ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

 
နေပြည်တော် အောက်တိုဘာ ၁၂

 
၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးမင်းသိမ်းဇံ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တာဝန်ရှိဖိတ်ကြားထားသူ များက ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံလွတ်လပ်ရေး ရခဲ့သည်မှာ ယခု ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်ဆိုလျှင် ၇၄ နှစ်ပြည့်မြောက်ပြီဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ သမိုင်း ကြောင်းကို ပြန်လည်လေ့လာမည်ဆိုပါက ၉ ရာစုဝန်းကျင်မှစ၍ ပျူမြို့ပြနိုင်ငံ (City State)များပေါ်ပေါက်ခဲ့ကြောင်း၊ ၁၁ ရာစု ပတ်ဝန်းကျင်တွင် ပုဂံ Dynasty ပေါ်ပေါက်ခဲ့ကြောင်း၊ ၁၄ ရာစုတွင် အင်းဝ၊ တောင်ငူ၊ ဟံသာဝတီ၊ မြင်စိုင်း၊ ပင်းယ၊ ကယား၊ မိုးညှင်း၊ မိုးကောင်း၊ သီပေါ၊ မြောက်ဦး စသည့် Small Kingdom များ ပေါ်ပေါက်လာ ခဲ့ကြောင်း၊ ၁၅ ရာစုနှင့် ၁၇ ရာစုကြားတွင် တောင်ငူ Dynasty ပေါ်ပေါက်ခဲ့ပြီး ၁၇၅၂ခုနှစ် နှင့် ၁၈၈၅ခုနှစ် ကြားတွင် ကုန်းဘောင် Dynasty ပေါ်ပေါက်ခဲ့ကြောင်း၊ ခိုင်မာသည့်မြန်မာ့သမိုင်း ကြောင်းတစ်လျှောက် ပေါ်ပေါက်ခဲ့သည့် City State များ၊ Small Kingdom များနှင့် Dynasty များသည် အုပ်ချုပ်သည့် မင်းနှင့် ပြည်သူတို့ ၏ စည်းလုံးညီညွတ်မှု ပြယုဒ်ပင်ဖြစ်ပြီး အင်အားကြီးမားသည့်လက်နက်ကိုင်တပ်ဖွဲ့များလည်းရှိခဲ့ကြကြောင်း၊ ပတ်ဝန်းကျင်ဒေသ များရှိ ခေတ်ပြိုင် နိုင်ငံများနှင့်အပြိုင် စည်ပင်သာယာထွန်းကားခဲ့ကြောင်း။
သို့သော် ၁၈၂၄ −၁၈၂၆ ခုနှစ်တွင် ပထမ အင်္ဂလိပ် - မြန်မာ စစ်ဖြစ်ပွားခဲ့ရာ ရခိုင်၊ အာသံ၊ မဏိပူရနှင့် တနင်္သာရီနယ်မြေများကိုလက်လွတ်ဆုံးရှုံးခဲ့ရကြောင်း၊ ၁၈၅၂ ခုနှစ်တွင် ဒုတိယ အင်္ဂလိပ် - မြန်မာစစ်ဖြစ်ပွားခဲ့ရာ ပဲခူးအပါအဝင် မြန်မာနိုင်ငံအောက်ပိုင်း ကိုဆုံးရှုံး ခဲ့ရကြောင်း၊ ၁၈၈၅ခုနှစ်တွင် တတိယ အင်္ဂလိပ်- မြန်မာ စစ်ဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံ တစ်နိုင်ငံလုံး သူ့ကျွန်ဘဝကျရောက်ကာ လွတ်လပ်ရေးဆုံးရှုံးခဲ့ရကြောင်း။
ပြည်သူများ စည်းလုံးညီညွတ်မှုရှိပြီး စနစ်တကျဖွဲ့စည်းထားသည့် ခေတ်မီ တပ်မတော် ရှိလျှင် နိုင်ငံအင်အားတောင့်တင်းကြောင်း၊ ပြည်သူအချင်းချင်း၊မင်းညီ မင်းသား အချင်းချင်း ညီညွတ်မှုမရှိဘဲ ပြည်ပအားကိုးပြီး သူတစ်လူငါတစ်မင်းဖြစ်သည့် အချိန်ကာလမျိုးတွင် လွတ်လပ်ရေးဆုံးရှုံးခဲ့ရကြောင်း၊ သမိုင်းသင်ခန်းစာများပင်ဖြစ်ကြောင်း၊ လွတ်လပ်ရေး ဆုံးရှုံးရသည့် ခါးသီးသောအတွေ့အကြုံများကို မျိုးဆက်သစ်လူငယ်များသိရှိနိုင် ရေးသည် အရေးကြီး ကြောင်း၊ မြန်မာ့သမိုင်းကြောင်းများကို အမြဲဖော်ထုတ်ပေးရန်လိုအပ်ကြောင်း၊ အနှစ်သာရ ရှိသည့် လွတ်လပ်ရေးနေ့အခမ်းအနားကို နိုင်ငံတော်အဆင့် အနှစ်သာရပြည့်ဝစွာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
