နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၃
COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း သွားလာမှု ကန့်သတ်ချက်များကြောင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရန် အတွက် နယ်မြေခံ တပ်မတော်သားများက ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများကို အိမ်အရောက် လိုက်လံပေးဝေ လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ မြို့နယ်၊ အမှတ်(၂၀)ရပ်ကွက်၊ ကုလားကြီးစုရပ်ကွက်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁/၉/၂၅/၂၇)ရပ်ကွက်တို့ရှိ အိမ်ထောင်စု ၆၀၀၀ စုတို့အတွက် ဆန်နှင့်ဆီများကို ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများက ပြည်သူများ လက်ဝယ်အရောက် သွားရောက်ပေးအပ်သည်။
ထို့အတူ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၉)ရပ်ကွက် ရှိ အိမ်ထောင်စု ၃၅၅ စုအတွက် ဆန်၊ဆီနှင့် စားသောက်ဖွယ်ရာများကို ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းနှင့် အဖွဲ့ဝင်များက ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက် ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။