နယုန်လပြည့် မဟာသမယအခါတော်နေ့နှင့် စာတော်ပြန်ပွဲ

 

နယုန်လပြည့် မဟာသမယအခါတော်နေ့နှင့် စာတော်ပြန်ပွဲ

 

နယုန်လသည် မြန်မာ့ပြက္ခဒိန်တွင် တတိယမြောက်လဖြစ်သည်။ ရှေးစာဆိုပညာရှင်များက နွေနှောင်းလ၊ နွေစွန်လ စသည်ဖြင့် ဖွဲ့နွဲ့ခဲ့ကြသည်။ နွေနှောင်းလ ဖြစ်သကဲ့သို့ မိုးဦးလလည်းဖြစ်သည်။ ထို့ကြောင့် နေပူရှိန်လျော့နည်းကာ မိုးသားများ မဲမှောင်အုံ့ဆိုင်းလျက်ရှိသည်။ ရှေးစာဆိုတော်ကြီး မဟာအတုလမင်းကြီးက နတ်စည်ငယ်ရွမ်းပါလို့၊ ခြိမ့်မွမ်းငယ်သံစုံ၊ ကမြူးငယ်ခုန်သည့်၊ လနယုန်သည်ချိန်မို့၊ မြူတိမ်လွှာ ဆိုင်းပြန်တော့ဟု ရေးဖွဲ့ခဲ့သည်။

နွေနှောင်းကာလ နယုန်လရောက်သည်နှင့် မိုးချုန်းသံမျိုးစုံကို စတင်ကြားရသည်။ မိုးချုန်းသံကို ရှေးစာဆိုတို့က နတ်စည်ရွမ်းသည်ဟုဆိုကြ၏။

မြေပြင်သည် နယုန်မိုးကြောင့် မြက်နုတို့ဖြင့် စိမ်းစို၏။ နယုန်လသည် မိုးကျသောကာလ၊ မိုးရွာသောလဖြစ်၍ မိုးအသင့်အတင့်ရွာသွန်းမှုကြောင့် သစ်ပင်သစ်တောတို့သည် ပုရစ်ဖူးသစ်တို့ဖြင့် စိမ်းစိုလျက်ရှိလှသည်။ ပတ်ဝန်းကျင်တစ်ခွင်လုံးကို ကြည့်လိုက်ပါက အပင်တိုင်းစိမ်းမြမြနှင့် လှပလျက်ရှိနေကြသည်။

အနောက်တောင်ဆီမှမိုးသားတိမ်ရိပ်တို့ တလိပ်လိပ်ဆင်လျက်ငြိုးမာန်ဖွဲ့ရွာမလို   ဟန်ပြင်နေကြ၏။

ကျေးငှက်တို့လည်း သံစာစာဖြင့် သံစုံဟစ်ကြွေးမြူးထူးပျော်ရွှင်နေကြ၏။  စိမ်းစိုသောညှာတံမြရွက်တို့ဖြင့် စံပယ်မြတ်လေးပန်းတို့လည်း ဖူးပွင့်ကြပြီးသင်းရနံ့များ မွှေးပျံ့၍  ကြိုင်သင်းနေသည်ကို ]]မိုးသားထစ်ကျူး၊ ကျေးငှက်မြူးသော်၊ ပွင့်ဖူးရိုးသွယ်၊ စံပယ်မြတ်လေး၊ သင်းပျံ့မွှေး၍ဟု ရေးဖွဲ့ခဲ့သည်။

 

နယုန်လ၏ အဓိပ္ပာယ်

 