လွတ်လပ်ရေးဆုံးရှုံးခဲ့သည့်ကာလမှစ၍ လွတ်လပ်ရေးပြန်ရသည်အထိ အသက်သွေး၊ ချွေးမြောက်များစွာပေးဆပ်ခဲ့ရသည့်သမိုင်းကြောင်းများကိုလည်း ဖော်ထုတ်ပေးနိုင်မှသာ နောင်လာမည့်မျိုးဆက်သစ်များအနေဖြင့် လွတ်လပ်ရေး၏အနှစ်သာရ၊ ကိုယ်ပိုင်အသိစိတ် ဓာတ်၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် လွတ်လပ်စွာစီမံဆောင်ရွက်နိုင်သည့် အခြေအနေများကို လည်း သိရှိနိုင်ရန်လိုအပ်ကြောင်း။
၇၄ နှစ်မြောက်တိုင်ပြီဖြစ်သော လွတ်လပ်ရေးနေ့အခါကာလအတွက် အမျိုးသား ခေါင်းဆောင်ကြီးများနှင့် တိုင်းရင်းသားခေါင်းဆောင်ကြီးများက နယ်ချဲ့ တို့ကိုလွတ်လပ်ရေး ဆုံးရှုံးခဲ့ရသည့်အချိန်မှစ၍ ဒေသအလိုက်တော်လှန်ခဲ့ကြကြောင်း။ လွတ်လပ်ရေးကြိုးပမ်း ချိန်တွင် အခက်အခဲမျိုးစုံကြုံတွေ့ခဲ့ရသကဲ့သို့ ရွှေရည်စိမ်လွတ်လပ်ရေးမျိုးကိုလည်း ရရှိခဲ့ ကြောင်း၊ လွတ်လပ်ရေးနှင့်ပတ်သက်၍ အသက်သွေး၊ချွေးမြောက်များစွာပေးဆပ်ရယူ ခဲ့ရကြောင်း၊ လွတ်လပ်ရေးရယူခဲ့သည့် သမိုင်းကြောင်းများကို နောင်လာမည့်မျိုးဆက် သစ်များသိရှိရန် လိုအပ်ကြောင်း၊ ထိုသို့သိရှိနိုင်ရန် အသိပညာ ပေးရမည်သက်ဆိုင်ရာ ကော်မတီများအနေဖြင့် အသိပညာဖြန့်ဝေပေးနိုင်ရန်လိုအပ်ကြောင်း၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် လွတ်လပ်ရေးဆုံးရှုံးခဲ့ရမှု၊ လွတ်လပ်ရေး ပြန်လည်ရရှိရန်ကြိုးပမ်း ခဲ့မှုများနှင့်ပတ်သက်၍ စာစီစာကုံး၊ ကျပန်းစကားပြောပွဲ စသည့် ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်များအတွက် ပြိုင်ပွဲများကိုဆောင်ရွက်ပေးခြင်းဖြင့် သမိုင်းကြောင်းအစဉ်အလာ များကို ထိန်းသိမ်းနိုင်မည် ဖြစ်ကြောင်း။
မိမိတို့နိုင်ငံလွတ်လပ်ရေးရရှိရေးအတွက် ခေတ်အဆက်ဆက်ရှိ တိုင်းရင်းသား ခေါင်းဆောင်အသီးသီးတို့က အမျိုးဂုဏ်ဇာတိဂုဏ်မပျက်စေရန် မျိုးချစ်စိတ်ဓာတ်ရှိသူများ၊ နိုင်ငံချစ် စိတ်ရှိသူများက တိုင်းရင်းသားပြည်သူများနှင့် ပေါင်းစည်း၍လွတ်လပ်ရေးကို မရ ရသည့်နည်းဖြင့်ရယူခဲ့ရခြင်းဖြစ်ကြောင်း၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း နှင့်ရဲဘော်သုံးချိတ်တို့ကစစ်ပညာများကို ဂျပန်နိုင်ငံတွင် အပင်ပန်းအဆင်းရဲခံ ကာသင်ကြား ခဲ့ပြီး ၎င်းစစ်ပညာများနှင့်အတူ တိုင်းပြည်လွတ်လပ်ရေးရရှိအောင် ဆောင်ရွက်ခဲ့သည်မှာ မေ့ပျောက်၍မရသည့် သမိုင်းကြောင်းဖြစ်ကြောင်း၊ ထိုသို့ကြိုးပမ်းဆောင်ရွက်ခဲ့မှုကြောင့် ရရှိခဲ့သည့်လွတ်လပ်ရေးကို မည်သို့မျှဆုံးရှုံးမှုမရှိစေရေး ဒို့တာဝန်အရေးသုံးပါးနှင့်အညီ အနှစ်သာရရှိသည့် နိုင်ငံတော်အဆင့် လွတ်လပ်ရေးနေ့ အခမ်းအနားကို နှစ်စဉ်ကျင်းပခြင်း ဖြစ်ကြောင်း။
