နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၃) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြ အခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၃) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြ အခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြား

နေပြည်တော်၊ ဒီဇင်ဘာ ၇

          စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၃) သင်တန်းဆင်းဂုဏ်ပြု စစ်ရေး ပြ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး စည်သူ မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော်အရာရှိိကြီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မန္တလေးမြို့တော်ဝန်၊ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး၊ ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိသူများ တက်ရောက်ကြ သည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် အား ဗိုလ်လောင်းတပ်ခွဲများက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြသည်။ ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာ သရေစည်သူ မင်းအောင်လှိုင် က စစ်တက္ကသိုလ် ဗိုလ်လောင်းအမှတ်စဉ်(၆၃)မှ အောင်စစ်သည်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၃၄၅၀၁၊ ဗိုလ်လောင်း ဖြိုးမင်း၊ လေ့ကျင့်ရေး ထူးချွန်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၃၄၇၇၂၊ ဗိုလ်လောင်း အောင်နန္ဒ၊ စာပေထူးချွန်ဆု (ဝိဇ္ဇာ)ရရှိသူ ဗိုလ်လောင်းအမှတ် ၃၄၅၈၉၊ ဗိုလ်လောင်း တေဇ၊ စာပေထူးချွန်ဆု (သိပ္ပံ) ရရှိသူ ဗိုလ်လောင်းအမှတ် ၃၄၇၁၀၊ ဗိုလ်လောင်း ဟိန်းဘိုဘိုအောင်၊ စာပေ ထူးချွန်ဆု(ကွန်ပျူတာ)ရရှိသူ ဗိုလ်လောင်းအမှတ် ၃၄၇၁၉၊ ဗိုလ်လောင်း အာကာဇော်ဝင်း  တို့အား ဆုများ အသီးသီး ပေးအပ်ချီးမြှင့်သည်။

              ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် က သင်တန်းဆင်းမိန့်ခွန်း ပြောကြားရာတွင်               အမိစစ်တက္ကသိုလ်မှ လက်ရုံးရည်၊ နှလုံးရည်နှင့် ပြည့်စုံသည့် အရာရှိကောင်းများဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပေးခဲ့ပြီး တပ်မတော်(ကြည်း၊ ရေ၊ လေ) တပ်ရင်း၊ တပ်ဖွဲ့အသီးသီးတွင် ပြန်တမ်းဝင်အရာရှိ ခေါင်းဆောင်ငယ်များအဖြစ် စတင် တာဝန် ပေးအပ်သွားမည်ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်သားများသည် သစ္စာလေးချက် ကို နေ့စဉ်ရွတ်ဆို ဦးထိပ်ပန်ဆင်ထားသူများဖြစ်ပြီး နိုင်ငံအတွက်အရေးကြုံလာပါက စွန့်လွှတ်စွန့်စားစွာဖြင့် တာဝန်ထမ်းဆောင်တတ်သူများလည်း ဖြစ်ကြောင်း။

              နိုင်ငံတော်၏ကြီးလေးသော ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရမည့် သူများဖြစ်သဖြင့် မိမိတို့၏တာဝန်နှင့်လုပ်ငန်းအပေါ် ဂုဏ်ယူတတ်ကြရန်လိုကြောင်း၊ ထို့ကြောင့် ပေးအပ်လာမည့် ရည်မှန်းချက်တာဝန်များကို ကြီးကြပ်ကွပ်ကဲမှု အနည်းဆုံး နှင့် ဦးလည်မသုန် ကျေပွန်စွာ ထမ်းဆောင်သွားကြရန် မှာကြားလိုကြောင်း။

              စစ်တက္ကသိုလ်သည် ၁၉၅၄ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှာ စတင်သန္ဓေ တည်ခဲ့ပြီး အနာဂတ်နိုင်ငံတော်နှင့် တပ်မတော်အတွက် တန်ဖိုးထားရသည့် “နောင်တစ်ခေတ်၏အောင်စစ်သည်” များကို လေ့ကျင့်မွေးထုတ်ပေးခဲ့သည်မှာသင်တန်း အမှတ်စဉ်(၆၃)ခုထိရှိခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံတော်ကိုကာကွယ်ရန်အတွက် ခိုင်မာသည့် သန္နိဋ္ဌာန်စိတ်ဖြင့် မိမိသဘောဆန္ဒအလျောက် တပ်မတော်ကိုဝင်ရောက်လာခဲ့သူများ ဖြစ်သဖြင့် စစ်တက္ကသိုလ်၏ ရည်ရွယ်ချက်များနှင့်အညီ နိုင်ငံတော်နှင့် တပ်မတော် အတွက် ယုံကြည်အားထားရသည့် သူရ၊ သတ္တိနှင့်ပြည့်စုံပြီး အမှားအမှန်၊ အဆိုး အကောင်းကို ပိုင်းခြားဆုံးဖြတ်နိုင်သည့် ခေါင်းဆောင်ကောင်းများအဖြစ် လေ့ကျင့် မွေးထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း။

