတ္တာတရားထားတတ်စေခြင်းတို့အဖြစ် ဖော်ညွှန်းပေးေသယောင်မို့ လူ့လောကတစ်ခွင်ကို ထိုမိုးသက်နှင်းလေးများကဲ့သို့ အေးချမ်းသာယာ စေချင်ပါသည်။
တန်ဆောင်မုန်းလ၏ စန်းယှဉ်နက္ခတ်မှာ ကြတ္တိကာနက္ခတ်ဖြစ်၍ ကြယ်တာရာစုံစွာ ကြည်လင်အေးမြသည့် အသွင်ကိုဆောင်သည့် လတန်ဆောင်ပင်ဖြစ်သည်။
"တန်ဆောင်မုန်း တန်ဆောင်တိုင် သူ့အိမ်ထဲလည်းမြိုင်၊ ကိုယ့်အိမ်ထဲလည်းမြိုင်" ဆိုသကဲ့သို့ ဆီမီးထွန်းညှိပူဇော်ပွဲများလည်း ကျင်းပလေ့ရှိကြသည်။ တန်ဆောင်မုန်းဟူသော ဝေါဟာရကို ရှေးခေတ်ကျောက်စာတို့တွင် "တန်ဆောင်မှုန်"ဟု ရေးသားပြီး ရွတ်ဆိုခေါ်ဝေါ်ရာတွင် "တန်ဆောင်မှုန်း" ဟုခေါ်ရာမှတစ်ဆင့် တန်ဆောင်မုန်းဟု ပြောင်းလဲလာကြောင်း၊ "တန်ဆောင်"မှာ "မီးတိုင်"၊ "မှုန်း" မှာ "ပျံ့နှံ့စေခြင်း" ဟုအဓိပ္ပာယ်ရကြောင်း မြန်မာ့စွယ်စုံကျမ်းတွင်ဖော်ပြထားသည်ဟု မှတ်သားရပါသည်။ စာရေးသူမွေးဖွားကြီးပြင်းခဲ့ရာ အညာဒေသ ရေစကြိုမြို့နယ် ပခန်းကြီးကျေးရွာတွင်မူ တန်ခိုးကြီးဘုရား ဖြစ်သော သိကြားမင်းဆက်ကပ်သည့် "စည်သူရှင်မြတ်စွာဘုရား" ကြီးအား ဆီမီးကပ်လှူပူဇော်လေ့ရှိကြသည်။ ရပ်ကွက်အလိုက် ကလေးငယ်များနှင့် အမျိုးသမီးများက တန်းစီကာ မီးပုံးကိုယ်စီ၊ မီးယပ်တောင်ကိုယ်စီ ကိုင်ဆောင်ထားပြီး အတန်းလိုက် ညီညီညာညာဖြင့် ဘုရားကြီးထံဦးတည် သွားကြပြီး ဆီမီးများကပ်လှူပူဇော်ကြသည်မှာ လွန်စွာစည်ကားလှသည်။ ရပ်ကွက်အလိုက်မီးတန်း လှည့်လည်ကြသည် ဖြစ်ရာ သူ့ရပ်ကွက်မီးတန်းထက် ကိုယ့်ရပ်ကွက်မီးတန်းက ပို၍ရှည်အောင်၊ သာ၍စည်အောင် လှပျိုဖြူတို့တစ်ယောက်မချန် အယောက်တိုင်းနီးပါး လိုက်လံအားဖြည့် ပူဇော်ကြပေသည်။
ရပ်ကွက်ထဲမှ ကာလသားအချို့က အသံချဲ့စက်ဖြင့် "တိုးနရားရုပ်"၊ "ကာလသားရုပ်" စသည်ဖြင့် အရုပ်များအတွင်း၌ဝင်ကာ ကကြခုန်ကြရင်း မီးထွန်းပွဲကို ပျော်ပျော်ပါးပါးဆင်နွှဲလေ့ရှိကြပါ၏။