၇၄ နှစ်မြောက်လွတ်လပ်ရေးနေ့ကျင်းပနိုင်ရန် ဆပ်ကော်မတီ ၁၀ ခု ဖွဲ့စည်း ထားသော်လည်း ကိုဗစ်−၁၉ ရောဂါနှင့် ပတ်သက်၍ ရောဂါကူးစက်မှု နှုန်းများ လျော့ကျမှု အခြေအနေများကို ချိန်ဆဆောင်ရွက်ရမည်ဖြစ်ပြီး ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်−၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်သောထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများ အတိုင်း စီမံဆောင်ရွက်သွား ကြရန်လိုကြောင်း၊ ကိုဗစ်−၁၉ ရောဂါဖြစ်ပွားမှု အခြေအနေပေါ်မူတည်၍ စီစဉ်ဆောင်ရွက် မှုများ ခွဲခြားဆောင်ရွက်ထားရန်လိုကြောင်း၊ ကိုဗစ်−၁၉ စည်းကမ်းနှင့်အညီ ဖိတ်ကြားနိုင် မည့် အင်အားများကို ကြိုတင်စီမံဆောင်ရွက်ထားရန် လိုအပ်ကြောင်း။
နိုင်ငံတော်၏ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရန်လိုကြောင်းနှင့် နိုင်ငံတော် အင်အားရှိမှု၊ ပြည်သူအားလုံးက စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ရှိမှု ၊ စနစ်တကျ ဖွဲ့စည်းထားသော ခေတ်မီတပ်မတော်ရှိမှုစသည့်အချက်များ ပြည့်စုံမှသာ မိမိတို့နိုင်ငံ တော်ကြီး တိုးတက်စည်ပင်ဖွံ့ဖြိုးလာမည်ကို မျိုးဆက်သစ်လူငယ်များသိရှိရန်လိုကြောင်း။ လွတ်လပ်ရေးဆုံးရှုံးသည့်အခါတွင် သွေး၊ ချွေး အသက်ပေါင်းများစွာ ပေးဆပ်ရယူခဲ့ရမှု၊ လွတ်လပ်ရေးရပြီးသည့် နောက်ပိုင်းတွင်လည်း လွတ်လပ်ရေး မဆုံးရှုံးရအောင် ကြိုးပမ်း ဆောင်ရွက်ခဲ့မှုများကိုလည်း သိရှိစေရန်အသိပညာပေး ဆွေးနွေးပွဲများ၊ ရုပ်မြင်သံကြား ထုတ်လွှင်မှုများ ဆောင်ရွက်ပေးရန်လိုကြောင်း၊ မျိုးချစ်စိတ် ထက်သန်စေသည့် ဇာတ်လမ်း များ၊ သမိုင်းဝင်တေးသီချင်းများ၊ ထုတ်လွှင့်ဖော်ပြသွားရန်လိုပြီး လွတ်လပ်ရေးသမိုင်း ကြောင်း၊ မြန်မာနိုင်ငံသမိုင်းကြောင်း တို့ကိုလည်း အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် ရေဒီယို Talk Show ဆွေးနွေးခြင်း၊ ဆွေးနွေးချက်များကိုလည်း ဆောင်းပါးများ အဖြစ် ထည့်သွင်းဖော်ပြသွားခြင်း ပြုလုပ်ရန်လိုကြောင်း။
နိဂုံးချုပ်အနေဖြင့် ဌာနဆိုင်ရာ အကြီးအကဲများအနေဖြင့် မိမိဌာနအလိုက် ဖွဲ့စည်းပေးထားသည့် ဆပ်ကော်မတီများအလိုက် ဆောင်ရွက်သွားမည့် လုပ်ငန်း တာဝန် များအလိုက် ဝိုင်းဝန်း ဖြည့်စွက် ဆွေးနွေးသွားရန်လိုကြောင်းဖြင့်ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာဆပ်ကော်မတီများအလိုက် ဖွဲ့စည်းမှု များ၊ လုပ်ငန်းတာဝန်များနှင့် (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ အောင်မြင်စွာကျင်းပနိုင်ရေး ကိစ္စရပ်များကို အသီးသီး ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဗဟိုကော်မတီအတွင်းရေးမှူး က ယခင်နှစ်ကကျင်းပပြုလုပ်ခဲ့သော လွတ်လပ်ရေးနေ့တွင် ဆပ်ကော်မတီများအလိုက်သုံးစွဲခဲ့ကြသည့် အမှန်အသုံးစာရိတ်စာရင်း များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူး ကြီးစိုးဝင်း က နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။