နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၃) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၃) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြား

နေပြည်တော်၊ ဒီဇင်ဘာ ၁၀

တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၃) သင်တန်း ဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ တပ်မတော် နည်းပညာတက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး စည်သူ မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော်အရာရှိိကြီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မန္တလေးမြို့တော်ဝန်၊ တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းအုပ်ကြီး၊ ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိသူ များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် အား ဗိုလ်လောင်းတပ်ခွဲများက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြသည်။ ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာ သရေစည်သူ မင်းအောင်လှိုင် က တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်း သင်တန်း အမှတ်စဉ်(၂၃)မှ အောင်စစ်သည်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၇၈၈၈၊ ဗိုလ်လောင်း တင်မျိုးဦး၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၇၉၆၄ ဗိုလ်လောင်း ဝင်းမိုးသူ နှင့် စာပေထူးချွန်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၇၉၀၂ ၊ ဗိုလ်လောင်း နေထက်ဝင်း တို့အား ဆုများ အသီးသီး ပေးအပ်ချီးမြှင့်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် က သင်တန်းဆင်းမိန့်ခွန်း ပြောကြားရာတွင် “တပ်မတော်(ကြည်း၊ ရေ၊ လေ)အတွက် လိုအပ်သော အရည်အချင်း နှင့် ပြည့်စုံသည့် အင်ဂျင်နီယာ ဘွဲ့ကြို၊ ဘွဲ့လွန်နှင့်ဘွဲ့ရအရာရှိများ မွေးထုတ်ပေးရန်” ဟူသည့် တပ်မတော်နည်းပညာတက္ကသိုလ်၏ ရည်ရွယ်ချက်နှင့်အညီ မွေးထုတ် ပေးလိုက် သည့် သင်တန်းဆင်းအရာရှိများသည် အင်ဂျင်နီယာဘွဲ့ရ အရာရှိငယ်များအဖြစ်သာမက စစ်ဘက်ခေါင်းဆောင်ငယ်များအဖြစ်ပါ နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်ကြရ မည်ဖြစ်ကြောင်း။
စစ်အင်ဂျင်နီယာတပ်ဖွဲ့သည် မြန်မာ့တပ်မတော်အတွက် အားထားရသည့် လက်ရုံး ဝန်ထမ်းတပ်ဖွဲ့တစ်ခုအဖြစ် ရပ်တည်လာခဲ့သည်မှာ မြန်မာ့တပ်မတော် လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းနှင့် ထပ်တူဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် တပ်မတော် (ကြည်း၊ ရေ၊ လေ)တပ်ရင်း၊တပ်ဖွဲ့များအတွက် အင်ဂျင်နီယာပိုင်းဆိုင်ရာကဏ္ဍများတွင် စွမ်းစွမ်းတမံ ကူညီပံ့ပိုးပေးခဲ့သည်မှာလည်း ယနေ့ထိတိုင်ဖြစ်ကြောင်း၊ စစ်ဆင်ရေးကာလနှင့် ငြိမ်းချမ်း ချိန်ကာလများအတွင်း တပ်မတော်၏ ရွေ့လျားနိုင်ရေး၊ တိုက်ခိုက်နိုင်ရေးနှင့် နေထိုင်နိုင် ရေးတို့အတွက် စစ်ဆင်ရေးကဏ္ဍများတွင် ပါဝင်ထမ်းဆောင်ခြင်း၊ အင်ဂျင်နီယာပိုင်း ဆိုင်ရာကျွမ်းကျင်မှုအကူအညီပေးခြင်းနှင့် တည်ဆောက်ရေးလုပ်ငန်းများကို သယ်ပိုး ထမ်းဆောင် ပေးခဲ့သည့် လက်ရုံးဝန်ထမ်းတပ်ဖွဲ့တစ်ခု ဖြစ်ကြောင်း။
