ဒေသခံပြည်သူများအား ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ပေးဝေလှူဒါန်း

နေပြည်တော်၊ ဖေဖော်ဝါရီ - ၉

 COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း သွားလာမှု ကန့်သတ်ချက်များကြောင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရန်အတွက် နယ်မြေခံ တပ်မတော်သားများက ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများကို အိမ်အရောက် လိုက်လံပေးဝေ လှူဒါန်းလျက်ရှိသည်။

ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာ မြို့နယ်၊ သာဓုကန်ကျေးရွာနှင့် မြကန်သာကျေးရွာတို့ရှိ အိမ်ထောင်စု ၂၀၀၀ စု၊ ရွှေပြည်သာ မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၁၂) ရပ်ကွက်၊ အမှတ်(၁၄)ရပ်ကွက်၊ အမှတ်(၁၅)ရပ်ကွက် နှင့် အမှတ်(၁၇)ရပ်ကွက်တို့ရှိ အိမ်ထောင်စု ၄၀၁၆ စုတို့ အတွက် ဆန်နှင့် ဆီများကို ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများက  ပြည်သူများ လက်ဝယ်အရောက် သွားရောက်ပေးအပ်သည်။

အလားတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ရှိ အိမ်ထောင်စု ၃၀၀ စုအတွက် ဆန်၊ ခေါက်ဆွဲခြောက်နှင့် ဘီစကစ်များကို နယ်မြေခံ တပ်မတော်သားများက ပြည်သူများ၏ လက်ဝယ်အရောက် လိုက်လံပေးဝေ လှူဒါန်း ခဲ့ကြကြောင်း သတင်းရရှိသည်။