ဓမ္မသည်ကောင်းကျိုးပြု၏ အဓမ္မသည်ဖျက်နေ၏

ဓမ္မသည်ကောင်းကျိုးပြု၏ အဓမ္မသည်ဖျက်နေ၏

အယ်ဒီတာ့အာဘော်

(၂ဝ၂၁ ခုနှစ်၊  သြဂုတ်  ၁၄  ရက်)

ဧရာဝတီတိုင်းဒေသကြီး ငရုတ်ကောင်းမြို့၌ သြဂုတ် ၆ ရက်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုများကြောင့် ရေကျော်ကျေးရွာအုပ်စု  သင်္ကန်းကျေးရွာနှင့်  မိုးတိမ်ပြင်ကျေးရွာအုပ်စုရှိ ဆင်မှုံကျေးရွာချင်းဆက် တံတားသည် ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။ တံတား ပျက်စီးသွားခြင်းကြောင့် ဒေသခံများ သွားလာရေး အခက်အခဲများ ဖြစ်ပေါ်ခဲ့ရသည်။ ထိုအခက်အခဲကို ဟိုင်းကြီးကျွန်းမြို့ရှိ နယ်မြေခံရေတပ်စခန်း ဌာနချုပ်မှ အရာရှိ၊ စစ်သည်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စုပေါင်း၍ ပြုပြင်ဆောင်ရွက်ပေးခဲ့သည်။

ချောင်းတစ်ဖက်တစ်ချက်စီတွင် ရှိနေကြသော ကျေးရွာများမှာ ဤတံတားကို အားကိုးပြု၍ သွားလာနေကြရခြင်းဖြစ်သည်။ သြဂုတ်  ၈ ရက်တွင်   ထိုတံတားကို အောင်မြင်စွာတည်ဆောက် ပြီးစီးသွားခဲ့ကြောင်း ဝမ်းသာဖွယ်ကြားသိရသည်။ ထိုတံတားပြီးမြောက်ရေးအတွက် တပ်မတော်သားတို့ ဦးဆောင်ကြိုးပမ်းခဲ့ကြသည်။ ပြည်သူများကလည်း ပူးပေါင်းလက်တွဲ ကူညီခဲ့ကြသည်။  ရေစီးသန်လှသော ချောင်းထဲတွင် ရေတပ်စခန်းမှ တပ်မတော်သားတို့က ကျွမ်းကျင်စွာ တည်ဆောက်ပေးခဲ့ခြင်းဖြင့် အများပြည်သူတို့ သွားလာရေး အဆင်ပြေခဲ့ပြီဖြစ်ကြောင်း သြဂုတ် ၉ ရက်နေ့ထုတ် သတင်းစာတွင် ဖော်ပြထားသည်။

သဘာဝဘေးဒဏ်ကြောင့် တစ်စုံတစ်ခုဖြစ်တိုင်း တပ်မတော်သားတို့သည် အများပြည်သူအတွက် ရှေ့မှမားမားမတ်မတ်ရပ်ကာ ကူညီပေးလျက်ရှိသည်။   ဘယ်မှာဘာဖြစ်၊ စိတ်မညစ်နဲ့၊ ကျစ်လျစ်ခိုင်မာ၊ လျင်မြန်စွာရောက်၊ ဖေးကူထောက်မည် ဆိုသော ကဗျာစာသားလေးအတိုင်း လျင်မြန်စွာ ရောက်ကြသည်မှာ တပ်မတော်သားတို့၏ မွေးရာပါတာဝန်ဟုပင် ပြောနိုင်ပေသည်။ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ တောင်ကျရေ စီးဆင်းခြင်းတို့ကြောင့် ဒေသခံပြည်သူများ အခက်တွေ့တိုင်း တပ်မတော်သားတို့က ပစ္စည်းများ၊ လူများ၊ တိရစ္ဆာန်များကို ရေဘေးလွတ်ရာသို့ အချိန်မီ ရွှေ့ပြောင်းပေးကြသည်။ နေရာထိုင်ခင်း လုပ်ဆောင်ပေးရုံသာမက လိုအပ်သော အသုံးအဆောင်ပစ္စည်းများ၊ စားသောက်ဖွယ်ရာများကို စီမံဆောင်ရွက်ပေးလျက်ရှိသည်။

ထို့ပြင် လူတိုင်းအတွက် ကျန်းမာရေးမှာ လွန်စွာအရေးကြီးလှသည့်အတွက် ကျန်းမာရေး စောင့်ရှောက်မှုကိုလည်း အထူးဂရုစိုက်ကြည့်ရှု စောင့်ရှောက်ပေးလျက်ရှိသည်။ သာမန်လူငယ် တစ်ယောက်သည် တပ်မတော်သို့ ဝင်ရောက်လိုက်သည်နှင့် ၎င်း၏စိတ်ထားသည် အကောင်းဘက်သို့ ပိုမိုပြောင်းလဲသွားကြသည်။ တပ်မတော်သားတို့ လိုက်နာကျင့်ကြံကြရသည့် ကျင့်ဝတ်(၆ဝ)သည် ထိုလူငယ်မှန်သမျှအား အကျင့်ကောင်းဆီသို့ ရောက်ရှိစေခြင်းဖြစ်သည်။ ပြည်သူလူထုနှင့် ပတ်သက်လာလျှင် ပြုမူကျင့်ကြံရမည့် ကျင့််ဝတ်(၁ဝ)ပါးရှိပေရာ တပ်မတော်သားတို့သည် ပြည်သူနှင့် ပတ်သက်လျှင် ထို (၁ဝ)ပါးထက်ပင် ပိုမိုကောင်းမွန်သော လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည်။