              ခေါင်းဆောင်လုပ်သူများသည် အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ရန်၊ တွေးခေါ် မျှော်မြင်နိုင်ရန်အတွက် မသိမဖြစ်ဗဟုသုတများ ကြွယ်ဝရန်လိုအပ်သဖြင့်  အမြဲတစေ စာပေဖတ်ရှုလေ့လာရန်လိုကြောင်း၊ စာဖတ်ခြင်းသည် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု ဖြစ်စေသည့်အပြင် အတွေးအခေါ်အယူအဆများ  မြင့်မားစေသည့်အတွက် တစ်ဦးချင်း စီ၏ အသိပညာအတတ်ပညာကြွယ်ဝစေပြီး မိမိဘဝကိုတိုးတက်စေနိုင်သည့် စာအုပ် စာပေ ဗဟုသုတများကိုလည်း လေ့လာမှတ်သားရမည်ဖြစ်ကြောင်း၊ မိမိလုပ်ငန်းတာဝန် နှင့် သက်ဆိုင်သမျှကိုလည်းသိရှိအောင် အမြဲကြိုးစားနေမည်ဆိုပါက အောင်မြင်မှု အခွင့် အလမ်းများ မလွဲမသွေရရှိမည်ဖြစ်ကြောင်း။

              ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့် စစ်လက်နက်ပစ္စည်း၊ စစ်အသုံး အဆောင်ပစ္စည်း၊ စစ်နည်းဗျူဟာများနှင့် စစ်မှုနည်းပညာများကို ထိရောက်စွာ အသုံးပြုနိုင်ရန်အတွက် လေ့လာ၊ လေ့ကျင့်၊ လိုက်နာဆိုသည့် လေ့ကျင့်ရေးမူဝါဒ အတိုင်း စဉ်ဆက်မပြတ် ကြိုးစားသွားကြရမည်ဖြစ်ပြီး စွမ်းရည်ပြည့်ဝသည့် စစ်သည် တော် ကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်မှာကြားလိုကြောင်း။

              မိမိတို့တပ်မတော်သားများသည် အချိန်အခါမရွေး၊ နေရာဒေသမရွေး၊ ရာသီ ဥတုမရွေး တာဝန်ထမ်းဆောင်နေကြရသူများဖြစ်သည့်အတွက် ကိုယ်ခန္ဓာကျန်းမာ ကြံ့ခိုင် ရေးကို အလေးထားကြရန်လိုအပ်ကြောင်း၊ တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေး ကဏ္ဍအတွက် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်သည်နှင့်အညီ စည်းကမ်းလိုက်နာမှု၊ အမိန့်နာခံတတ်မှု၊ အထက်အောက်အပြန်အလှန်လေးစားမှုနှင့် ရဲဘော်ရဲဘက်စိတ် မွေးမြူပြီး တပ်မတော်သား ကောင်းတစ်ယောက်ဖြစ်အောင် နေထိုင်သွားကြရန်မှာကြား လိုကြောင်း၊ တပ်မတော်၏ အစဉ်အလာကောင်းများကို စောင့်ထိန်းကြရမည့်သူများဖြစ် သဖြင့် စည်းကမ်းအရာတွင် စံနမူနာပြဖြစ်ရန် လိုအပ်ကြောင်း၊ စည်းကမ်းသည် တပ်မတော်၏ ကျောရိုးမဏ္ဍိုင် တစ်ခုဖြစ်သကဲ့သို့ အသက်ဝိညာဉ်လည်း ဖြစ်ကြောင်း။

              တပ်မတော်ကို စတင်ဝင်ရောက်စဉ် ပထမဆုံးသင်ကြားလေ့ကျင့်ပေးသည့် ဘာသာရပ်မှာ အခြေခံစစ်ရေးပြခြင်း ဘာသာရပ်ဖြစ်ပြီး စစ်ရေးပြခြင်း၏ ရည်ရွယ်ချက် မှာ စစ်စည်းကမ်းကောင်းမွန်ခြင်း၊ အမိန့်နှင့်တာဝန်ကို နာခံတတ်ခြင်းပင်ဖြစ်သဖြင့် တပ်မတော်သားတိုင်း၏အခြေခံသည် စစ်စည်းကမ်းကစတင်ခြင်းဖြစ်ကြောင်း။

              အဖွဲ့အစည်းတစ်ခုခိုင်ခိုင်မာမာနှင့် အဓွန့်ရှည်ကြာစွာရပ်တည်နိုင်ရန်အတွက် မှန်ကန်သည့်မူဝါဒ၊ တိကျခိုင်မာသည့် စည်းမျဉ်း၊ စည်းကမ်း၊ လိုက်နာစောင့်ထိန်းရမည့် ဥပဒေ၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် ကြီးကြပ်ကွပ်ကဲမှုများနှင့် စနစ်တကျဖွဲ့စည်း လေ့ကျင့်မှုများရှိရမည်ဖြစ်ကြောင်း၊ စည်းကမ်းကောင်းမွန်သည့် အဖွဲ့အစည်းသည် ကြာရှည်တည်တံ့ခိုင်မြဲပြီး ရည်မှန်းချက် တာဝန်များကိုလည်း အောင်မြင်အောင် ဆောင်ရွက်နိုင်သည်ကိုတွေ့ရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့်လည်း စတင်သန္ဓေ တည်ပေါက်ဖွားလာကတည်းက စည်းကမ်းနှင့် အမိန့်နာခံမှုကောင်းသည့် တပ်မတော် ဖြစ်သဖြင့် နိုင်ငံအတွက် အခိုင်မာဆုံး Institution ဖြစ်ကြောင်း။

