ဒူဘိုင်းသို့ တင်ပို့ထားသည့် ဖရဲနှင့်သခွားမွှေး နမူနာများ ရလဒ်ကောင်း ရရှိပါက ဈေးကွက်ပိုမို ကောင်းမွန်လာနိုင်

ဒူဘိုင်းသို့ တင်ပို့ထားသည့် ဖရဲနှင့်သခွားမွှေး နမူနာများ ရလဒ်ကောင်း ရရှိပါက ဖရဲ၊သခွားမွှေး သီးနှံဈေးကွက်မှာ ပိုမိုကောင်းမွန်လာနိုင်ကြောင်း   မြန်မာနိုင်ငံ   ဖရဲ၊   သခွားမွှေး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဦးနိုင်ဝင်း၏ ပြောပြချက်အရ သိရသည်။

ဒူဘိုင်းသို့ ဖရဲနှင့်သခွားမွှေး နမူနာများကို ဒီဇင်ဘာ ၁၃ ရက်က တင်ပို့လိုက်ခြင်း ဖြစ်ပြီး  ဒီဇင်ဘာ ၂၉ ရက်တွင်  ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

''တင်ပို့လိုက်တဲ့နမူနာတွေထဲမှာ အစေ့မဲ့ဖရဲသီး၊ ရွှေသခွားမွှေး၊ ပိုက်သခွားမွှေးတွေလည်း ပါတယ်။ နမူနာတင်ပို့တဲ့ ဖရဲနဲ့ သခွားမွှေးသာ ဒူဘိုင်းက ကြိုက်နှစ်သက်မယ်ဆိုရင်  တစ်နှစ်ပတ်လုံး တင်ပို့နိုင်မှာ ဖြစ်ပါတယ်'' ဟု ဦးနိုင်ဝင်း ကပြောသည်။

ရန်ကုန်မှ ဒူဘိုင်းသို့ သင်္ဘောဖြင့် တင်ပို့ရာတွင် ၁၇ ရက်ကြာမြင့်ပြီး အရည်အသွေးပိုင်းဆိုင်ရာ စံချိန်မီပါက ရလဒ်ကောင်းများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းမှ ထွက်ရှိသည့် ဖရဲနှင့်သခွားမွှေးများကို တရုတ်နိုင်ငံသို့ အဓိကထား တင်ပို့လေ့ရှိပြီး တစ်နှစ်လျှင် ဖရဲတန်ချိန် ရှစ်သိန်းနှင့် သခွားမွှေးတန်ချိန် တစ်သိန်းခွဲခန့်  တင်ပို့နိုင်ကာ   နိုင်ငံခြားဝင်ငွေ အများဆုံး ရှာဖွေပေးနိုင်သည့် သီးနှံပို့ကုန်များဖြစ်သည်။ ဖရဲကို နိုဝင်ဘာလမှ မေလအထိ အဓိကထား တင်ပို့လေ့ရှိပြီး ရာသီချိန်အတွင်း တစ်ရက်လျှင် ယာဉ်အစီးရေ ၃ဝဝ မှ ၆ဝဝ ဝန်းကျင်  တင်ပို့လေ့ရှိကာ သခွားမွှေးကို တစ်နှစ်ပတ်လုံး တင်ပို့လေ့ရှိကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် ရာသီချိန်က COVID-19 ရောဂါကြောင့်  ဖရဲ၊ သခွားမွှေး ဈေးကွက် ပျက်ခဲ့သည့်အတွက် ယခုနှစ်တွင် စိုက်ပျိုးမှု လျော့ကျခဲ့သောကြောင့် ဈေးနှုန်းမြင့်တက်မှုများရှိခဲ့ကြောင်း သိရသည်။