ဒေသခံပြည်သူတို့၏ သတင်းပေးချက်အရ လွိုင်ကော်မြို့၊ နောင်ယား(ခ)ရပ်ကွက်၊ ခရစ်တော်ဘုရင် ဗဟိုဘုရားရှစ်ခိုးကျောင်းတွင် တရားမဝင်ဆေးကုသသူများဖမ်းဆီးရမိ
နေပြည်တော်၊ နိုဝင်ဘာ ၂၃
တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးကိုလိုလားသော ဒေသခံပြည်သူတို့၏ သတင်းပေးချက်အရ လွိုင်ကော်မြို့၊ နောင်ယား(ခ)ရပ်ကွက်၊ ခရစ်တော်ဘုရင် ဗဟို ဘုရားရှစ်ခိုးကျောင်းတွင် အကြမ်းဖက်အဖွဲ့အစည်းမှ ဒဏ်ရာရသူများ၊ ကျန်းမာရေး မကောင်းသူများအား တရားမဝင်ဆေးကုသမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသဖြင့် နယ်မြေခံတပ်မှ တာဝန်ရှိသူများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၂၂ ရက် နံနက် ၉ နာရီခွဲတွင် သွားရောက်စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာ ခရစ်တော်ဘုရင်ဗဟိုဘုရားရှစ်ခိုးကျောင်းအတွင်း ဂရုဏာဆေးခန်း အမည်ဖြင့် တရားမဝင်ဆေးခန်း ၁ ခုအား တွေ့ရှိခဲ့သည်၊ အဆိုပါဆေးခန်း၌ ဖာသာချဲလ်ဆိုဘရွှေ၊ လွိုင်ကော်ကက်သလစ် သာသနာခေတ္တဂိုဏ်းအုပ်အပါအဝင် ဖာသာ ၁၃ ဦး၊ စစ္စတာ ၁၃ ဦးတို့အား တွေ့ရှိရသည့်အပြင် တရားမဝင်ဆေးကုသပေးနေသည့် ဆရာဝန် ၄ ဦး၊ သူနာပြု ၄ ဦး၊ သူနာပြုအကူ ၁၀ ဦး၊ စုစုပေါင်း ၁၈ ဦးတို့အား တရားမဝင် ခွဲစိတ်ခန်း ၁ ခု၊ တရားမဝင် ဆေးကုသလူနာ အမျိုးသား ၂၀ ဦး၊ အမျိုးသမီး ၂၁ ဦးနှင့် ကိုဗစ်လူနာ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၃ ဦး၊ စုစုပေါင်းလူနာ ၄၈ ဦးနှင့်အတူ စစ်ဆေး တွေ့ရှိရသည်။ ၎င်းအပြင် ဘုရားကျောင်းဝန်းအတွင်း ရပ်တန့်ထားသော လိုင်စင်မဲ့ မော်တော်ယာဉ် ၄ စီးအပါအဝင် ယာဉ်မျိုးစုံ ၁၄ စီးတို့အား စစ်ဆေးတွေ့ရှိခဲ့သည်။
စစ်ဆေးတွေ့ရှိရသည့် ဆရာဝန်၊ သူနာပြုများအား ပဏာမစစ်ဆေးချက်အရ ၎င်းတို့အနက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် CDM ပြုလုပ်ခဲ့သော မြို့နယ်ကုသရေး ဦးစီးဌာနမှ ဆရာဝန် ၂ ဦး၊ လွိုင်ကော်ပြည်သူ့ဆေးရုံမှ သူနာပြု ၄ ဦး၊ CDM ပြုလုပ်ခြင်း မရှိဘဲ အခကြေးငွေရယူ၍ တရားမဝင်အချိန်ပိုင်း သွားရောက်လုပ်ကိုင်သူ လွိုင်ကော် ပြည်သူ့ဆေးရုံမှ သူနာပြုအကူ ၁၀ ဦး ပါဝင်ကြောင်း၊ CDM ပြုလုပ်ခဲ့သည့် ဆရာဝန် များနှင့် သူနာပြုများမှာ မတ်လတွင် ပုဒ်မ-၅၀၅(က)ဖြင့် အမှုဖွင့်လှစ်ထားခြင်းခံရသူများဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်လျက်ရှိသူများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တရားမဝင် ဆေးကုသမှုခံယူနေသော လူနာ ၄၈ ဦးအား မွန်းလွဲ ၁ နာရီခန့်တွင် လွိုင်ကော်မြို့ရှိ ပြည်သူ့ဆေးရုံသို့ စနစ်တကျလွှဲပြောင်းပို့ဆောင်၍ ဆေးကုသမှုပေးလျက် ရှိကြောင်း သတင်းရရှိပါသည်။