နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အကြိမ်(၂၀)မြောက် အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိခဲ့ကြသည့် မြန်မာနိုင်ငံတက္ကသိုလ်အားကစားအဖွဲ့များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
နေပြည်တော် စက်တင်ဘာ ၈
အကြိမ်(၂၀)မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ် များ ရရှိခဲ့ကြသည့် မြန်မာနိုင်ငံတက္ကသိုလ်အားကစားအဖွဲ့များအား ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေး၊ ကျန်းမာရေးနှင့်လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဒေါ်အေးနုစိန်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဒေါက်တာညွန့်ဖေ၊ ဦးမင်းသိန်ဇံနှင့်ဒေါက်တာ သက်သက်ခိုင်၊ ပြည် ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများဖြစ်ကြ သည့် ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်းနှင့်ဦးမျိုးလှိုင်၊ နိုင်ငံ့ဂုဏ်ဆောင် တက္ကသိုလ် ကျောင်းသူ၊ ကျောင်းသား၊ အားကစားသမားများ၊ နည်းပြများ၊ အုပ်ချုပ်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားသည် ဇူလိုင်၂၆ ရက်မှ ဩဂုတ် ၆ ရက်အထိ ထိုင်းနိုင်ငံ၊ အူဘွန်းရချဌာနီမြို့တွင် ကျင်းပခဲ့သည့် အကြိမ်(၂၀)မြောက် အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်များဆွတ်ခူးရရှိခဲ့ကြသည့် မြန်မာ နိုင်ငံတက္ကသိုလ်အားကစားအဖွဲ့ဝင်များကို ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည့် အခမ်းအနား ဖြစ်ကြောင်း။
အားကစားဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ ကျန်းမာကြံ့ခိုင်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယကြီးမားမှုနှင့် စည်းလုံးညီညွတ်မှုတို့ကို ပေါ်လွင်စေပြီး အားကစားပြိုင်ပွဲ များသည် တရားမျှတမှုရှိသည့် စွမ်းရည်ပြယှဉ်ပြိုင်မှုများဖြစ်ကြောင်း၊ အလားတူ အား ကစားဆိုသည်မှာ နိုင်ငံသူ၊ နိုင်ငံသားများ၏ စိတ်နှလုံးကို ဆွဲဆောင်သိမ်းသွင်း နိုင်ခြင်း၊ နိုင်ငံဂုဏ်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို မြှင့်တင်ကာ အမျိုးသားရေး စိတ်ဓာတ်များ ပိုမို ထက်သန်စေနိုင်ပြီး ယှဉ်ပြိုင်မှုတိုင်းတွင် အနိုင်မခံ၊ အရှုံးမပေးသည့်စိတ်ဓာတ်၊ နိုင်ငံနှင့် လူမျိုး၏ ခိုင်မာသည့်စိတ်ဓာတ်များကို ဖော်ပြရာလည်းရောက်သည့်အတွက် ကမ္ဘာ့ နိုင်ငံများတွင် အားကစားအဆင့်အတန်းကို မြှင့်တင်ကြိုးပမ်းဆောင်ရွက်လျက်ရှိနေကြ ကြောင်း၊ နိုင်ငံတစ်နိုင်ငံဘက်စုံဖွံ့ဖြိုး တိုးတက်ရေးတွင် အားကစားကဏ္ဍသည်လည်း အထူးအရေးပါကြောင်း၊ ယခုကဲ့သို့ မိမိတို့၏ စွမ်းရည်ဉာဏ်ပညာကို အသုံးပြုယှဉ်ပြိုင် အောင်ပွဲဆင်နိုင်ခဲ့သည့်အတွက် များစွာဝမ်းမြောက်ဂုဏ်ယူကြောင်း။