တပ်မတော်သည် မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းတွင် ပြည်သူ့ကောင်းကျိုးကိုသာ သယ်ပိုးခဲ့သည်မှာ အမှန်တရားဖြစ်သည်။ ပြည်သူနှင့် ပတ်သက်လာလျှင် ဓမ္မဘက်က ရပ်တည်သူများသာဖြစ်ခဲ့သည်။ အမြင်မှား အသိမှားနေသော လူငယ်အချို့သည် အဖျက်သမားတို့ စကားနားယောင်ကာ သူတို့အနေဖြင့် အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်နေမှု၊ အဆောက်အအုံများကို ဗုံးခွဲဖျက်ဆီးနေမှု၊ ရွှေဆိုင်တွေ ဓားပြတိုက်နေမှုတို့ကို ဓမ္မလုပ်ရပ်များဟု ထင်မှတ်မှားနေကြသည်။ လူမှုကွန်ရက်တွင်ကြည့်လျှင် PDF အမည်ခံလက်နက်ကိုင် သောင်းကျန်းသူက မိသားစုငါးဦးကို တစ်ပြိုင်တည်း ပစ်သတ်မှုများကို သြဘာပေးကာ မှန်ကန်သောလုပ်ရပ်ဟု အားပေးသူတို့ ရှိနေသည်။ ဓမ္မ နှင့် အဓမ္မကို လွဲမှားစွာ အားပေးနေခြင်းဖြစ်သည်။

အမှန်တကယ် ဓမ္မအစစ်အမှန် ပြုမူကျင့်ကြံနေသူများမှာ တပ်မတော်သားများဖြစ်သည်။ ထို့ကြောင့် တပ်မတော်သားတို့ အောင်ပွဲများကို ထင်ထင်ရှားရှား မြင်တွေ့နေရခြင်းဖြစ်သည်။ တိုင်းပြည်ပျက်စီးရေး လုပ်ဆောင်နေသူများ အစုလိုက်အပြုံလိုက် ဖမ်းဆီးရမိနေသည်။ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများက ရေတွက်လို့ မဆုံးနိုင်အောင် များပြားလှသည်။ ဖမ်းဆီးရမိသောသူ အကြမ်းဖက် သမားများမှာလည်း များလွန်းလှသည်။အဓမ္မဝါဒီအကြမ်းဖက် လူသတ်သမားတို့ကို ပြည်သူတစ်ရပ်လုံးက ရွံရှာစက်ဆုပ်နေပြီ ဖြစ်ကြောင်း ထိုဖမ်းဆီးရမိသည့် သတင်းများက သက်သေပြလျက်ရှိသည်။

သြဂုတ် ၉ ရက်နေ့သတင်းများတွင် မတ္တရာမြို့နယ် ပန်းယျကျေးရွာအနီး၌ လက်နက်ခဲယမ်း အမြောက်အမြား သယ်ဆောင်လာသည့် အကြမ်းဖက်သမား နှစ်ဦးအား ဖမ်းဆီးရမိခဲ့ပြီး အကြမ်းဖက်လုပ်ရပ်များ ဖြစ်ပေါ်မှုမရှိစေရေး အချိန်မီဖော်ထုတ် တားဆီးနိုင်ခဲ့သော သတင်းကောင်းကြားသိလိုက်ရသည်။ သေနတ်အလက် ၆ဝ၊ ကျည် ၁၁ဝဝဝ တောင့်၊ ကျည်အိမ် ၁၁၁ ခု၊ အီနာဂါဗုံးသီး ၈၅ လုံး၊ အီကွေ့မင့် ၆ဝ စုံ၊ သေနတ်လွယ်ကြိုး၂၁ ချောင်းနှင့်အတူ ဖမ်းဆီးရမိသည်။ အထက်တွင်ဖော်ပြခဲ့သော တပ်မတော်သားတို့၏ ပြည်သူ့အကျိုး သယ်ပိုးနေမှု သတင်းနှင့် အကြမ်းဖက်သမားတို့က တိုင်းပြည်ပျက်အောင် လုပ်ဆောင်နေမှု သတင်းတို့သည် သြဂုတ် ၉ ရက်နေ့ထုတ် သတင်းစာများတွင် ဖော်ပြထားသော သတင်းများဖြစ်သည်။ ဓမ္မဘက်တော်သားတို့သည် တိုင်းပြည်ကို ကောင်းကျိုးပြုလျက်ရှိပြီး အဓမ္မဘက်တော်သားတို့သည်ကား တိုင်းပြည်ပျက်ရေးကို လုပ်ဆောင်နေသည်မှာ ထင်ရှားလှကြောင်း ရေးသား လိုက်ရပေသည်။   ။