ထို့အပြင် အင်ဂျင်နီယာတပ်ဖွဲ့သည် ပြည်တွင်းပြည်ပ ပဋိပက္ခများကြောင့် ဖြစ်ပေါ် လာသည့် အရေးပေါ်အခြေအနေအတွင်း ဒေသဆိုင်ရာအဆင့်ဆင့် အုပ်ချုပ်ရေးဌာန အဆောက်အအုံများ၊ နိုင်ငံ၏ မရှိမဖြစ်လည်ပတ်ရန် လိုအပ်သည့် ဝန်ဆောင်မှုလုပ်ငန်း၊ စက်မှုလုပ်ငန်းနှင့် စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အအုံများအပြင် လမ်းပန်း ဆက်သွယ်ရေး မပြတ်တောက်စေရန်အတွက် လိုအပ်သော အင်ဂျင်နီယာတပ်ဖွဲ့ဆိုင်ရာ အကူအညီများ ဆောင်ရွက်ပေးရကြောင်း၊ ရာသီဉတုပြောင်းလဲမှုကြောင့် လူသားများ အတွက်ကြီးမားသော ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်သည့် သဘာဝဘေးအန္တရာယ် အလျင် အမြန်တုံ့ပြန်‌ရေး၌ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေး တာဝန် တစ်ရပ်အနေဖြင့် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အင်ဂျင်နီယာတပ်ဖွဲ့၏ အခန်းကဏ္ဍသည် အ‌ရေး ပါလျက်ရှိသည်ကို တွေ့ရမည်ဖြစ်ကြောင်း။
နိုင်ငံတော်၏ လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် အကောင်းဆုံးသော အာမခံချက်သည် စွမ်းရည်ထက်မြက်သည့် ကာကွယ်ရေးစွမ်းအား စု တည်ဆောက်ပိုင်ဆိုင်နိုင်ခြင်းပင်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဉပဒေ(၂၀၀၈ ခုနှစ်)၌ “တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေးအတွက် အဓိကအကျဆုံးသော လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်ကြောင်း၊ နိုင်ငံတော်အား ပြည်တွင်း၊ ပြည်ပအန္တရာယ်များမှ ကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင်ရမည်ဖြစ်ကြောင်း” ဟုအတိအလင်းပြဋ္ဌာန်းထားကြောင်း၊ ထိုသို့ပြဋ္ဌာန်းခဲ့ ရခြင်းမှာလည်း တပ်မတော် စတင်ပေါ်ပေါက်ရသည့် အကြောင်းအရင်း၊ တပ်မတော် ထူထောင်ရခြင်း၏ မူလရည်ရွယ်ချက်၊ တပ်မတော်ဖွဲ့စည်းတည်ထောင်ရာတွင် အမာခံ အမြုတေအဖြစ် ပါဝင်ခဲ့သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ စသည်တို့အပေါ်မူတည်ပြီး ပြဋ္ဌာန်းရခြင်းပင် ဖြစ်ကြောင်း။
တပ်မတော်ကို နိုင်ငံတော်ကာကွယ်ရေးတာဝန်များ ကျေပွန်စွာ ထမ်းဆောင်နိုင် ရန်အတွက် သမားရိုးကျစစ်ပွဲဆင်နိုင်သည့် တိုက်စွမ်းရည်နှင့် တိုက်စွမ်းအားရှိသော ခေတ်မီတပ်မတော်(Standard Army) တစ်ရပ်အဖြစ် ရည်မှန်းချက်ထား ဖွဲ့စည်း တည်ဆောက်လျက်ရှိကြောင်း၊ Standard Army ဖွဲ့စည်းတည်ဆောက်ရာတွင် တပ်မ တော်(ကြည်း)၊ တပ်မတော်(ရေ)၊ တပ်မတော်(လေ)နှင့် အသစ်ဖွဲ့စည်းခဲ့သည့် ကမ်းခြေ စောင့်တပ်ဖွဲ့များကိုပါ တစ်ပြိုင်နက်တည်း အဆင့်မြှင့်တင်တည်ဆောက် ပေးလျက်ရှိ ကြောင်း။