နယုန်လကို ပုဂံခေတ်၌ ]နယုန်၊ နံမျုန်ဟု သုံးနှုန်းခဲ့သည်။ အနက်အဓိပ္ပာယ်မှာ နံသည် အချိန်ကာလ၊ ယုန်သည် မိုးစီးဆင်းခြင်းဖြစ်သောကြောင့် နယုန်လ၏အဓိပ္ပာယ်မှာ မိုးရွာသောလဟူ၍ဖြစ်သည်။ နယုန်လ၏ ရက်ရာဇာမှာ အင်္ဂါ သို့မဟုတ် အင်္ဂါနှင့် ကြာသပတေးနေ့များဖြစ်သကဲ့သို့ တနင်္လာနှင့် တနင်္ဂနွေတို့မှာ ပြဿဒါးရက်များဖြစ်သည်။ နယုန်လတွင် နေထွက်ချိန်မှာ နံနက် ၅ နာရီ ၁၂ မိနစ်ဖြစ်ပြီး နေဝင်ချိန်မှာ ညနေ ၆ နာရီ ၄၈ မိနစ်ဖြစ်၍ နေထွက်ချိန်သည် ကဆုန်လထက် ၂၄ မိနစ်စောသည်။ နေဝင်ချိန်မှာ ၂၄ မိနစ်နောက်ကျသည်။ နယုန်လတွင် နေမင်းသည် မေထုန်ရာသီကို နောက်ခံထားလျက် မျက်မြင်အားဖြင့် အရှေ့ဘက်မှ အနောက်ဘက်သို့ ယွန်းနေသောကြောင့် မေထုန်ရာသီဟု ခေါ်ခဲ့ကြသည်။ နယုန်လပြည့် ညသန်းခေါင်၌ လမင်းသည် ဇေဋ္ဌနက္ခတ်၊ တံငါတာရာတို့နှင့် တောင်-မြောက် ယှဉ်ပြိုင်ထွန်းလင်းပြီး မွန်းတည့်သည်။ ထို့ကြောင့် နယုန်လကို မွန်းတည့်နက္ခတ် အမည်အားဖြင့် ဇေဋ္ဌဟုခေါ်ဝေါ်ခဲ့သည်။ နယုန်လ၏ ရာသီပန်းမှာ မုလေး(မြတ်လေး) ပန်းနှင့် စံပယ်ပန်းတို့ဖြစ်၍   ရာသီပွဲတော်မှာ  စာတော်ပြန်ပွဲဖြစ်သည်။

 

 စာတော်ပြန်ပွဲ

 

ရှေးမြန်မာမင်းများ လက်ထက်က နယုန်လတွင် ရတနာမျိုးစုံတို့ဖြင့် ခမ်းနားထည်ဝါ တန်ဆာဆင်ထားသည့် သုဓမ္မာဇရပ်တို့၌ ရွှေမြို့တော်ရှိ သံဃာတော်များသည် စာတော်ပြန်ပွဲသဘင်၌ စာပြန်ကြရ၏။ ရှင်ဘုရင်ကိုယ်တိုင် ဦးစီးကျင်းပပေး၏။ အာဂုံရမှ အာဂလူ ဆိုသည့်အတိုင်း နှုတ်တက်အာဂုံ စာထောက်စာမဆရာတော်များ ရှေ့မှောက်တွင် အလွတ်ပြန်ဆိုကြရသည်။ စာပြန်ပွဲခေါ် စာတော်ပြန်ပွဲကို သမိုင်းစာမျက်နှာ၌ အစောဆုံး တွေ့ရသည်မှာ ဒုတိယအင်းဝခေတ် သာလွန်မင်းတရားကြီးလက်ထက် သက္ကရာဇ် ၁၀၀၀ ပြည့်နှစ်ဖြစ်သည်။ မှန်နန်းရာဇဝင်ကြီး တတိယတွဲ ၂၃၉ ၌ သက္ကရာဇ် ၁၀၀၀ ပြည့်နှစ်တွင် ကျမ်းဂန်သင်ကြားသော သာမဏေတို့အား သင်ကျမ်းကို ဆရာတို့မေးရသည်။ အနက်အဓိပ္ပာယ်ကို ဆိုနိုင်သော သာမဏေတို့ကို ပဉ္စင်း ၁၀၈ ပါး၊ သာမဏေ ခုနစ်ပါး၊ ထိုနှစ် ကဆုန်လဆန်း ၁၄ ရက် တနင်္ဂနွေနေ့ မွန်းတည့်ကျော် ၂ နာရီ ၃ ပါဒ်တွင် ပဉ္စင်း ခံတော်မူသည်ဟူ၍ ဖော်ပြထားသည်။ ထို့ကြောင့် ပညာရှင်များက သာလွန်မင်းတရားကြီးလက်ထက် ၁၀၀၀ ပြည့်နှစ်တွင် စာတော်ပြန်ပွဲကို စတင်ကျင်းပခဲ့ကြောင်း လက်ခံအတည်ပြုထားကြသည်။