ထို့အတူ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် အားကစားနည်းများတွင် အားကစား သမားအချင်းချင်းအပြန်အလှန်လေးစားမှု၊ ချစ်ခင်ညီညွတ်မှု၊ ကူညီရိုင်းပင်းမှုတို့ဖြင့် ယှဉ်ပြိုင်ခဲ့ကြပြီး တရားသဖြင့် အောင်နိုင်ရေးကိုဦးတည်သည့် အားကစားစိတ်ဓာတ်ဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်ကို သိရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း။
အားကစားအောင်မြင်မှုဖြင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာကိုမြှင့်တင်နိုင်ရန် ပြိုင်ပွဲ တိုင်းအနိုင်ရရှိရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် မြန်မာတက္ကသိုလ်ကျောင်း သား၊ ကျောင်းသူ အားကစားအဖွဲ့ဝင် မောင်မယ်အားလုံး ကြိုးပမ်းအားထုတ် ဆောင်ရွက်ခဲ့ကြသည့်အတွက် ယခုကဲ့သို့ အောင်မြင်မှုများ ရရှိခဲ့ကြခြင်းဖြစ်ကြောင်း။
မိမိတို့နိုင်ငံကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေးအတွက် နယ်ပယ်စုံ၊ ကဏ္ဍစုံ အားထုတ်ကြိုးပမ်းဆောင်ရွက်ရာတွင် အားကစားကဏ္ဍကို တစ်ခန်းတစ်ကဏ္ဍ ထည့်သွင်းပြီး နိုင်ငံတကာအဆင့်မီ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်ကစနစ် တကျ အစီအမံများချမှတ်ဆောင်ရွက်လျက်ရှိကြောင်း။
တစ်နည်းအားဖြင့် မိမိနိုင်ငံ ပြည်သူပြည်သားများ၏ ကျန်းမာကြံ့ခိုင်မှုနှင့် အားကစားအဆင့်အတန်းကို မြှင့်တင်နိုင်ရေးအတွက် ပြည်တွင်းအားကစားပြိုင်ပွဲများ၊ ဒေသတွင်း အားကစားပြိုင်ပွဲများနှင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင် ကြပြီး မိမိတို့၏ အားကစားစွမ်းရည်ကို ထုတ်ဖော်ပြသနိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းအားထုတ်နေကြသည်ကို တွေ့မြင်ကြရမည်ဖြစ်ကြောင်း။
မည်သည့်အားကစားမဆို ချက်ချင်းမွေးယူ၊ ချက်ချင်းကြီးထွားတိုးတက်အောင် ဆောင်ရွက်၍ရသော အရာမဟုတ်ကြောင်း၊ ထို့ကြောင့် ကာယစွမ်းအားသာမက စိတ်ဓာတ်စွမ်းအားနှင့် ဉာဏစွမ်းအားများ မြင့်မားစေခြင်းဖြင့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာများပိုမိုတိုးတက်လာစေရန် အားကစားကိုအားပေးမြှင့်တင်ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း။
အားကစားကောင်းမှ ပညာကောင်းမည်ဖြစ်ပြီး ပညာကောင်းမှ နိုင်ငံ တိုးတက်မည်ဖြစ်သည့်အတွက် ပညာတတ်သော၊ စိတ်ဓာတ်စည်းကမ်းကြံ့ခိုင်သော လူချွန်လူကောင်းများ ပေါ်ထွက်လာစေရန် အားကစားကဏ္ဍကို ပညာရေးနှင့်ပေါင်းစပ် မြှင့်တင်ပေးရမည်ဖြစ်ကြောင်း။
ပညာရေးဝန်ကြီးဌာနအနေဖြင့် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရေးနှင့် အားကစားကဏ္ဍမြှင့်တင်ရေးအတွက် ကျောင်းအားကစားကွင်းများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ ပညာရေးနှင့် အားကစားပေါင်းစပ် သင်ယူနိုင် သည့် အခွင့်အလမ်းများ တိုးမြှင့်ဖော်ဆောင်ပေးလျက်ရှိကြောင်း။
တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကာယဆရာ ဆရာမများ အတွက် သင်တန်းများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့ သကဲ့သို့ ဒဂုံတက္ကသိုလ်နှင့် ရတနာပုံတက္ကသိုလ် တို့တွင်လည်း B.Sc (Sports)ဘွဲ့ သင်တန်းကိုလည်း ပူးပေါင်းသင်ကြားပို့ချလျက်ရှိကြောင်း။
အလားတူ တက္ကသိုလ်ကောလိပ်များနှင့် စာသင်ကျောင်းများတွင်လည်း အားကစားနည်းပြများ၊ ကာယဆရာများ ခန့်အပ်ပေးထားကာ ပညာရေးကို အားကစားကဏ္ဍနှင့် ပေါင်းစပ်မြှင့်တင်ရင်း မျိုးဆက်သစ် ပညာတတ်လူငယ် လူရွယ် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေး ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း။
ထို့ပြင် ကလေးငယ်များ ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည် ဖွံ့ဖြိုးစေရေးအတွက် ကျောင်းတွင်း အာဟာရကျွေးမွေးရေးလုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိခြင်းကို ပိုမိုအားထုတ်တိုးချဲ့ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့မှသာ ကျန်းမာကြံ့ခိုင်ပြီး အရည်အသွေးနှင့် စိတ်ဓာတ်ကောင်းမွန်သော မျိုးဆက်သစ်လူငယ်လူရွယ်များ မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း။
တက္ကသိုလ်အားကစားပြိုင်ပွဲများကို လေ့လာကြည့်မည်ဆိုလျှင် မြန်မာနိုင်ငံ အနေဖြင့် (၂)နှစ် တစ်ကြိမ် အလှည့်ကျကျင်းပသည့် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲဖြစ်သော ၂၀၁၀ ပြည့်နှစ်၊ ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် (၁၅)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များအားကစားပြိုင်ပွဲမှစတင်၍ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း၊ ပြိုင်ပွဲတွင် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ရေကူး၊ စားပွဲတင်တင်းနစ်၊ တင်းနစ်၊ ဂေါက်ဖ်နှင့် ပြေးခုန်ပစ်အားကစားနည်းများတွင် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ အားကစားသမား (၄၇)ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး ဘောလုံး၊ ပိုက်ကျော်ခြင်းနှင့် တင်းနစ်အားကစားနည်းများတွင် ကြေးတံဆိပ်(၁)ခုစီ ဆွတ်ခူးရရှိခဲ့ကြောင်း။
ဒုတိယအကြိမ် ဝင်ရောက်ယှဉ်ပြိုင်မှုအဖြစ် ၂၀၁၂ ခုနှစ်၊ လာအိုနိုင်ငံ၌ ကျင်းပခဲ့သည့် (၁၆)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များအားကစားပြိုင်ပွဲသို့ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ အားကစားသမား(၆၂)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ပိုက်ကျော်ခြင်းအားကစားနည်းတွင် ရွှေတံဆိပ်- ၁ခု၊ ကြေးတံဆိပ် -၂ခု ဆွတ်ခူး ရရှိခဲ့ကြောင်း။
တတိယအကြိမ် ဝင်ရောက်ယှဉ်ပြိုင်မှုအဖြစ် ၂၀၁၄ခုနှစ်၊ အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် (၁၇)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များအားကစားပြိုင်ပွဲသို့ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ အားကစားသမား(၈၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ဝူရှူးနှင့် ကရာတေးဒိုတွင် ငွေတံဆိပ်- ၃ခု၊ ကြေးတံဆိပ် (၅)ခု၊ ပိုက်ကျော်ခြင်းတွင် ကြေးတံဆိပ်(၂)ခုနှင့် ပြေးခုန်ပစ်အားကစား နည်းတွင် ကြေးတံဆိပ် (၃)ခု ဆွတ်ခူး ရရှိခဲ့ကြောင်း။
