ဒီပဲယင်းမြို့၌ ဆွမ်းခံကြွနေသော သံဃာတော် ၁ ပါးကို PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာများရရှိ

 

ဒီပဲယင်းမြို့၌ ဆွမ်းခံကြွနေသော သံဃာတော် ၁ ပါးကို PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာများရရှိ

နေပြည်တော်၊ ၂၀၂၄ မေ - ၁၆

NUG ၊ CRPH  အကြမ်းဖက်အဖွဲ့များ၏ သေွးထိုးမြှောက်ပင့်ပေးမှုများကြောင့် PDF အမည်ခံအကြမ်းဖက်သမားများသည် ဒေသအချို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်ကြသည့် ပြည်သူအချို့အား အကြောင်းပြချက် အမျိုးမျိုးဖြင့် ခြိမ်းခြောက်၊ သတ်ဖြတ်၊ လုယက်မှုများ ကျူးလွန်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်များ၏ ကိုးကွယ်ယုံကြည်မှုကို ညှိုးနွမ်းစေရန် ဘုရား၊ စေတီ၊ ပုထိုးများအား Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ သံဃာတော်များအား လုပ်ကြံသတ်ဖြတ်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသည်ကို ပြည်သူများ သိရှိပြီးဖြစ်သည်။

ယခုတွင်လည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့၊ ကုန်းသာဦးဘုန်းတော်ကြီး ကျောင်းမှ ဘဒ္ဒန္တခေမာစာရ ၊ သက်တော် (၅၀) နှစ်၊ ဝါတော်(၂)ဝါ သည် မေလ ၉ ရက် နံနက် ၇ နာရီခန့်တွင် မြို့အတွင်းသို့ ဆွမ်းခံကြွရောက်စဉ် ချမ်းသာကြီးဘုရားအနီး အရောက်၌ PDF အမည်ခံအကြမ်းဖက်သမား ၅ ဦးက မော်တော်ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး ဆွမ်းခံကြွနေသည့် ဆရာတော်အား လက်နက်ငယ်များဖြင့်ပစ်ခတ်ခဲ့သဖြင့် လက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

ထိုသို့ လက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဆရာတော်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက ဒီပဲယင်းမြို့၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း နှင့် ယခုကဲ့သို့ ဗုဒ္ဓဘာသာဝင်များ၏ ကိုးကွယ်ယုံကြည်နေသည့် သံဃာတော်များအား အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမားများအား အမြန်ဆုံးဖော်ထုတ် ဖမ်းဆီးနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့် ပူးပေါင်းကာ စုံစမ်း ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

Dates: 
Wednesday, August 21, 2024 - 04:54