အင်ရုံစာတမ်းခေါ် လောကဗျူဟာကျမ်းတွင် အင်းဝမင်းများ နယုန်လ၌ စာတော်ပြန်ပွဲသဘင်ကျင်းပပုံကို အင်ရုံဝန်ကြီးက စုံလင်စွာဖော်ပြထားခဲ့သည်။ မင်းစဉ်မင်းဆက်အားလုံး အဆက်မပြတ် ပထမစာတော်ပြန်ပွဲ သဘင်ကို ကျင်းပခဲ့ကြသည်ဟု ကောက်ချက်ချနိုင်သည်။ပထမစာပြန်ပွဲသဘင်ကို နယုန်လဆန်းမှစ၍ နယုန်လကုန်အထိ တစ်လကျင်းပခဲ့သည်။ ကုန်းဘောင်ခေတ်၌ နယုန်လဆန်း ၈ ရက်မှ ဝါဆိုလဆန်း ၈ ရက်အထိ တစ်လကျင်းပခဲ့သည်။ မြန်မာမင်းများ နယုန်လ၌ စာတော်ပြန်ပွဲသဘင်ကျင်းပကြခြင်းမှာ နယုန်လသည် သာသနာ့ဝန်ထမ်း ရှင်ရဟန်းများအတွက် စာသင်နှစ်၏ နောက်ဆုံးလဖြစ်သောကြောင့်ဖြစ်သည်။

 စာသင်နှစ်ပထမလမှာ ဝါဆိုလဖြစ်ပြီး နိုင်ငံတစ်ဝန်းလုံးရှိဆရာတော်၊ သံဃာတော်များသည် ဝါဆိုလပြည့်ကျော် ၁ ရက်နေ့၌ ဝါဆိုတော်မူကြသည်။ ထို့နောက် စာဝါသစ်များကို စတင်ပို့ချသင်ယူကြသည်။ ဝါတွင်းကာလ၌ အရပ်တစ်ပါးသို့ ညအိပ်ခရီးမသွားရန်၊ အချိန်ရှိသမျှ စာပေပို့ချလေ့လာ ဆည်းပူးနိုင်သော အချိန်လည်းဖြစ်သည်။ ဆောင်းရာသီ၊ နွေရာသီများ၌ လွတ်လပ်စွာခရီးသွားနိုင်ကြပြီး မိုးရာသီကဲ့သို့ စာချစာတက်မှန်လေ့မရှိကြပေ။ ထို့ကြောင့် စာသင်နှစ်၏ နောက်ဆုံးလဖြစ်သည့် နယုန်လရာသီတွင် စာတော်ပြန်ပွဲကျင်းပခြင်းပင်ဖြစ်သည်။ အထူးသဖြင့် စာတော်ပြန်ပွဲကို ရှေးဘုရင်မင်းများက သာသနာ့အာဇာနည်များ ပေါ်ထွက်ရန် ရည်သန် ကျင်းပကြခြင်းပင် ဖြစ်သည်။ ယခုအခါမှာလည်း နိုင်ငံတော်အစိုးရမှ အစဉ်အလာမပျက် ဆောင်ရွက် ပေးလျက်ရှိပြီး နှစ်စဉ် ပထမငယ်၊ ပထမလတ်၊ ပထမကြီးနှင့် ဓမ္မာစရိယစာချတန်းများ အပြင် ပိဋကတ်သုံးပုံရေးဖြေ အာဂုံစာမေးပွဲများကို ကျင်းပပေးလျက်ရှိသည်။

 

မဟာသမယအခါတော်နေ့

 