စတုတ္ထအကြိမ် ဝင်ရောက်ယှဉ်ပြိုင်မှုအဖြစ် ၂၀၁၆ ခုနှစ်၊ စင်ကာပူနိုင်ငံ၌ ကျင်းပခဲ့သည့် (၁၈)ကြိမ်မြောက် အရှေ့တောင် အာရှတက္ကသိုလ်များအားကစားပြိုင်ပွဲသို့ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ အားကစားသမား (၃၇)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ပိုက်ကျော်ခြင်း အားကစားနည်းတွင် ငွေတံဆိပ်- ၁ ခု ဆွတ်ခူးရရှိခဲ့ကြောင်း။
၂၀၁၈ခုနှစ်တွင် (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှတက္ကသိုလ်များ အား ကစားပြိုင်ပွဲကို မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ပြီး အားကစားနည်း (၁၇)မျိုး ထည့်သွင်းကျင်းပခဲ့ကြောင်း၊ ကျင်းပခဲ့သည့် အားကစားနည်းတိုင်းတွင် မြန်မာ နိုင်ငံမှ ကျောင်းသား၊ ကျောင်းသူ အားကစားသမား (၃၅၃)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ် -၂၄ ခု၊ ငွေတံဆိပ် -၂၆ ခုနှင့် ကြေးတံဆိပ် -၂၉ ခု တို့ကို ဆွတ်ခူးရရှိခဲ့ပြီး နိုင်ငံအလိုက် အဆင့်ရပ်တည်မှု အဆင့်(၄)တွင် ရပ်တည်နိုင်ခဲ့ကြောင်း။
ယခု ၂၀၂၂ ခုနှစ်၊ ထိုင်းနိုင်ငံ၌ကျင်းပသည့် အကြိမ်(၂၀)မြောက် အရှေ့တောင် အာရှ တက္ကသိုလ်များအားကစားပြိုင်ပွဲတွင် အားကစားနည်း (၂၃)မျိုးပါဝင်သော်လည်း မြန်မာနိုင်ငံတက္ကသိုလ်များအားကစားအဖွဲ့မှ ကိုဗစ်- ၁၉ ကပ်ရောဂါကူးစက်မှု လွန် မြောက်ကာလဖြစ်၍ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ဝူရှူးနှင့် မြားပစ်အားကစား နည်း(၄) မျိုးတွင်သာ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ အားကစားသမား (၃၃)ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ကြောင်း၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ အားကစား မောင်မယ်များ သည် နည်းစနစ်ပိုင်နိုင်ကျွမ်းကျင်မှု၊ အားကစား စွမ်းဆောင်ရည်မြင့်မားမှု၊ စံချိန်စံညွှန်း ကောင်းမွန်မှု စသည့်အချက်များပြည်ဝခိုင်မာစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့်အတွက် စုစု ပေါင်း ရွှေတံဆိပ် ဆု-၂ ခု၊ ငွေတံဆိပ် ဆု-၂ ခုနှင့် ကြေးတံဆိပ်ဆု-၂ ခု ဆွတ်ခူး ရရှိခဲ့ကြကြောင်း။
ထိုသို့ သွားရောက်ယှဉ်ပြိုင်ခဲ့ရာတွင် အားကစားသမားတစ်ဦးလျှင်ငွေ ကျပ်နှစ်သိန်းနှင့် အမေရိကန်ဒေါ်လာ (၂၀၀)နှုန်း၊ နည်းပြတစ်ဦးလျှင် ငွေကျပ်တစ်သိန်း နှင့် အမေရိကန်ဒေါ်လာ (၁၀၀) နှုန်းစီတို့အား နိုင်ငံတော်ဝန်ကြီးချုပ်မှ ထောက်ပံ့ ချီးမြှင့်ခဲ့ကြောင်း။