              တာဝန်ထမ်းဆောင်ရာတွင် စည်းကမ်းနှင့်အမိန့်များအပြင် စစ်သည်တော်တိုင်း လိုက်နာကြရမည့်အပါး(၆၀)သော ကျင့်ဝတ်များကို တစ်သဝေမတိမ်း လိုက်နာ လုပ်ဆောင်ခြင်းဖြင့် အောင်မြင်မှုရရှိမည့် ခေါင်းဆောင်များဖြစ်လာကြမည်ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်သည် စစ်ဘက်ဥပဒေများသာမက နယ်ဘက်ဆိုင်ရာဥပဒေ၊ နိုင်ငံတကာ စစ်ပွဲဆိုင်ရာဥပဒေများနှင့် ကာကွယ်ခုခံပိုင်ခွင့်အတွက် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း များ(Rules of Engagement-ROE) ကိုလည်း တိကျစွာလိုက်နာကြရမှာဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ကိုယ်တိုင် အသေးအဖွဲစည်းကမ်းများကအစ စံနမူနာပြ ဖြစ်စေရန် ကိုယ်တိုင်ကျင့်ကြံနေထိုင်ပြီး လက်အောက်ငယ်သားများပါ လိုက်ပါ လုပ်ဆောင်စေရေး ကြပ်မတ်ဆောင်ရွက်သွားကြရန်မှာကြားလိုကြောင်း။

              ခေါင်းဆောင်ငယ်များဖြစ်သဖြင့် စိတ်ဓာတ်နဲ့ကိုယ်ကျင့် တရားကောင်းမွန် ရန်လိုအပ်ကြောင်း၊ ကိုယ်ကျင့်တရားကောင်းမွန်ရေးအတွက် ဘာသာရေး၊ လူမှုရေး အဆုံးအမများနှင့်အညီ ကျင့်ကြံနေထိုင်သွားရမှာဖြစ်သည့်အပြင် သူတစ်ပါးအပေါ် ကိုယ်ချင်းစာစိတ်မွေးပြီး လေးစားတန်ဖိုးထားရမည်ဖြစ်ကြောင်း၊  မိမိဝင်ငွေနှင့်ထွက်ငွေ ကို မျှတအောင်သုံးစွဲတတ်ရမည်ဖြစ်ပြီး လိုချင်တပ်မက်မှုနည်းကာ ခြိုးခြံချွေတာစိတ် ရှိရမည်ဖြစ်ကြောင်း၊ မိမိတို့မြန်မာလူမျိုးများသည် မျိုးရိုးဗီဇအားဖြင့် အမျိုးသားရေး လက္ခဏာများကို အစဉ်လေးစား တန်ဖိုးထားကြသူများဖြစ်သဖြင့် အမျိုးသားရေး လက္ခဏာများကို ဆက်လက်ထိန်းသိမ်းမြှင့်တင် သွားကြရန်လိုအပ်ကြောင်း၊ အမျိုးသား ရေးလက္ခဏာနှင့် အမျိုးသား ယဉ်ကျေးမှုများ လျော့နည်းလာမည်ဆိုပါက မျိုးချစ် စိတ်ဓာတ်သည်လည်း တိမ်ကောပျောက်ကွယ် သွားမည်ဖြစ်ကြောင်း၊ မျိုးချစ်စိတ်ဓာတ် ကင်းမဲ့ခြင်းသည် တိုင်းပြည်နှင့်လူမျိုးအတွက် အကြီးမားဆုံးသော အန္တရာယ်ဖြစ် သည်ကို ပြောကြားလိုကြောင်း။

              နိုင်ငံတစ်နိုင်ငံအတွက် နိုင်ငံသားများ၏မျိုးချစ်စိတ်ဓာတ် ရှင်သန် ထက်မြက် ရေးသည် အထူးအရေးကြီးကြောင်း၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ အမျိုးဂုဏ်၊ ဇာတိဂုဏ် ထိန်းသိမ်းရေးတို့သည် မိမိတို့တပ်မတော်အတွက်သာမက တစ်မျိုးသားလုံး နှင့် သက်ဆိုင်သည့်ကိစ္စဖြစ်သဖြင့် အလွန်အရေးကြီးကြောင်း၊ မျိုးချစ်စိတ်ဓာတ်  ဆိုသည် မှာ မိမိတိုင်းပြည်၊ မိမိလူမျိုး၊ မိမိဘာသာ၊ စာပေ၊ ယဉ်ကျေးမှုကို ချစ်မြတ်နိုးသည့်စိတ်၊ တိုင်းပြည်နှင့်လူမျိုးကိုထိပါက မချိအောင်နာတတ်သည့်စိတ်၊ ကိုယ်ကျိုးမငဲ့ဘဲ တိုင်းပြည် အတွက် စွန့်လွှတ်စွန့်စားမည်ဆိုသည့် စိတ်ဓာတ်ပင်ဖြစ်ကြောင်း၊ ထို့ကြောင့်မိမိတို့၏ ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာများကိုလေးစားလိုက်နာပြီး မပျက်မယွင်းအောင် ထိန်းသိမ်းလိုသည့်စိတ်များမွေးမြူသွားကြရန်ပြောကြားလိုကြောင်း။