နယုန်လပြည့်နေ့ကို မဟာသမယအခါတော်နေ့အဖြစ် သတ်မှတ်ကြသည်။ တစ်နည်းအားဖြင့် ဗုဒ္ဓမြတ်စွာဘုရားရှင် လက်ထက်တော်၌ ဖြစ်ပေါ်လာခဲ့သော ငြိမ်းချမ်းရေးဆောက်တည်ရာ နယုန်လပြည့် မဟာအခါတော်နေ့ဟူ၍လည်း ဆိုနိုင်သည်။ ဂေါတမမြတ်စွာဘုရားရှင် လက်ထက်တော်အခါက ကပိလဝတ်ပြည်နှင့် ကောလိယပြည် လယ်သမားများသည် နှစ်ပြည်ထောင်ကြားရှိ ရောဟဏီမြစ် ရေလုကြရာမှစ၍ အဆင့်ဆင့် ရန်ပွဲကြီးဖြစ်ရာ နှစ်ပြည်ထောင်တို့ စစ်ခင်းကြရမည့် အခြေအနေသို့ ဆိုက်ရောက်ခဲ့သည်။ ရောဟဏီမြစ်ဘေးတွင် နှစ်ဖက်လုံးပင် တုတ်၊ ဓား၊ လက်နက်များ ကိုင်ဆောင်ထားပြီး ထိုးခုတ်တော့မည့် အနေအထားဖြစ်နေစဉ်မှာပင် ဗုဒ္ဓမြတ်စွာဘုရားရှင် ရောက်ရှိလာခဲ့သည်။ ဗုဒ္ဓမြတ်စွာဘုရားရှင်က အချင်းချင်းခိုက်ရန် ဖြစ်ပွားခြင်း၏ အပြစ်ကိုလည်းကောင်း၊ အချင်းချင်း စည်းလုံးညီညွတ်ခြင်း၏ အကျိုးကိုလည်းကောင်း ငါးရာ့ငါးဆယ်လာ ဇာတ်တော်များဖြင့် ဟောကြား တော်မူခဲ့သည်။

 ထိုကဲ့သို့ ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ငါးရာ့ငါးဆယ်လာ ဇာတ်တော်များဖြင့် ဟောကြားခဲ့ရာ နှစ်ပြည်ထောင်မင်းတို့ စစ်ပြေငြိမ်းခဲ့ကြသည်။ ထို့ကြောင့် နှစ်ပြည်ထောင်တို့သည် သွေးချောင်းစီးမည့်အရေးမှ စစ်ပြေငြိမ်းစေခဲ့သော ဗုဒ္ဓမြတ်စွာဘုရားရှင်ကို ကျေးဇူးတင်လွန်း၍ တစ်ဖက်လျှင် မင်းသား၂၅၀ စီဖြင့် မင်းသား ၅၀၀ တို့အား သာသနာ့ဘောင်သို့ သွတ်သွင်းခဲ့သည်။ ထိုရဟန်းငယ် အပါး ၅၀၀ တို့သည် ဗုဒ္ဓမြတ်စွာဘုရားရှင်အား ဝန်းရံလုပ်ကျွေးခဲ့သော်လည်း မိမိတို့၏ ဇနီးမယားတို့ကို အောက်မေ့တမ်းတမိပြီး သာသနာ့ဘောင်၌ မပျော်မွေ့နိုင်ကြပေ။ ထိုအခါ ဗုဒ္ဓမြတ်စွာဘုရားရှင်က ဂါထာသုံးရာဖြင့်    တန်ဆာဆင်အပ်သော  ကုဏာလဇာတ်တော်ကို ဟောကြားဆုံးမခဲ့ရာ ရဟန်းငါးရာလုံး သောတာပန်တည်သွားကြသည်။

