နေပြည်တော်၊ ဇွန် - ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခန်းမြို့နှင့် အနီးပတ်ဝန်းကျင်မှ ဒေသခံ တိုင်းရင်းသားပြည်သူများက ၎င်းတို့နယ်မြေအတွင်း SSPP/SSA(ဝမ်ဟိုင်း) အဖွဲ့အား မလိုလားကြောင်း ယနေ့နေ့လယ်ပိုင်းတွင် ငြိမ်းချမ်းစွာ လှည့်လည်၍ ဆန္ဒထုတ်ဖော်စဉ် SSPP/SSA (ဝမ်ဟိုင်း)အဖွဲ့က လက်နက်ငယ်၊ လက်ပစ်ဗုံးတို့ဖြင့် လာရောက်ပစ်ခတ် ခဲ့သဖြင့် အပြစ်မဲ့ ပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ နမ့်ခမ်းမြို့နှင့် အနီးပတ်ဝန်းကျင်မှ ဒေသခံ တိုင်းရင်းသားပြည်သူများသည် ၎င်းတို့ နယ်မြေအတွင်း SSPP/SSA(ဝမ်ဟိုင်း)အဖွဲ့အား မလိုလားကြောင်း ယနေ့နေ့လည်ပိုင်းတွင် အမှတ်(၅)ရပ်ကွက်၊ ပန်ပွဲကွင်းမှ ငြိမ်းချမ်းစွာ လှည့်လည် ဆန္ဒထုတ်ဖော်စဉ် မြို့မဈေးအနီးသို့အရောက်၌ SSPP/SSA(ဝမ်ဟိုင်း)အဖွဲ့မှ အမျိုးသား ၂ ဦး ဆိုင်ကယ် ဖြင့်ရောက်ရှိလာပြီး ဆန္ဒပြစုဝေးနေသူများအား ပစ္စတို သေနတ်ဖြင့် ၃ ချက်ပစ်ခတ်ပြီး လက်ပစ်ဗုံးများဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ရာ အဆိုပါ ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် ဒေသခံ တိုင်းရင်းသားပြည်သူများအနက် အမျိုးသား ၂ ဦး သေဆုံးခဲ့ပြီး အမျိုးသမီး ၅ ဦး မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါဖြစ်စဉ်နေရာသို့ လုံခြံရေး တပ်ဖွဲ့ဝင်များက သွားရောက်၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပြီး ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ၎င်းနေရာအနီး တစ်ဝိုက်မှ Glock ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ကျည် ၁၂ တောင့်နှင့် လက်ပစ်ဗုံး ၄ လုံးတို့အား တွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။
ဖြစ်စဉ်တွင် ဒဏ်ရာရရှိသူများအား နမ့်ခမ်းမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေး ကုသမှုခံယူစေလျက်ရှိကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး လုပ် ငန်းများ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။