              ပြန်တမ်းဝင်အရာရှိအဖြစ်ခန့်အပ်ပြီး သက်ဆိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့ အသီးသီး တွင် ခေါင်းဆောင်ငယ်များအဖြစ် တာဝန်ထမ်းဆောင်ကြမည့်သူများဖြစ်သဖြင့် မိမိ ကွပ်ကဲရသည့် လက်အောက်တပ်ဖွဲ့ဝင်များကို မှန်ကန်သည့် ခေါင်းဆောင်မှု ပေးနိုင်ရန် လိုအပ်ကြောင်း၊ အခြေခံအကျဆုံး အဖွဲ့စနစ်မှစပြီး တပ်အရွယ်အစားကြီးမား လာသည် နှင့်အမျှ ခေါင်းဆောင်များ၏ အခန်းကဏ္ဍမှာအရေးပါသည်ကိုတွေ့ရမည် ဖြစ်ကြောင်း။

              အောင်မြင်သည့်ခေါင်းဆောင်မှုဆိုသည်မှာ ငယ်သားများအနေဖြင့် ခေါင်းဆောင် လုပ်သူ၏ လိုလားချက်တာဝန်များအပေါ် ၎င်းတို့၏ သဘောဆန္ဒအလျောက် တစ်စိတ် တစ်ဝမ်းတည်း အတူတကွ အားလုံးလိုက်ပါလုပ်ဆောင်ကြခြင်းပင်ဖြစ်ကြောင်း၊ မိမိ လက်အောက်ကို ကွပ်ကဲအုပ်ချုပ်သည့် နေရာတွင် ရိုးသားဖြောင့်မတ်မှန်ကန်ခြင်း၊ စည်းကမ်းကောင်းမွန်ခြင်း၊ ကျောသားရင်သားမခွဲခြားဘဲ မျှတမှန်ကန်စွာ ခေါင်းဆောင် ခြင်းများလိုအပ်ကြောင်း၊ ထို့ပြင် မိမိကိုယ်ကိုစံနမူနာပြဖြစ်အောင် နေထိုင်ကျင့်ကြံ ရမည်၊ ခေါင်းဆောင်ကောင်းစိတ်ဓာတ်၊ မိဘသဖွယ်စိတ်ဓာတ်တို့ကို မျှတစွာပေါင်းစပ် အသုံးချပြီး လက်အောက်ငယ်သားများ၏ ယုံကြည်ကိုးစားမှု၊ သစ္စာရှိစွာ ပူးပေါင်း ဆောင်ရွက်မှုများ ကိုလည်း ရယူရန်လိုအပ်ကြောင်း၊ ခေါင်းဆောင်ကောင်းဆိုသည်မှာ ရောင့်ရဲတင်းတိမ်မှု ရှိရန်လိုအပ်ကြောင်း။

              အဖွဲ့အစည်းတစ်ခု ခိုင်မာအားကောင်းပြီး မယိုင်မလဲရပ်တည်သွားနိုင်ရန် အတွက် အဖွဲ့အစည်းအတွင်း စည်းလုံးညီညွတ်ရေး ခိုင်မာအားကောင်းရန်လည်း လိုကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့်လည်း စည်းလုံးညီညွတ်ပြီးခိုင်မာသည့် တပ်မတော် မရှိပါကနိုင်ငံတော်သည် ယိမ်းယိုင်ချိနဲ့သွားနိုင်သည်ကို မှတ်သားထားကြရန်လို ကြောင်း၊ စည်းရုံးရေးစွမ်းရည်ကောင်းမွန်ပါက အုပ်ချုပ်ရေးစွမ်းရည်နှင့် စစ်ရေးစွမ်းရည် ပါ တိုးတက်ကောင်းမွန်လာမည်ဖြစ်သည့်အတွက် တပ်တွင်းစည်းလုံးညီညွတ်မှုနှင့် တပ်ပြင်စည်းရုံးရေး လုပ်ငန်းများကို ပိုမိုကျစ်လျစ်ခိုင်မာအောင် အလေးထားဆောင်ရွက် သွားကြရန်လိုကြောင်း။

ယနေ့ခေတ်သည် သိပ္ပံနှင့်နည်းပညာသာမက သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ (Information and Communications Technology-ICT) များအရှိန်အဟုန်နှင့် လျင်မြန်စွာ တိုးတက်လာသည့်အတွက် စစ်မှုရေးရာများတွင်လည်း ပြောင်းလဲလာခဲ့ကြောင်း၊ စစ်ဘက်ဆိုင်ရာကိစ္စရပ်များတွင် တိုးတက်လာသည့် နည်း ပညာများကို မှန်ကန်စွာအသုံးချခြင်းသည် တပ်ဖွဲ့ဝင်များအတွက် အလွန်အသုံးဝင်ပြီး အထောက်အကူ များစွာပေးနိုင်မည်ဖြစ်ကြောင်း။

