ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံ ပြည်သူများအား COVID- 19 ရောဂါကာကွယ်ဆေး ထိုးနှံ

နေပြည်တော်  ဧပြီ  ၂၁

တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး   အသက် ၆၅ နှစ်အထက်  သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်    တိုင်းရင်းသား ပြည်သူများအား COVID- 19 ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ဆေးပစ္စည်းများကို တပ်မတော် လေယာဉ်များဖြင့်  သယ်ယူပို့ဆောင်ပေးခြင်းများနှင့်  ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊  တောင်ကြီးမြို့၊ ညောင်ရွှေမြို့၊ ကလောမြို့၊ ရပ်စောက်မြို့၊ ဖယ်ခုံမြို့၊ ဟိုပုံးမြို့၊ ပင်လောင်းမြို့၊ ရွာငံမြို့၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊  ကျိုင်းတုံမြို့၊  မန္တလေး တိုင်းဒေသကြီး၊   ချမ်းမြသာစည်မြို့နယ်၊မန္တလေးခရိုင်နှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူ မြို့နယ်တို့အတွင်းရှိ    ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊   ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံ တိုင်းရင်းသား ပြည်သူများအား သတ်မှတ်နေရာ အသီးသီး၌ တပ်မတော်သား ပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများ ပါဝင်သော ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် အတူပူးပေါင်း၍ ကျန်းမာရေးစစ်ဆေးပေးပြီး COVID- 19 ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများ  ဆောင်ရွက်ပေးခဲ့ကြသည်။

ယင်းသို့   ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး   စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း     သတင်း ရရှိသည်။