နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၂
COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း သွားလာမှု ကန့်သတ်ချက်များကြောင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေ စေရန်အတွက် နယ်မြေခံတပ်မတော်သားများက ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများကို အိမ်အရောက် လိုက်လံပေးဝေ လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ မြို့နယ်၊ အမှတ်(၂၂)ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်၊ ဇီးကုန်းရပ်ကွက်၊ အမှတ်(၁၅)ရပ်ကွက်၊ ဝါးတစ်ရာကျေးရွာ၊ အမှတ်(၁၀/၁၉)ရပ်ကွက် ရပ်ကွက်တို့ရှိ အိမ်ထောင်စု ၆၀၀၀ စုတို့ အတွက် ဆန်နှင့်ဆီများကို ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများက ပြည်သူများလက်ဝယ် အရောက် သွားရောက် ပေးအပ်သည်။
အလားတူ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တောင်သမန်ကျေးရွာရှိ အိမ်ထောင်စု ၁၀၀၀ စုနှင့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ သန်းတောကုန်းကျေးရွာရှိ အိမ်ထောင်စု ၃၀၀ စုတို့အတွက် ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများကို ယနေ့ နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများက ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက်ပေးအပ်သည်။
ထို့အတူ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ အိမ်ထောင်စု ၄၇၇ စုအတွက် ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများကို ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းနှင့် အဖွဲ့ဝင်များက ပြည်သူများ၏ လက်ဝယ် အရောက် သွားရောက် ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။