              ဖြစ်ပေါ်နေသည့် နိုင်ငံ့အရေး၊ နိုင်ငံတကာအရေးများကို မပြတ်သိရှိနေရန် ဖတ်ရှုမှတ်သားလေ့လာနေကြရမည်ဖြစ်ကြောင်း၊ ကမ္ဘာကြီး၏ တိုးတက်ပြောင်းလဲ နေသည့် ခေတ်ကာလအခြေအနေအရ ပညာရည်မြှင့်တင်ရေးသည် အရေးကြီးသကဲ့သို့ စဉ်ဆက်မပြတ်လေ့လာမှုသည်လည်း အရေးကြီးပြီး မှန်ကန်သည့် လမ်းကြောင်းပေါ် တွင် လေ့လာ၍ ပညာရယူရန်လိုကြောင်း။

              ဖွံ့ဖြိုးတိုးတက်လာသည့် ဆက်သွယ်ရေးကွန်ရက်များတွင် သတင်း အချက် အလက်များ များပြားလာမှုကြောင့် သတင်းမှား၊ သတင်းတုများကို တပ်မတော်သား များအနေဖြင့် အသိတရားလက်ကိုင်ထားပြီး ခွဲခြမ်းစိတ်ဖြာတတ်ရန်လိုအပ်ကြောင်း၊ လွတ်လပ်ရေးရပြီးစကာလတွင်လည်း နိုင်ငံရေးပါတီများသည် ၎င်းတို့၏ အာဏာ လွန်ဆွဲပွဲတွင် အနိုင်ရရှိရေးအတွက် တပ်မတော်ကိုအသုံးချရန် တပ်မတော်အတွင်း သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့ကြကြောင်း၊ ထိုသို့ဆောင်ရွက်၍မရခဲ့သည့်အတွက် နောက်ဆုံးတွင် တပ်မတော်ကိုပြိုကွဲစေရန်၊ ဂုဏ်သိက္ခာကျဆင်းစေရန် အခြေအမြစ် မရှိ သည့် ပြောဆိုရေးသားမှုများကို အလေးထားလုပ်ဆောင်လာသည်ကို တွေ့ရကြောင်း၊ လူမှုကွန်ရက်များမှတစ်ဆင့် သတင်းပေါက်ကြားမှုများ ဖြစ်ပေါ်တတ်သကဲ့သို့ သတင်း မှားများ၊ ကောလာဟလများ၊ သွေးထိုးလှုံ့ဆော်မှုများ ပါဝင်နေသည်ဖြစ်သည့်အတွက် ဉာဏ်သတိနှင့်ယှဉ်ပြီး စည်းကမ်းတကျ အသုံးပြုတတ်ကြရန်လိုအပ်ကြောင်း။

              တိုင်းရင်းသားပြည်သူများ၏ ဆန္ဒနှင့်အညီ ပါတီစုံဒီမိုကရေစီလမ်းကြောင်း ပေါ်တွင် ခိုင်ခိုင်မာမာဖြောင့်ဖြောင့်တန်းတန်း လျှောက်လှမ်းနိုင်ရေး ဒီမိုကရေစီ ရည်မှန်း ချက်များအောင်မြင်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိကလိုအပ်ချက်သည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးပင်ဖြစ်ကြောင်း၊ တပ်မတော် ကချမှတ်ထားသည့် ငြိမ်းချမ်းရေး မူဝါဒ ၆ ရပ်သည် နိုင်ငံတော်တည်ငြိမ်အေးချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုလျက်ရှိသည် ဆိုသည်ကို ပြောကြားလိုကြောင်း။

              ဒီမိုကရေစီ၏ အခြေခံအကျဆုံးအချက်သည် စည်းကမ်းလိုက်နာခြင်းနှင့် ဥပဒေကိုတန်ဖိုးထားလေးစားခြင်းတို့ပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ ပြည်သူလူထု၏ ပကတိ လိုအပ်ချက်သည် ဥပဒေနှင့်အညီ အေးအေးချမ်းချမ်း နေထိုင်လုပ်ကိုင် စားသောက်ပြီး စိတ်ချမ်းသာကိုယ်ချမ်းသာနှင့် ဘဝဖွံ့ဖြိုးတိုးတက်ရေးပင် ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရ၏ဦးဆောင်မှုနှင့်အတူ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနေဖြင့် ပြည်သူလူထု၏ပကတိလိုအပ်ချက်ကို ဖြည့်ဆည်း နိုင်ရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ခိုင်မာသည့် သန္နိဋ္ဌာန်စိတ်ဓာတ်ဖြင့် ဆက်လက်ကြိုးစား ဆောင်ရွက်ကြရန် မဖြစ်မနေလိုအပ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ငြိမ်းချမ်းရေးကို မိမိတို့ တိုင်းရင်းသား အားလုံးကပင် မဖြစ်မနေဖော်ဆောင်ကြရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (Nationwide Ceasefire Agreement– NCA) ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်သွားမည် ဖြစ်သည်ကို ပြောကြားလိုကြောင်း။

              ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရာတွင် တရားမျှတပြီး လွတ်လပ်သည့် အထွေ ထွေ‌ရွေးကောက်ပွဲများသည် ဒီမိုကရေစီစနစ် ရေရှည်တည်တံ့ ခိုင်မြဲစေရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သကဲ့သို့ ယင်းစနစ်၏အသက်ပင်ဖြစ်ကြောင်း၊ မိမိတို့ကဲ့သို့ ဒီမိုကရေစီတည်ဆောက်စ နိုင်ငံမျိုးတွင် ပိုပြီးအရေးကြီးကြောင်း၊ တိုင်းရင်းသား ပြည်သူ လူထုဆန္ဒနှင့်အညီ လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို တပ်မတော် အနေ ဖြင့် လိုအပ်သည့်အခြေခံမှစ၍ တည်ဆောက်ပေးခဲ့သည်မှာ ဒီမိုကရေစီလမ်းကြောင်း အစိုးရနှစ်ဆက်တိုင် လျှောက်လှမ်းခဲ့ပြီးဖြစ်ကြောင်း၊ ရွေးကောက်ပွဲများ၏ လွတ်လပ် မျှတမှုသည် ရွေးကောက်ပွဲမတိုင်မီ ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကျင်းပ စဉ်ကာလနှင့် ရွေးကောက်ပွဲပြီးကာလဟူ၍ ကာလသုံးခုလုံးလွတ်လပ်မှသာ လွတ်လပ် ပြီး တရားမျှတသည့် ရွေးကောက်ပွဲဟု ခေါ်နိုင်ကြောင်း။

              ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲကာလများ၌ ရည်ရွယ်ချက် ရှိရှိ ကြိုတင်ကြံစည်သည့် မဲမသမာမှုများသည် တိုင်းပြည်အတွက် အရုပ်ဆိုးအကျည်း တန်ပြီး ရှက်ဖွယ်ကောင်းသည့် ဖြစ်စဉ်များဖြစ်သကဲ့သို့ ပြည်သူပြည်သား အားလုံးနှင့် နိုင်ငံတော်အပေါ်၌လည်း ထိခိုက်နစ်နာမှုများရှိခဲ့သည်ကို တွေ့ကြရမည်ဖြစ်ကြောင်း၊ မဲမသမာမှုများဖော်ထုတ်တွေ့ရှိခဲ့သည်ကို ဒီမိုကရေစီကျင့်စဉ်အရ ဥပဒေနှင့်အညီ ရင်ဆိုင်ဖြေရှင်းမှုမလုပ်ဆောင်ဘဲ အကြမ်းဖက်လမ်းစဉ်ကို ရွေးချယ်ခြင်းသည် ဒီမိုကရေစီ၏ ဆန့်ကျင်ဘက်သာဖြစ်ကြောင်း။

              ဒီမိုကရေစီကို ချစ်မြတ်နိုး၊ တန်ဖိုးထားသူတိုင်း၊  မျိုးချစ်စိတ်ဓာတ်ရှိသူတိုင်း ယခုနိုင်ငံရေးဖြစ်ရပ်ကို နားလည်လက်ခံကြသော်လည်း ပြည်ပဩဇာခံများနှင့် မျက်စိ ပိတ် နားပိတ်ထားသူများသည် ဖြစ်ရပ်မှန်ကို လက်မခံနိုင်ဘဲ အကြမ်းဖက် အဖျက် အမှောင့်လုပ်ရပ်များ လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်း၊ မဲမသမာမှုများမှတစ်ဆင့် ပေါ်ပေါက်လာသည့် CRPH ၊ NUG ၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့အစည်းများ၏ ခြိမ်းခြောက်စည်းရုံးမှုကြောင့် အချို့သောသူများသည်အသိဉာဏ်ပညာများပျောက်ကွယ် သွားရလောက်သည်အထိ ဝါဒမှိုင်းမိနေကြပြီး ပညာမဲ့လူများ၏ လှုံ့ဆော်မှုနောက်သို့ မျက်ကန်းလမ်းလျှောက်သဖွယ် အကြမ်းဖက်မှုများတွင် ပါဝင်ဆောင်ရွက်နေကြခြင်း သည်  ၎င်းတို့၏အနာဂတ်ကို ကိုယ်တိုင်တစ်စစီချေဖျက်နေခြင်းပင်ဖြစ်ကြောင်း။

              အကြမ်းဖက်အဖွဲ့အစည်းများသည် စာသင်ကျောင်းများ၊ အစိုးရပိုင်နှင့် ပုဂ္ဂလိ က ပိုင်အဆောက်အဦများ မီးရှို့ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ ပညာရေးဝန်ထမ်းများ၊ ပြည်သူ့ဝန်ထမ်းများကို ခြိမ်းခြောက်သတ်ဖြတ်ခြင်း၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုများ ကို နှောင့်ယှက်ဟန့်တားခြင်း၊ လုံခြုံရေးတပ်ဖွဲ့များအား ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက် ခြင်းသည် တိုင်းပြည်ဖျက်နေခြင်းဖြစ်သဖြင့် ပြည်သူလူထုက အကြမ်းဖက်လုပ်ရပ်အဖြစ် နားလည်လက်ခံကြသော်လည်း ပြည်တွင်းမှအစွန်းရောက်သူအချို့နှင့် အချို့နိုင်ငံများက မျက်ကွယ်ပြုပြီး အားပေးအားမြှောက်ပြုလုပ်နေကြကြောင်း။

              ဒီမိုကရေစီဆိုသည်မှာ အများဆန္ဒနှင့်အညီ ဆောင်ရွက်ရသည် ဆိုသော်လည်း အများဆန္ဒသည် စစ်မှန်ပြီး ရိုးသားသည့်နိုင်ငံရေးဖြစ်ရန် လိုအပ်ကြောင်း၊ ရိုးသားမှု မရှိသည့်နိုင်ငံရေးသည် စစ်မှန်သည့် ဒီမိုကရေစီဟုပြောနိုင်ရန် ခဲယဉ်းသည်ကို သတိချပ် စေချင်ကြောင်း၊ မိမိတို့နိုင်ငံတော်သည် ပြည်သူများ၏ဆန္ဒနှင့်အညီရွေးချယ်ထားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌ လျှောက်လှမ်းနေသည်ဖြစ်သည့်အတွက် တပ်မ တော်အနေဖြင့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခိုင်ခိုင်မာမာဖြစ်တည်ရေး ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ တည်တည်ငြိမ်ငြိမ် လျှောက်လှမ်းနိုင်ရေးအတွက် နိုင်ငံရေးအရ တည်ငြိမ်ရန်လိုအပ်သကဲ့သို့ လုံခြုံရေး အရလည်း တည်ငြိမ်နေရန်လိုအပ်ကြောင်း။

              ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်ထားသည့် တပ်မတော်၏ အဓိကတာဝန် သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာမဆုံးရှုံးစေရေး၊ နိုင်ငံတော်၏ အကျိုးစီးပွားနှင့် နိုင်ငံသူ၊ နိုင်ငံသားများကို ကာကွယ်ရေး ဖြစ်သည်ကို ပြောကြားလိုကြောင်း၊ နိုင်ငံတော်  တွင် မည်သည့်နိုင်ငံရေးစနစ် မည်သည့်အစိုးရ ဦးဆောင်သည်ဖြစ်စေ တပ်မတော်အနေ ဖြင့် တစ်မျိုးသားလုံးနှင့်သက်ဆိုင်သည့် အမျိုးသားရေးမူဝါဒဖြစ်သည့် ဒို့တာဝန်အရေး သုံးပါးကို ဆက်လက်ထိန်းသိမ်းကာကွယ်သွားကြရမည်ဖြစ်ကြောင်း၊ ပေးအပ်လာသည့် ရည်မှန်းချက်တာဝန်များကို ထမ်းဆောင်ရာတွင် အထက်ကယုံကြည်အားထားရပြီး လက်အောက်က လေးစားအားကိုးရသည့် အရာရှိကောင်းများဖြစ်ရန်၊ ပြည်သူက ယုံကြည်အားကိုးရသည့် အရာရှိကောင်းများဖြစ်ရန် ကြိုးပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ သင်ကြားပေးလိုက်သည့် အသိပညာအတတ်ပညာရပ်များကို မိမိတို့၏ တွေးခေါ်မျှော်မြင်တတ်မှု၊ ကြိုးစားအားထုတ်မှုများနှင့် ပေါင်းစပ်ပြီး မိမိကိုယ်ကို အမြဲ တိုးတက်မြင့်မားစေရန် ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ခေါင်းဆောင် တစ်ဦးတွင်ရှိရမည့် အရည်အသွေးများပြည့်ဝစေရန်အတွက် ခေါင်းဆောင်မှုအင်္ဂါရပ်(၁၆) ရပ်နှင့်အညီ တိကျစွာ လိုက်ပါလုပ်ဆောင်ပြီး လက်တွေ့နယ်ပယ်အတွေ့အကြုံများနှင့် ပေါင်းစပ်ဆောင်ရွက်သွားကြရန်လိုကြောင်း၊           နိုင်ငံတော်အား ပြည်တွင်း၊ ပြည်ပ အန္တရာယ် များမှ ကာကွယ်ရန်အတွက် ပေးအပ်လာမယ့်တာဝန်များအပေါ် တိတိကျကျ လိုက်နာ ဆောင်ရွက်ပြီး မိမိတတ်စွမ်းသမျှ ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်းနှင့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါးကို အမျိုးသားရေးမူဝါဒအဖြစ် ဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော်နှင့် တပ်မတော်အပေါ် သက်စွန့်ကြိုးပမ်း ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် သည် ဗိုလ်လောင်းတပ်ခွဲ များ၏ အလေးပြုခြင်းကို ခံယူပြီးနောက် စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာ သည်။

စစ်ရေးပြအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် သည် စစ်တက္ကသိုလ်ကျောင်းဌာနချုပ်၊ ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်း ၅ ဦးကို တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။