ထိုသို့ အဆင့်မြှင့်တင်တည်ဆောက်ရာတွင် လူ၊ လက်နက်ဖွဲ့စည်းပုံ အဆင့် မြှင့်တင်ခြင်းသာမက လိုအပ်သည့် စစ်လက်နက်ပစ္စည်းများကိုလည်း ပြည်တွင်း၌ ကိုယ်ပိုင်ထုတ်လုပ်တပ်ဆင်အသုံးပြုနေပြီဖြစ်ကြောင်း၊ ထိုသို့ ပြည်တွင်း၌ ထုတ်လုပ် အသုံးပြုနိုင်ရေး အင်ဂျင်နီယာ အရာရှိ၊ စစ်သည် အတတ်ပညာရှင်များ၏ စွမ်းပကား လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးသည့်အခန်းကဏ္ဍတွင် ပါဝင်လာသည့်အတွက် တပ်မတော်၏ လူ့စွမ်းအားအရင်းအမြစ်များကို ဘက်ပေါင်းစုံ က တိုးတက်အောင် ဆောင်ရွက်လျက်ရှိပြီး အဆိုပါလူ့စွမ်းအားအရင်းအမြစ်များသည် တပ်မတော်ကို အကျိုးပြုနိုင်ရုံသာမက နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် လည်း တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။
ယနေ့ခေတ်သည် စစ်ဘက်သိပ္ပံနှင့်နည်းပညာတိုးတက် ပြောင်းလဲလာသည်နှင့် အမျှ ခေတ်သစ်စစ်ပွဲများတွင် သတင်းစုံစွာရရှိရေး၊ လုံခြုံမှုနှင့် အကာအကွယ်ရရှိရေး၊ ထိရောက်စွာ ချေမှုန်းတိုက်ခိုက်နိုင်ရေး၊ အဆုံးအဖြတ်တိုက်ပွဲများတွင် အချိန်တိုအတွင်း ဆင်နွှဲနိုင်ရေးအတွက် နည်းပညာအပေါ်များစွာ မှီခိုအသုံးပြုလာသည်ကို တွေ့ရှိရမည် ဖြစ်ကြောင်း။
ထို့ကြောင့် နိုင်ငံတကာတွင် လက်ရှိဖြစ်ပေါ်တိုးတက်နေသည့် စစ်ဘက်သိပ္ပံနှင့် နည်းပညာ တိုးတက်ပြောင်းလဲမှုများကို စဉ်ဆက်မပြတ် လေ့လာပြီး မိမိနိုင်ငံ၊ မိမိ တပ်မတော်အတွက် အကောင်းဆုံးအသုံးချသွားရမည်ပင်ဖြစ်ကြောင်း၊ “ကျင့်ဝတ်၊ တီထွင်၊ စွမ်းအားရှင်” ဆိုသည့် တပ်မတော်နည်းပညာတက္ကသိုလ် လမ်းညွှန်ဆောင်ပုဒ်နှင့်အညီ အင်ဂျင်နီယာကျင့်ဝတ်များကို လိုက်နာပြီး အရာရာတွင် တီထွင်ဖန်တီးနိုင်သည့် စိတ်ကူး စိတ်သန်းနှင့် လက်တွေ့အကောင်အထည်ဖော်နိုင်သည့် စွမ်းအားများ ရှိအောင် ကြိုးစား သွားကြရန် မှာကြားလိုကြောင်း။
ယနေ့ခေတ်သည် သတင်းအချက်အလက်နည်းပညာ (Information Technology) ခေတ်ဖြစ်ခြင်းကြောင့် သတင်းအချက်အလက်စီးဆင်းမှု၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှု သည် အလွန် မြန်ဆန်နေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ဖွံ့ဖြိုးတိုးတက်မှု ရေစီးကြောင်းနောက်ကို အမီလိုက်နိုင်ရန်အတွက် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း (Research and Development)များကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြ ရမည် ဖြစ်ကြောင်း၊ ယခုသင်ကြားပေးလိုက်သည့် ပညာရပ်များသည် အခြေခံသီအိုရီ မျှသာ ဖြစ်ပြီး ဆက်လက်လေ့လာသုတေသနပြုရန် လိုအပ်သကဲ့သို့ လေ့လာရရှိသည့် ပညာရပ်များကို ကျွမ်းကျင်မှုရှိအောင် လေ့ကျင့်ရန်လည်းလိုအပ်ကြောင်း။