မီးထွန်းပွဲတော်ကြီးကို ရပ်ကွက်ရှိ လူကြီး၊ လူငယ်များ စုပေါင်းကာ ကုသိုလ်ပြုကြသည်။ မီးတန်းလှည့်လိုက်ပါကြသည့် ကလေးငယ်အပေါင်းနှင့် ကုမ္မာရီအမျိုးသမီးအပေါင်းတို့ကို မုန့်များဝေခြင်း၊ ဖယောင်းတိုင်များဝေခြင်းဖြင့် ကုသိုလ်ယူကြသူများလည်း ရှိပေသည်။ ရပ်ကွက်ထဲရှိ ဓမ္မာရုံတွင်လည်း ဆီမီးများမြိုင်နေအောင် ထွန်းညှိပူဇော်ရင်း စေတီပေါ်တွင်လည်းဆီမီးများဖြင့် လျှမ်းလျှမ်းတောက်ကာ တင့်တယ်သပ္ပာယ်ဖွယ်ပင်ဖြစ်တော့သည်။ မီးပုံးပျံများလုပ်ကာ လွှတ်တင်သည့်ရပ်ကွက်က လွှတ်တင်ကြပြန်သည်။ ထိုမီးပုံးပျံတွင် ငွေစက္ကူအချို့ထည့်ကာ လွှတ်ကြခြင်းဖြစ်ရာ မီးပုံးပျံ ကျနိုင်မည့်နေရာသို့ လိုက်ကြ၊ ကောက်ကြသည့်သူများလည်းရှိသည်။ လှူသည့်သူမှာလည်း ပီတိဝေရသလို၊ ရသည့်သူမှာလည်း ပြုံးပျော်ရပေသည်မှာ တန်ဆောင်တိုင်လ၏ ချစ်စရာများထဲမှ တစ်ခုပင်ဖြစ်ပေသည်။
ထို့ပြင် တန်ဆောင်မုန်းလ၏ အမွန်မြတ်ဆုံးအလှူအဖြစ် ကထိန်ပွဲတော်ကြီးကိုလည်း ခြိမ့်ခြိမ့်သဲသဲ ကျင်းပဆင်နွှဲကြပြန်သည်။ "ဆွမ်းလုံး"(ကထိန်ပွဲကြီး) ကိုလည်း ရပ်ကွက်အလိုက် ပဒေသာပင်များ ဝေဝေဆာဆာဖြင့် သူ့ရပ်ကွက်ထက် ကိုယ့်ရပ်ကွက် သဒ္ဓါချင်းပြိုင်ကာ ပိုမိုလှပစေရန်ဆင်ယင်ကြရင်း ပီတိပန်းတို့ ပွင့်လန်းကြရာ လလည်းဖြစ်ပေသည်။ ရပ်ကွက်ရှိ ဆင်းရဲ၊ ချမ်းသာ မည်သူမဆို မကျန်ခဲ့ရလေအောင် မိမိတို့တတ်အားသမျှ ဆွမ်းများ၊ ဟင်းများအပြင် သင်္ကန်း၊ ပရိက္ခရာ၊ ထီး၊ ဖိနပ်၊ ယပ်၊ တံမြက်စည်းမှအစ ပန်းကန်ပြား၊ ဇလုံ၊ ဓာတ်ဘူး၊ ခေါက်ဆွဲခြောက် စသည်တို့ကို ပဒေသာပင်တွင် အနေအထားတင့်တယ်စွာ စီရီသီကုံးပြီး ပျော်ပျော်ပါးပါး စုပေါင်းကုသိုလ်ပြုကြသည့် လမြတ်အခါပင်ဖြစ်ပေသည်။
ဟင်းများမှာလည်းဖွယ်ဖွယ်ရာရာ ပြည့်ပြည့်စုံစုံဖြင့် "ဝက်သားတုံးကြီးလက်သီးဆုပ်သဏ္ဌာန်" ဆိုသည်မှာငယ်နေပေဦးမည်။ ဆွမ်းလုံးတွင်ထည့်ကာလှူဒါန်းကြသည့် ဝက်သားတုံးကြီးများသည်ကား ကောင်းပေ့၊ လှပေ့ဆိုသည့် သုံးထပ်သားကို နူးအိနေအောင် အတုံးလိုက်၊ အကွင်းလိုက် လှလှပပပြင်ဆင်ထားသည်။ ကြက်ကောင်လုံးကြော်အား အလှအပများဆင်ယင်ထားသည်မှာလည်း သဒ္ဓါတရားထက်သန်မှု၏ ပြယုဂ်တစ်ခုပင်ဖြစ်ပေသည်။
ထိုဟင်းပွဲများကို ပန်းကန်များ၊ ချိုင့်များတွင်ထည့်ကာ ဆွမ်းလုံးအလှည့်တန်းတွင် တန်းစီလိုက်ပါကြမည့် ကလေးများ၊ အမျိုးသမီးများက သယ်ယူကြပေသည်။ အချို့မှာမူ စက္ကူယပ်တောင်ပေါ်တွင် ဝတ္ထုငွေများကို မိမိတို့နှစ်သက်ရာပုံဖော်ကြရင်း အလှူရှင်အမည်ကိုပါ ချိတ်ဆွဲလိုက်ကြသေး၏။ ထိုယပ်တောင်သေးလေးများကို