ဂုဏ်ပြုအမှာစကားပြောကြားရာတွင် သင်တန်းတက်ရောက်ရသည့် ၄ နှစ်တာ ကာလ တစ်လျှောက်လုံး စာပေပညာ၊ စစ်ပညာ တို့တွင် ကြိုးစားအားထုတ်ခဲ့မှု၊ စည်းကမ်း ကောင်းမွန်မှုတို့ကြောင့် ယခုကဲ့သို့ ထူးချွန်ဆုများရရှိခဲ့ကြခြင်းဖြစ်ကြောင်း၊ မိမိဘဝ တိုးတက်မှုရှိစေရေး ကြိုးစားအားထုတ်နိုင်မှု၊ မိမိကိုယ်ကို ထိန်းသိမ်းနိုင်မှု၊ စည်းကမ်း ကောင်းမွန်မှု စသည့် အခြေခံ အလေ့အကျင့်ကောင်းများကို ဆက်လက်ထိန်းသိမ်းပြီး ဘဝ တစ်လျှောက်လုံး စဉ်ဆက်မပြတ် ဆက်လက်ကြိုးစားအားထုတ်သွားကြရမည်ဖြစ် ကြောင်း၊ ယခုဗိုလ်လောင်းအမှတ်စဉ် တတိယနှစ်နှင့် နောက်ဆုံးနှစ်တို့တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားခဲ့သဖြင့် သင်တန်းကာလ ၂ နှစ်သည် တစ်နှစ်ပတ်လုံး တပ်ပြင်ထွက်ခွင့် မရရှိဘဲ စာပေပညာ၊ စစ်ပညာများကို ပိုမိုလေ့လာ လေ့ကျင့်ခဲ့သည်မှာ ထူးခြားမှုတစ်ခုပင် ဖြစ်ကြောင်း။

ထူးချွန်ဆုရ ဗိုလ်လောင်းများ၏ မိဘများသည် တောင်သူလယ်သမားများ၊ သာမာန် အခြေခံမိသားစုများပင်ဖြစ်သည်ကို တွေ့ရှိရပြီး ယခုကဲ့သို့ ထူးချွန်ထက်မြတ်သူများ ဖြစ်လာစေရေး ငယ်စဉ်ကတည်းကပင် ကျွေးမွေးပြုစုပျိုးထောင်ပေးခဲ့သည့် မိဘများ၏ ကျေးဇူးကို သိတတ်ရန်နှင့် ကျေးဇူးဆပ်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ ထို့အတူ ဗိုလ်လောင်း သင်တန်းလေးနှစ်တာကာလအတွင်း တပ်မတော်၏ ခေါင်းဆောင်ငယ်များ ဖြစ်လာစေ ရေး လေ့ကျင့်မွေးထုတ်ပေးခဲ့သည့် တပ်မတော်နှင့် အမိစစ်တက္ကသိုလ်၏ ကျေးဇူးကို လည်း မမေ့ရန်လိုကြောင်း၊ နိုင်ငံတော်နှင့် တပ်မတော်က နောင်အနာဂတ်တွင် ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန် ရည်မှန်းပြီး လေ့ကျင့်မွေးထုတ်ပေးခဲ့ခြင်းဖြစ် သည့်အတွက် သင်ကြားပေးလိုက်သည့် ပညာများ၊ အခြေခံကောင်းများဖြင့် တာဝန်ကို သစ္စာရှိရှိ ကြိုးစားအားထုတ်ဆောင်ရွက်ခြင်း၊ မိမိကိုယ်ကိုထိန်းထိန်းသိမ်းသိမ်း နေထိုင် ခြင်းဖြင့် နိုင်ငံတော်နှင့် တပ်မတော်၏ ကျေးဇူးကိုဆပ်ရာရောက်မည်ဖြစ်ကြောင်း၊ စစ်သား ကောင်းတစ်ယောက်ပီသစွာ နေထိုင်ကျင့်ကြံရမည်ဖြစ်ပြီး နိုင်ငံတော်နှင့် တပ်မတော်၏ တာဝန်များကို ထမ်းဆောင်လျက်ရှိကြသည့် နောင်တော် ကျောင်းဆင်းအရာရှိများ၊ စစ်သည်များထံမှလည်း ကောင်းမွန်သည့် အတွေ့အကြုံကောင်းများကို လက်ဆင့်ကမ်း သင်ယူကြရန်လိုကြောင်း၊ မိမိတို့၏ ရည်မှန်းချက်များ အောင်မြင်စေရေး၊ မိသားစုများ၏ မျှော်မှန်းချက်များ ဖြစ်ပေါ်လာစေရေး မိမိကိုယ်ကို ထိန်းသိမ်းပြီး မိမိဘဝကို မြှင့်တင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

ကမ္ဘာကြီးသည် လျင်မြန်စွာ ပြောင်းလဲတိုးတက်လျက်ရှိသဖြင့် ခေတ်နှင့်အမီလိုက် နိုင်ရေး၊ နည်းပညာပိုင်းဆိုင်ရာများတွင် နောက်ကျမကျန်ခဲ့စေရေးတို့အတွက် သိသင့် သိထိုက်သည် မှန်သမျှကို အမြဲမပြတ် ဖတ်ရှုလေ့လာမှတ်သားနေရမည်ဖြစ်ကြောင်း၊ ယခု ကျောင်းတော်ကြီးမှ သင်ကြားလေ့ကျင့်ပေးလိုက်သည့် အခြေခံကောင်းများ၊ ကောင်းမွန် သည့် အလေ့အကျင့်များကို အသုံးချပြီး ဘဝတစ်လျှောက်လုံးတွင် နိုင်ငံတော်၊ တပ်မတော် နှင့် မိသားစု က ဂုဏ်ယူအားထားကြရသူများ ဖြစ်လာအောင် သစ္စာရှိစွာဖြင့် ကြိုးစားအား ထုတ်သွားကြရမည်ဖြစ်ကြောင်းဖြင့် အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိ သည်။