ထို့အပြင် မိမိတို့တာဝန်ကျရာ ဒေသအသီးသီးတွင် ပင်မတာဝန်ထမ်းဆောင်ရင်း ပြောင်းလဲတိုးတက်လျက်ရှိသည့် စစ်မှုဆိုင်ရာ သိပ္ပံနှင့်နည်းပညာရပ်များကို အမီလိုက် နိုင်ရန် စဉ်ဆက်မပြတ် လေ့လာကြိုးပမ်း ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ မိမိနိုင်ငံ၊ မိမိ တပ်မတော်အတွက် အကျိုးရှိနိုင်သည့် ပညာရပ်များကို စဉ်ဆက်မပြတ် သင်ယူ လေ့လာ ခြင်း (Continuous Learning)ဖြင့် မိမိတို့၏အရည်အချင်းများကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေရမည်ဖြစ်ကြောင်း။
သိပ္ပံနှင့်နည်းပညာရပ်များတွင် “ဖော်ထုတ်သုံးစွဲ”သည့်အဆင့်မှ “တီထွင် အသုံးပြု” သည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည့်အတွက် ပြောင်းလဲတိုးတက်နေသည့် စစ်ဘက် သိပ္ပံပညာရပ်များကို ကျွမ်းကျင်စွာ တီထွင်ထုတ်လုပ်အသုံးပြုနိုင်အောင် အမြဲမပြတ် ဆည်းပူး လေ့လာနေရမည်ဖြစ်ကြောင်း။
အင်ဂျင်နီယာပညာရပ်သည် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သဘာဝဝန်းကျင်ကို ပြုပြင်ပြောင်းလဲ ဖန်တီးခြင်းပင် ဖြစ်ကြောင်း။
မိမိတို့ပတ်ဝန်းကျင်ရှိ ရုပ်ဝတ္ထုသဘာဝတရားများ ဖြစ်ပေါ်ပြောင်းလဲမှုကို လေ့လာဆန်းစစ်ရာမှ ထွက်ပေါ်လာသည့် ရူပဗေဒ၊ ဓာတုဗေဒဘာသာရပ်၊ ပြုပြင် ဖန်တီးမှုများပြုလုပ်ရာတွင် အကျိုးသက်ရောက်မှုများကို ကြိုတင်မှန်းဆနိုင်သည့် သင်္ချာဘာသာရပ်များသည် သိပ္ပံပညာရပ်ဆိုင်ရာသီအိုရီများ အခြေခံဆောင်ရွက်ရသည့် ဘာသာရပ်များဖြစ်ကြောင်း၊ ထို့ကြောင့် အမှန်တကယ်တတ်မြောက်သည့် အင်ဂျင်နီယာ ပညာရှင်တစ်ဉီးဖြစ်ရန် ရူပဗေဒ၊ ဓာတုဗေဒ၊ သင်္ချာ စသည့်သိပ္ပံပညာရပ်များ ကျွမ်းကျင် စွာတတ်မြောက်ရန် လိုအပ်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။
အင်ဂျင်နီယာပညာရပ်များ၏ ဖွံ့ဖြိုးတိုးတက်မှုကို လေ့လာကြည့်ပါက စက်သီး၊ မောင်းတံ၊ ဘီးများ တီထွင်မှုမှအစပြုခဲ့ပြီး သယ်ယူပို့ဆောင်ရေးကဏ္ဍနှင့် ကုန်ထုတ် လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကကျသည့် စက်မှုအင်ဂျင်နီယာပညာရပ်များ၊ လမ်း၊ တံတား၊ အဆောက်အအုံ၊ ဆည်မြောင်း၊ တာတမံများ တည်ဆောက်ရာတွင် အခြေခံကျသည့် မြို့ပြအင်ဂျင်နီယာပညာရပ်များ၊ စွမ်းအင်လိုအပ်ချက်များနှင့် သတင်း အချက်အလက် နည်းပညာအတွက် အခြေခံဖြစ်သည့် လျှပ်စစ်အင်ဂျင်နီယာ ပညာရပ် များ ဦးစွာဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး လူမှုစီးပွားဘဝမြင့်မားလာရန် အထောက်အကူ ပြုခဲ့ သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။
လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်ရန် အင်ဂျင်နီယာဘာသာရပ် နယ်ပယ် ကျယ်ပြန့်လာခဲ့ပြီး ကုန်ထုတ်လုပ်မှုကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ အလိုအလျောက်ထိန်းချုပ်မှုကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက်နိုင်ရေး အထောက်အကူပြု စေသည့် သတ္တုတူးဖော်ရေးအင်ဂျင်နီယာ၊ သတ္တုဗေဒအင်ဂျင်နီယာ၊ ရေကြောင်း အင်ဂျင်နီယာ၊ လေကြောင်းအင်ဂျင်နီယာ၊ အီလက်ထရောနစ်အင်ဂျင်နီယာ၊ စက်မှု အီလက်ထရောနစ် အင်ဂျင်နီယာ စသည့်ပညာရပ်များ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်ကို တွေ့ရှိရမည် ဖြစ်ကြောင်း။ ယနေ့ခေတ်ကာလ အင်ဂျင်နီယာပညာရပ် နယ်ပယ်များစွာ ပေါင်းစပ်ပါဝင်လျက်ရှိသည့် ဉာဏ်ရည်တုနည်းပညာ(Artificial Intelligence-AI)၊ နာနို နည်းပညာ(Nano)များအထိ စဉ်ဆက်မပြတ် နည်းပညာသစ်များ ပေါ်ထွက်လာခဲ့ပြီး ပေါ်ထွက်လာဆဲလည်းဖြစ်ကြောင်း။
မိမိတို့နိုင်ငံ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ပေး နိုင်သည့် အင်ဂျင်နီယာအတတ်ပညာရှင်များ မွေးထုတ်ပေးနိုင်ရေး သင်ကြားလေ့ကျင့် ပေးလျက်ရှိသည့် အင်ဂျင်နီယာပညာရေးသည် အရည်အသွေးရှိရန်လိုအပ်ကြောင်း။ ထို့ကြောင့်လည်း စဉ်ဆက်မပြတ် တိုးတက်ပြောင်းလဲသည့် နည်းပညာအသစ်များကို ဖော်ထုတ်အသုံးပြုနိုင်ရေး အင်ဂျင်နီယာပညာ သင်ကြားရေးကို ခေတ်နှင့်အညီ ပြောင်းလဲ သင်ကြားပေးလျက်ရှိကြောင်း။
ယခင်ခေတ်များတွင် အဆင့်မီသည့် သင်ရိုးညွှန်းတမ်း၊ အရည်အချင်း ပြည့်ဝသည့် နည်းပြ၊ အခြေခံပညာအဆင့်တွင် ထူးချွန်ခဲ့သည့် သင်တန်းသား၊ အဆင့်မီသည့် သင်ထောက်ကူပစ္စည်းများကို ပေါင်းစပ်လိုက်ပါက အရည်အသွေးပြည့်ဝသည့် အင်ဂျင် နီယာများ မွေးထုတ်နိုင်သည်ဟူသည့် အယူအဆရှိခဲ့သော်လည်း ယနေ့ခေတ်တွင် ၎င်း အယူအဆသည် လုံလောက်မှု မရှိတော့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။
ထို့ကြောင့် ပညာရပ်တစ်ခုကို သင်ကြား၊ သင်ယူကြသည့်အခါတွင် အခြေခံ ဒဿနတစ်ခုဖြစ်သည့် “ရလဒ်အခြေပြုပညာရေး (Outcome-Based Education)”ကို ပညာရေးနယ်ပယ်ကဏ္ဍအသီးသီးတွင် အသုံးပြုနေကြပြီ ဖြစ်သည်ကို တွေ့ရမည်ဖြစ် ကြောင်း၊ အရည်အသွေးကို စဉ်ဆက်မပြတ် ထိန်းသိမ်းထားရန်အတွက် အရည်အသွေး အာမခံမှု (Quality Assurance) စနစ်နှင့် ထိန်းကျောင်းပြီး အကောင်အထည်ဖော်မှု အပိုင်းတွင်မူ သင်ကြား၊ သင်ယူမှုအပိုင်းကိုသာ ကွက်ပြီးစဉ်းစားခြင်း၊ ဖြည့်ဆည်းခြင်း ထက် အရည်အသွေးအာမခံမှုစနစ် ရေရှည်ဆက်လက်တည်တံ့စေရန်နှင့် တိုးတက် စေရန် အတွက်ကိုပါ စဉ်းစားလာခဲ့ကြကြောင်း။