ယခု ဂုဏ်ပြုချီးမြှင့်ပွဲတွင်လည်း တစ်ဦးချင်းပြိုင်ပွဲများတွင် ရွှေတံဆိပ်ရရှိခဲ့ သူများကို ငွေကျပ်(၇၅)သိန်း၊ ငွေတံဆိပ်ရရှိခဲ့သူများကို ငွေကျပ်သိန်း(၅၀)၊ ကြေး တံဆိပ် ရရှိခဲ့သူများကို ငွေကျပ်(၂၅)သိန်းစီ ချီးမြှင့်ပေးမည့်အပြင်၊ အဖွဲ့လိုက်ပြိုင်ပွဲဖြစ် သည့် ဘောလုံးအားကစားပြိုင်ပွဲတွင် ကြေးတံဆိပ်ရရှိခဲ့သည့် ပြိုင်ပွဲဝင် အားကစားသမား များကို တစ်ဦးလျှင် ငွေကျပ်(၁၀)သိန်းစီ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် အားကစားနည်းအလိုက် တာဝန်ယူဆောင်ရွက်ခဲ့ကြသည့် နည်းပြနှင့် အုပ်ချုပ်သူများကို ရွှေတံဆိပ် အတွက်တစ်ဦးလျှင် ငွေကျပ်သိန်း(၂၀)စီ၊ ငွေတံဆိပ်အတွက် ငွေကျပ်(၁၅) သိန်းစီ၊ ကြေးတံဆိပ်အတွက် ငွေကျပ်(၁၀)သိန်းစီ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည့် အတွက် စုစုပေါင်းငွေကျပ် ငါးရာငါးဆယ့်ငါးသိန်းကို ယနေ့အခမ်းနားတွင်လက်ရောက် ပေးအပ် ချီးမြှင့်သွားမည် ဖြစ်ကြောင်း။
တက္ကသိုလ်အားကစားသမားများသည် သတ်မှတ်ထားသည့် ပြိုင်ပွဲ စည်းမျဉ်း စည်းကမ်းများကိုသာမက နည်းပြဆရာများ၏ လမ်းညွှန်မှုများကို လိုက်နာ ခဲ့ကြပြီး အားကစားစိတ်ဓာတ်အပြည့်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသဖြင့် ရွှေ၊ ငွေနှင့် ကြေးဆု တံဆိပ်များ ဆွတ်ခူးနိုင်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ချီးကျူးဂုဏ်ပြု မှတ်တမ်းတင်ကြောင်းနှင့် နောင်လာမည့် ပြိုင်ပွဲများတွင် အောင်မြင်မှုများရယူနိုင်ရန် ကြိုတင်လေ့ကျင့်ပြင်ဆင် ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွှန့်ဖေ က အကြိမ်(၂၀)မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ သည့် အခြေအနေကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက အကြိမ်(၂၀) မြောက် အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲ ဝူရှူးအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ဆုရရှိသူနှစ်ဦးကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦးက ဝူရှူးအားကစားပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရရှိသူနှစ်ဦးကို လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါ်အေးနုစိန်က ဝူရှူးအားကစား ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုရရှိသူ တစ်ဦးနှင့် ကြေးတံဆိပ်ရရှိသည့် မြန်မာနိုင်ငံတက္ကသိုလ် အမျိုးသားဘောလုံးအသင်းကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ဝူရှူးအားကစားအဖွဲ့ အုပ်ချုပ်သူနှင့် နည်းပြကိုလည်းကောင်း၊ ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံက ဘောလုံးအားကစားအဖွဲ့ အုပ်ချုပ်သူနှင့်နည်းပြများကိုလည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် နိုင်ငံ့ဂုဏ်ဆောင်ဆုတံဆိပ်ရ အားကစားသမားများကိုယ်စား ဝူရှူးအား ကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိသည့် မအေးသစ္စာမြင့်က ကျေးဇူးတင်စကားပြန်လည် ပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်းသိရသည်။