လှူဖွယ်ပစ္စည်းများထားသည့်နေရာတွင် တင်ထားနိုင်စေရန်အတွက် တစောင်းဖူးပင်စည် (အပူပိုင်းဒေသတွင်ပေါက်ရောက်ပြီး အဖူးကိုငါးပိချက်ချက်စား၍ရ၏)ကို တုံးကလေးသဖွယ်ခုတ်ကာ ထိုပင်စည် ပေါ်တွင် စိုက်၍ထားပြီး ထိုယပ်တောင်လေးများကိုလည်း လှပျိုဖြူတို့ တန်းစီလှည့်လည်ရာတွင် ကိုင်ဆောင်နိုင်စေရန် ပြင်ဆင်ကြရပေသည်။ လှူဖွယ်ဝတ္ထုပစ္စည်းများ စုံလင်ပါက တစ်ယောက်တစ်လက်ဖြင့်ယူဆောင်ကြပြီး တန်းစီကာ အတန်းလိုက် စည်သူရှင်ဘုရားသို့ သွားရောက်ကြပေတော့သည်။ ပဒေသာပင်ကြီးများကိုကား အတန်း၏နောက်ဆုံးတွင် အမျိုးသားများမှ ဝိုင်းဝန်းသယ်ယူကြပေသည်။ ဘုရားသို့ရောက်ရှိသည့်အခါ ရပ်ကွက်အလိုက်နေရာယူကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများကို ရှေ့တွင်ချကာ ရွာရှိဘုန်းတော်ကြီးကျောင်းများမှ ပင့်ဖိတ်ထားသော ဘုန်းတော်ကြီးတို့ကို ရှိခိုးကန်တော့ကြပြီး တရားတော်များကိုနာယူကြရသည်။ ပြီးမှ မဲနှိုက်ကာ မဲကျသည့်ရပ်ကွက်၏ ကထိန်လှူဖွယ်များကို မဲပေါက်သည့် ဘုန်းတော်ကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော်ထံ ဆက်ကပ်လှူဒါန်းမှုပြုကြလေ၏။ ပဒေသာပင်မှ ဝတ္ထုငွေအချို့ကိုဖြုတ်၍ ကလေးငယ်လေးများကို ဘုန်းဘုန်းတို့မှ ပြန်လည်စွန့်ပေးတတ်သေးသည်။ ဘုန်းဘုန်းစွန့်၍ရသည့် ငွေစက္ကူလေးများကို တမြတ်တနိုးသိမ်းထားကြသူများနှင့် မုန့်ဝယ်စားကြသူများမှာလည်း ပီတိပန်း၊ အပြုံးပန်းတို့ဖြင့် အလွန်တရာကြည်နူးဖွယ်ဖြစ်ပေတော့သည်။ ထိုတန်ဆောင်မုန်းလအခါသည်ကား နေရာတိုင်းတွင် ရှုချင့်စဖွယ်၊ သာယာကြည်နူးဖွယ်၊ ပျော်ရွှင်ဖွယ်၊ ပီတိဖြစ်ဖွယ်၊ အလှူရေစက်လက်နှင့်မကွာရသော လမြတ်အခါဖြစ်ပါသည်တကား။
တန်ဆောင်မုန်းလပြည့်နေ့တွင်ကား နေ့အချိန်တွင် ဘိုးဘွားမိဘဆရာသမားများကို လိုက်လံကန်တော့ကြပြီး ကုသိုလ်ထပ်လောင်းယူကြပြန်သည်။ ညနေမှောင်ရီပျိုးစအချိန်မှစ၍ ညတွင်ကားအချိန်မသတ်မှတ်တော့ဘဲ အဖွဲ့ကောင်းလျှင်ကောင်းသလို လူငယ်များဝိုင်းဖွဲ့ချက်ပြုတ်စားသောက်ကြပေတော့သည်။ ညနေချမ်းအချိန်တွင် ကလေးငယ်များ၊ အမျိုးသားများ၊ အမျိုးသမီးများတို့သည် အစုစု၊ အဖွဲ့ဖွဲ့ဖြင့် မိမိတို့နှင့် ခင်မင်ရင်းနှီးရာ အိမ်များသို့သွားကာ မုန့်ဖိုးများတောင်းကြ၊ ဝယ်ကြ၊ ချက်ကြနှင့်ပျော်ပွဲဆင်နွှဲကြလေသည်။ ပံ့သကူပစ်သူများကလည်း ချုံပုတ်များ၊ ဘုရားကျောင်းဝင်းများ၊ ခြံစည်းရိုးများပေါ်တွင် လူတို့ရုတ်တရက်မမြင်သာ နိုင်သောနေရာတို့တွင် ပံ့သကူဖွက်ထားကြလေသည်။ ညဉ့်သည်နက်သည်ထက် နက်လာသောအခါတွင် ပံ့သကူရှာကြသူများ၏ တီးတိုးတီးတိုးပြောဆိုနေကြသံတို့ကို ကြားနေရသည်။ မိမိပစ်ထားသောပံ့သကူပစ္စည်းလေးများ၊ ငွေကြေးလေးများကို ရှာတွေ့သွား၍ ပျော်နေကြသူတို့၏အသံတို့ကို ကြားနေရသည်မှာလည်း ကြည်နူးပီတိဖြစ်ရပေသည်။ ညဉ့်အတော်နက်၍ လူအများ အိပ်ကြသည့်အချိန်တွင်မှ ကာလသားများက အပျော်သဘောဖြင့် ကြက်ခိုးကြ၊ ဘူးသီးခိုးကြနှင့် ပျော်ကြစားကြလေတော့သည်။ တန်ဆောင်မုန်းလပြည့်ညတွင်ကား "သွေးညီသားညီ မဲဇလီ" ဆိုသည့်အတိုင်း အိမ်တိုင်းလိုလို မဲဇလီဖူးများသုပ်ကာ တပျော်တပါး၊ စကားတပြောပြောဖြင့် စားကြသည်။ တန်ဆောင်မုန်းလအခါတွင် ဆေးပင်အပေါင်းကိုစောင့်သောနတ်တို့သည် မဲဇလီပင်စောင့်နတ်မင်းကြီးထံ တညီတညွတ်တည်း လာရောက်ခစားကြသည်ဖြစ်၍ မဲဇလီဖူးသုပ်ကိုစားလျှင် (၉၆) ပါးရောဂါများကင်းရှင်းပြီး အသက်ရှည်ရသည်ဟုလည်းဆိုသည်။ ထို့ပြင် အသုပ်စုံ၊ ကြာဆံဟင်းခါး၊ မုန့်ဟင်းခါး စသည်ဖြင့် ထိုညအဖို့ ဗိုက်ရိုက်စားရသည်ပင်။ တစ်အိမ်နှင့်တစ်အိမ် မိမိတို့လုပ်စားကြသည့် အစားအစာများကို အပြန်အလှန် ပေးကမ်းဝေမျှကြခြင်းဖြင့် ချစ်ခင်စည်းလုံးကြသည်မှာ ချစ်စရာ့ဓလေ့တစ်ခုပင်ဖြစ်သည်။
ထို့ကြောင့် ထိုတန်ဆောင်မုန်းလသည်ကား လတကာ့လများထဲတွင် ပီတိအဖြစ်ရဆုံး၊ အပျော်ရွှင်ရဆုံး၊ ကုသိုလ်ထူးများကို ပြုလုပ်ခွင့်အရဆုံးတို့ကြောင့် ထူးကဲလှသည့် လမြတ်ဟုဆိုချင်သည်။ လတန်ဆောင်ရှိ ပျော်ပွဲရွှင်ပွဲများသည် စည်းလုံးခြင်းကိုအခြေခံသည်။ စုပေါင်းအားဖြင့် ကုသိုလ်အဟုန်ထုံမွှမ်းနိုင်သည်။ လူတို့သည်လည်း ကုသိုလ်ပန်း၊ ဒါနပန်းတို့ ဖူးပွင့်ဝေပြီး သင်းထုံကြိုင်နေသကဲ့သို့ လောကတစ်ခွင်တွင်လည်း တန်ဆောင်မုန်းလ၏ အထိမ်းအမှတ်ပန်းဖြစ်သော ခဝဲပန်းတို့က အဝါရောင်အဆင်းဖြင့် အလှဆင်ကာ မွှေးပျံ့နေသည်ဖြစ်ရာ မြောက်ပြန်လေအဝှေ့တွင် ကြိုင်လှိုင်သင်းပျံ့၍နေပေတော့သည်။ ။
သိမ့်(ပညာရေး)