လန်ဒန်၊ ဘောလုံး
ချယ်လ်ဆီးအသင်းပိုင်ရှင် အီဗရာဟီမိုဗစ်ချ်သည် နွေရာသီကစားသမားအပြောင်းအရွှေ့ကာလတွင် နည်းပြ တူချယ်ကို ကစားသမားသစ်များ ခေါ်ယူအင်အားဖြည့်တင်းရန် ပြောင်းရွှေ့ကြေးအသုံးစရိတ် စတာလင် ပေါင် သန်း ၁၅၀ အထိ ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းကို ဇန်နဝါရီလက စတင်တာဝန် ယူကိုင်တွယ်ခဲ့ပြီးနောက် ရလဒ်ကောင်းများ ဆက်တိုက် ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြတူချယ် သည် နွေရာသီကစားသမားအပြောင်းအရွှေ့ကာလတွင် လိုအပ်ချက်များရှိနေသည့် အသင်းတိုက်စစ်ပိုင်း ကို ကြီးကြီးမားမား အပြောင်းအလဲပြုလုပ်လိုနေသည်။
ချယ်လ်ဆီးအသင်းသည်ပြီးခဲ့သည့်နွေရာသီကစား သမားအပြောင်းအရွှေ့ကာလက နည်းပြဟောင်း လမ်းပတ် လက်ထက်က တီမိုဝါနာ၊ ကိုင်ဟာဗက်၊ ဘန်ချီဝဲ၊ မန်ဒီ၊ ဇီယက် စသည့်ကစားသမားများကို မြင့်မားသည့် ပြောင်းရွှေ့ကြေးဖြစ်သော စတာလင်ပေါင်သန်း ၂၀၀ ကျော်အသုံးပြုထားသော်လည်း လက်ရှိအသင်း တိုက်စစ်ပိုင်းတွင် တီမိုဝါနာ၊ ကိုင်ဟာဗက်နှင့် ဇီယက် တို့မှာ ပုံစံကောင်းပြသနိုင်ခြင်းမရှိသည့်အတွက် နည်းပြ တူချယ်က တိုက်စစ်ပိုင်းကို အပြောင်းအလဲပြုလုပ်လိုနေခြင်းဖြစ်သည်။
လက်ရှိတွင် နည်းပြတူချယ်က အသင်းတိုက်စစ်ပိုင်း အတွက် လူကာကူ၊ ခံစစ်ပိုင်းအတွက် ဘိုင်ယန်မြူးနစ် အသင်းမှ ဆူလီနှင့် ကွင်းလယ်နေရာအတွက် အူဒီးနိစ် အသင်းမှ ဒီပေါလ်တို့ကို ကမ်းလှမ်းဖွယ်ရှိနေကြောင်း သိရသည်။
Ref;90MIN