နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၇၄)နှစ်မြောက် တပ်မတော်(လေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ပြခန်းများအား ကြည့်ရှု

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၇၄)နှစ်မြောက် တပ်မတော်(လေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ပြခန်းများအား ကြည့်ရှု

 
နေပြည်တော်၊ ဒီဇင်ဘာ ၁၄

 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်(လေ)များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့ လိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာ တပ်နယ်ရှိ လေကြောင်းအတက်သင်လေတပ် စခန်းဌာနချုပ်၌ ပြသထားသည့် (၇၄) နှစ်မြောက် တပ်မတော်(လေ)နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပြခန်းများအား ကြည့်ရှု သည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် (၇၄)နှစ်မြောက် တပ်မတော်(လေ)နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ပြခန်းနှင့် အမှတ်တရပစ္စည်းအရောင်းဆိုင်များ ဖွင့်ပွဲအခမ်းအနားအားစက်ခလုပ်နှိပ် ဖွင့်လှစ်ပေးသည်။ ထို့နောက် အခမ်းအနား တက်ရောက်လာကြသူများနှင့်အတူ (၇၄)နှစ်မြောက် တပ်မတော်(လေ) နှစ်ပတ်လည်နေ့အထိမ်းအမှတ်ပြခန်းအတွင်း ပြသ ထားသည့်လေကြောင်းသမိုင်းမှတ်တမ်းများ၊ ခေတ်အဆက်ဆက်အသုံးပြုခဲ့သည့် တပ်မတော်(လေ)ဝတ်စုံများ၊ တပ်မတော်(လေ) သမိုင်းမှတ်တမ်းဓာတ်ပုံများ၊ ကာကွယ် ရေးဦးစီးချုပ်(လေ) တာဝန်ထမ်းဆောင်ခဲ့သူများ၏ မှတ်တမ်းဓာတ်ပုံများ၊ မိုင်းယန်း၊ မဲသဝေါ၊ စီစီဝမ်တာပန် တိုက်ပွဲများတွင် တပ်မတော်(လေ)မှ ပါဝင်ဆောင်ရွက်ခဲ့သော မှတ်တမ်းဓာတ်ပုံများ၊ တပ်မတော်(လေ)မှ စွမ်းရည်ဘွဲ့တံဆိပ်ရရှိခဲ့သူများ၏ မှတ်တမ်း ဓာတ်ပုံများ၊ လေယာဉ်၊ ရဟတ်ယာဉ်များ၊ တပ်တော်ဝင်အခမ်းအနား မှတ်တမ်း ဓာတ်ပုံများ၊ တပ်မတော်(လေ) အရာရှိ၊ စစ်သည်၊ အစားခန့်များအား လေ့ကျင့် ပျိုးထောင်မှုမှတ်တမ်းဓာတ်ပုံများ၊ တပ်မတော်(လေ)၏ နိုင်ငံတကာဆက်ဆံရေး ဆိုင်ရာ မှတ်တမ်းဓာတ်ပုံများ၊ ၂၀၁၂ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် အထိ တပ်မတော်(လေ)၏ တိုးတက်ပြောင်းလဲလာမှု မှတ်တမ်းဓာတ်ပုံများ၊ ကာကွယ်ရေးဦးစီးချုပ်(လေ) အဆက်ဆက် က ဆုရလေသူရဲများအားဆုချီးမြှင့်ပေးအပ်သည့် မှတ်တမ်းဓာတ်ပုံများ၊ လေယာဉ်၊ ရဟတ်ယာဉ်များတွင် အသုံးပြုလျက်ရှိသည့် Avionic ပစ္စည်းများ၊ ခေတ်မီ မျိုးဆက်သစ် တိုက်ခိုက်ရေး လေယာဉ်ပုံစံငယ်များနှင့် လေသူရဲအသုံးအဆောင် ပစ္စည်းများ၊ တပ်မတော်(လေ)မှထုတ်လုပ်ထားသည့် ပုံစံတူသုတေသနပြု လေကြောင်း လမ်းညွှန်စက် VNR-AF 1 ၊ စစ်မှုထမ်း လုံခြုံရေးနှင့် ရောဂါပိုးကာကွယ်ရေးစနစ်နှင့် စက်ပစ္စည်းများအား လှည့်လည် ကြည့်ရှုကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဌ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်၊ ဇနီးနှင့်အဖွဲ့ဝင်များသည် (၇၄) နှစ်မြောက် တပ်မတော်(လေ) နှစ်ပတ်လည်နေ့အထိမ်းအမှတ်စာအုပ်တွင် မှတ်တမ်းတင်လက်မှတ် ရေးထိုးကြပြီး နောက် လေတပ်စခန်းဌာနချုပ်များအလိုက် အမှတ်တရပစ္စည်းအရောင်းဆိုင်နှင့် မြန်မာ့ ရိုးရာစားသောက်ဖွယ်ရာအရောင်းဆိုင်၊ စာအုပ်အရောင်းဆိုင်နှင့် တပ်မတော်မှ ထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များအား ဆက်လက်ကြည့်ရှုအားပေး ပြီး အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်း ရရှိသည်။