 ထို့နောက် ဗုဒ္ဓမြတ်စွာဘုရားရှင်သည် ကုဏာလရေအိုင်မှ ကပိလဝတ်ပြည်အနီးရှိ မဟာဝုန်တောကြီးသို့ ပြန်လည်<ကတော်မူသည်။ ဗုဒ္ဓမြတ်စွာဘုရားရှင်၏ နောက်တော်မှလိုက်ပါလာသည့် ရဟန်းငါးရာတို့သည် မဟာဝုန်တောကြီးအတွင်း၌ ဆက်လက်တရားအားထုတ် ကြရာ အားလုံးရဟန္တာ ဖြစ်သွားခဲ့သည်။ ရဟန္တာငါးရာတို့သည် နယုန်လပြည့်နေ့ ညချမ်းအချိန်တွင် ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ရှေ့မှောက်သို့ စုဝေးရောက်ရှိလာသည်။ ထိုသို့စုဝေးရောက်ရှိလာကြကုန်သော ထူးကဲလှသည့် သံဃာ့အစည်းအဝေးကြီးကို ဖူးမြော်ကြည်ညိုလိုကြသော နတ်၊ ဗြဟ္မာ၊ အသူရာ၊ နဂါး၊ ဂဠုန်တို့သည် မဟာဝုန်တောကြီးသို့ အုပ်စုလိုက် စုရုံးရောက်ရှိလာကြရာ မဟာဝုန်တောကြီးဝန်းကျင်၌ စကြဝဠာတိုက်တစ်သောင်းမှ စုဝေးရောက်ရှိလာကြသော နတ်ဗြဟ္မာတို့ဖြင့် ပြည့်ကျပ်သွားသည်။ ထိုသို့ ပြည့်ကျပ်လွန်းသဖြင့် ခန္ဓာကိုယ်ကို  မှုန်မှုန်မွှားမွှား ကလေးဖြစ်အောင် ဖန်ဆင်းနေကြရသည်။

ထိုကဲ့သို့ နယုန်လပြည့်နေ့တွင် နတ်ဗြဟ္မာများ စုရုံးစည်းဝေးကြသည့်အခါကို မဟာသမယဟုခေါ် ခြင်းပင်ဖြစ်သည်။ တစ်နည်းအားဖြင့် များစွာသော နတ်ဗြဟ္မာအပေါင်းတို့၏ အစည်းအဝေးကြီးဟု ဆိုလိုခြင်းဖြစ်သည်။ ယင်းနတ်သဘင်အစည်းအဝေးတွင် ဗုဒ္ဓမြတ်စွာဘုရားရှင်က နတ်ဗြဟ္မာတို့၏ အမည်နာမအမျိုးမျိုးကို ထုတ်ဖော်မြွက်ကြား နှုတ်ဆက်သော စကားတော်များကို မဟာသမယသုတ်ဟု ခေါ်ဝေါ်ခြင်းပင် ဖြစ်သည်။ မဟာသမယသုတ္တန်ကို ဟောကြားတော်မူပြီး  သုတ်တော်အဆုံး၌  နတ်ဗြဟ္မာကုဋေတစ်သိန်း  အရဟတ္တဖိုလ်ပေါက်ရောက်ရှိကြ၏။

သောတာပန်၊ အရိယာစသည့် အရေအတွက်ကား ရေတွက်၍မရနိုင်လောက်အောင် များပြားလှသည်။

 

မဟာသမယသုတ်ရွတ်ဖတ်ရခြင်းအကျိုး

 

မဟာသမယသုတ်တော်ကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းအားဖြင့် ဘေးဒဏ်အန္တရာယ်ရန်စွယ်ခပ်သိမ်း ကင်းငြိမ်း ချမ်းသာခြင်း၊ နတ်ဗြဟ္မာအပေါင်း နှစ်ထောင်းအားရ အလွန်ချစ်မြတ်နိုးမှုခံရခြင်း၊ ရုန့်ရင်းကြမ်းတမ်းသောနတ် တို့ကိုလည်း စိတ်နှလုံးနူးညံ့စေခြင်း၊ တစ္ဆေ၊ မြေဖုတ်ဘီလူးတို့ နှောင့်ယှက်မှုဘေးမှကင်းဝေးခြင်း၊ အချင်းချင်း မေတ္တာသက်ဝင်၍  စိတ်အေးချမ်းစေခြင်း စသည့် အကျိုးကျေးဇူးများစွာ ရရှိစေသည်။ ထို့ကြောင့် မြန်မာပြည်တစ်ဝန်း မေတ္တာသက်ဝင်၍  ရန်စဟူသမျှကင်းစင်ပပြီး    ငြိမ်းချမ်းသာယာစေရန်အလို့ငှာ နယုန်လပြည့်အခါ သမယ၌ မဟာသမယသုတ်တော်ကို ရွတ်ဖတ်ပူဇော်ကြပါရန်၊   ကုသိုလ်တရားများပွားများ အားထုတ်ကြပါရန်  တိုက်တွန်း ရေးသားလိုက်ရပါသည်။  ။

နုခန့်ယဉ်(ရစ်ကန်ကြီး)