ဒဏ်ရာရရှိသူများအား သွားရောက်ပို့ဆောင်သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနပိုင်ယာဉ်အား ခဲများ၊ လေးဂွများ၊ ဓားများဖြင့် ပစ်ခတ် တိုက်ခိုက်

နေပြည်တော်၊  ဖေဖော်ဝါရီ - ၂၁

    ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့မရဲစခန်းမှ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၂ဝ ရက်ညပိုင်းတွင် ဌာနမှ ထုတ်ပေးထားသော ဌာနပိုင်မော်တော်ယာဉ်ဖြင့် လူနာတစ်ဦးအား ဆေးရုံပို့ဆောင်ရန် အတွက်သွားရောက်စဉ် ရွှေပြည်သာမြို့နယ်၊ တ/၁၅ ရပ်ကွက်၊ ဗဟာဗန္ဓုလလမ်းရှေ့၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့အရောက်တွင် လမ်းပေါ်ရှိနေသူ ၂ဝ ဦးခန့်က လေးဂွ၊ တုတ်၊ ဓားများ ကိုင်ဆောင်၍ ပိတ်ဆို့တားဆီး ရန်ပြုလာသဖြင့် ခြောက်လှန့် ပစ်ခတ်ခဲ့မှုကြောင့် ဆူပူအကြမ်းဖက်သူများထဲမှ အရပ်သားတစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ကြောင်း သိရှိရသည်။

     ဖြစ်စဉ်မှာ ရွှေပြည်သာမြို့နယ်၊ ဏ/၁၄ ရပ်ကွက်၊ အောင်စေရတနာလမ်း၌ သံပုံး တီးသည့် ကိစ္စနှင့်ပတ်သက်၍ ရပ်ကွက်နေသူ အချင်းချင်း စကားများ ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း၊ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ဦးကိုကိုနိုင် ဆိုသူတွင် ဝဲလက်ခလယ်ပြတ် ဒဏ်ရာရရှိခဲ့ကြောင်း နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက သတင်းရရှိသဖြင့်  ဒဏ်ရာရရှိသူအား ဆေးရုံသို့ ပို့ဆောင်ကုသနိုင်ရေးအတွက် ဌာနပိုင်မော်တော်ယာဉ်ဖြင့် ခေါ်ယူခဲ့ကြောင်း၊ ထိုသို့ခေါ်ယူစဉ် တ/၁၅ ရပ်ကွက်၊ဗဟာဗန္ဓုလလမ်းရှေ့၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးရုံး ရှေ့အရောက်တွင် လမ်းပေါ်ရှိနေသူ ၂ဝ ဦးခန့်က မော်တော်ယာဉ်အား တားဆီး၍ လေးဂွ၊ တုတ်၊ ဓားများဖြင့် ပစ်ခတ်ရိုက်နှက်ခြင်းများ ပြုလုပ်လာခြင်းကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်နှစ်ဦးတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ဌာနပိုင်မော်တော်ယာဉ် ပျက်စီးမှုများ ဖြစ်ပွားခဲ့သည့်အပြင် ၎င်းလူအုပ်စုသည် ရဲတပ်ဖွဲ့ဝင်များ၏ အသက်အန္တရာယ် ဖြစ်စေသည်အထိ ရန်မူလာခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက မိုးပေါ်သို့ သေနတ်ဖြင့် ၃ ချက်ခန့်ခြောက်လှန့် ပစ်ခတ်လူစုခွဲခဲ့ရာ လူအုပ်အတွင်းရှိ အရပ်သားတစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ကြောင်း သိရှိရသည်။

     အဆိုပါ ရွှေပြည်သာမြို့နယ်သည် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၁၄၄ အမိန့်ထုတ်ပြန် ထားသည့် မြို့နယ်တစ်ခုဖြစ်ပြီး ယင်းမြို့နယ်အတွင်း လူ ၅ ဦး သို့မဟုတ် ၅ ဦးထက်ပိုသော သူများ စုဝေးခြင်း မပြုရန်နှင့် လှုံ့ဆော်ဆန္ဒပြခြင်း၊ ဖျက်ဆီးခြင်း၊ ရုန်းရင်းဆန်ခတ် ပြုမူခြင်းများကို မပြုလုပ်ရန် တားမြစ်ထားသည့် နေရာဖြစ်သည့်အပြင် လုံခြုံရေးနှင့် ပြည်သူလူထုအား ကူညီ ဆောင်ရွက်ပေးလျက်ရှိသော ရဲတပ်ဖွဲ့ဝင်များကို အသက်အန္တရာယ်ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့် ပါဝင်ပတ်သက်သူများအား ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ရပ်ရွာ အေးချမ်းသာယာရေး အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက နေ့ညမပြတ် ဆက်လက်ဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိသည်။