နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ ရှမ်းပြည်နယ်ဗုဒ္ဓ တက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဓမ္မသာမိ(အောက်စဖို့စ် ဆရာတော်) အမှူးပြုသော ဆရာတော်ကြီးများနှင့် သံဃာတော်များအား ဖေဖော်ဝါရီ ၁၁ ရက် နေ့လယ်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင်နှင့် အဖွဲ့ဝင်များက သွားရောက်ဖူးမြော် ကြည်ညိုကြသည်။
ဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဒေါက်တာ ဓမ္မသာမိ(အောက်စဖို့စ်ဆရာတော်)ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး သာသနာ ရေးဆိုင်ရာများလျောက်ထားကာ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးေ၀ ကြသည်။ ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး၊ တိုင်းမှူးနှင့်အဖွဲ့ဝင်များ သည် ဗုဒ္ဓတက္ကသိုလ်ဝင်းအတွင်းရှိ ဗုဒ္ဓစာ ပေနှင့် ပတ်သက်သည့် စာကြည့်တိုက်အား လှည့်လည် ကြည့်ရှုကြသည်။
၎င်းနောက် ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ချမ်းသာရပ်ကွက်ရှိ သိမ်တောင်ပရိယတ္တိ စာသင်တိုက်သို့ သွားရောက်၍ ကျောင်းထိုင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစက ဘဒ္ဒန္တတေဇဝန္တ အမှူးပြုသော သံဃာတော်များအား ဖူးမြော်ကြည်ညိုကြပြီး သံဃာတော်များအတွက် လှူဖွယ်ပစ္စည်း များ ဆက်ကပ်လှူဒါန်းပြီး သာသနာရေးဆိုင်ရာများ လျောက်ထားခဲ့ကြောင်း သတင်းရရှိ သည်။