ထို့ကြောင့် တပ်မတော်နည်းပညာတက္ကသိုလ်အနေဖြင့် နိုင်ငံတကာနှင့်ပြည်တွင်း နည်းပညာတက္ကသိုလ်အချို့၏ သင်ရိုးညွှန်းတမ်းများ၊ သင်ထောက်ကူဆိုင်ရာများ စသည်တို့နှင့် အရည်အသွေးအမှတ်လက္ခဏာများ (Benchmarks) နှိုင်းယှဉ်လေ့လာ ခြင်းများ ပြုလုပ်နိုင်ခဲ့ကြသည့်အပြင် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥပဒေအရ နည်းပညာတက္ကသိုလ်များအတွက် အခြေခံအကျဆုံးနှင့် အရေးအပါဆုံးလုပ်ငန်းစဉ် ဖြစ်သည့် အရည်အသွေး စိစစ်အသိအမှတ်ပြုခြင်း (Accreditation) လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်နေပြီဖြစ်သဖြင့် များမကြာမီကာလတွင် အင်ဂျင်နီယာ ဘွဲ့များသည် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှတစ်ဆင့် အာရှ-ပစိဖိတ် အဆင့်အထိ အသိအမှတ်ပြုမှု ရရှိတော့မည်ဖြစ်ကြောင်း၊ တပ်မတော်နည်းပညာတက္ကသိုလ်က မွေးထုတ်ပေးလိုက်သည့် နောင်တော် အင်ဂျင်နီယာအတတ်ပညာရှင်များသည် နိုင်ငံ တကာအဆင့်မီ အင်ဂျင်နီယာပညာရပ်များကို အသုံးချပြီး တပ်မတော်နှင့် နိုင်ငံတော်၏ အ‌ရေးပါသည့်ကဏ္ဍများတွင် တာဝန်ထမ်းဆောင်နေသည်ကိုလည်း မြင်တွေ့ရမည် ဖြစ်ကြောင်း။
တပ်မတော်သားတိုင်းသည် နိုင်ငံတော်နှင့် ပြည်သူကို ကာကွယ်မည်ဟူသည့် မွန်မြတ်သောစိတ်ဆန္ဒဖြင့် တပ်မတော်သို့ မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်း ချက်မှမပါဘဲ Volunteer ဝင်ရောက်အမှုထမ်းကြသူများဖြစ်သည့်အတွက် မိမိတို့ ထမ်းဆောင်နေသည့်တာဝန်အပေါ် ခံယူချက်၊ ယုံကြည်ချက် နက်နက်ရှိုင်းရှိုင်းဖြင့် တာဝန်ထမ်းဆောင်ရန် လိုအပ်ကြောင်း၊ အင်ဂျင်နီယာပညာရှင်များဖြစ်သူများ အနေဖြင့် ဘဝရည်မှန်းချက် မြင့်မြင့်မားမားထားရှိပြီး ရည်မှန်းထားသည့်အတိုင်း မိမိတို့ဘဝ တိုးတက်အောင် စိတ်ဓာတ်ကောင်းမွန်စွာဖြင့် ကြိုးစားဆောင်ရွက်သွားရန် လိုအပ်သကဲ့ သို့ အမိန့်နာခံမှုကောင်းပြီး မိမိတပ်ဖွဲ့၊ တပ်မတော်နှင့် တိုင်းပြည်အပေါ် သစ္စာရှိရှိဖြင့် စစ်သားကောင်းပီသစွာ ပေးအပ်သည့်မည်သည့်တာဝန်ကိုမဆို ကျေပွန်စွာ ထမ်းဆောင် သွားကြရန်လည်း လိုအပ်ကြောင်း။
ထိုကဲ့သို့တာဝန်များကို ထမ်းဆောင်ရာတွင် နေ့စဉ်လုပ်ဆောင်နေရသည့် လုပ်ငန်း တာဝန်များသည် တစ်ဦးချင်း၏ ပင်ကိုယ်အရည်အသွေးကို မြှင့်တင်ပေးနေခြင်းဖြစ် သည့်အတွက် မိမိတို့၏ ထိုးထွင်းကြံဆမှုနှင့် ကြုံတွေ့လာသည့် အခက်အခဲများကို ဆန်းစစ်ပြီး တွေးခေါ်မျှော်မြင်မှုနှင့် ကျော်ဖြတ်နိုင်ရေးအတွက် ဉာဏ်ပညာကို အသုံးချရန် လိုအပ်ကြောင်း။
ယင်းသို့ အသုံးချနိုင်ရေးအတွက် အသိပညာနှင့်ပြည့်စုံရန် လိုအပ်သောကြောင့် မိမိတို့၏ အားလပ်ချိန်များတွင် အသိပညာဗဟုသုတရရှိရေး အကျိုးရှိမည့် စာအုပ်၊ စာပေများကို ဖတ်ရှုသွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း။
အင်ဂျင်နီယာတပ်ဖွဲ့တွင် ခေါင်းဆောင်ငယ်များအဖြစ် ထမ်းဆောင်ကြရမည့် သူများဖြစ်သဖြင့် ကွပ်ကဲရမည့်သူများသည် တပ်စုအဆင့်ထက်မပိုသည့် အင်အားမှ စတင်ဆောင်ရွက်ရမည်ဖြစ်ပြီး မိမိကိုယ်တိုင်လည်း အရည်အချင်းရှိအောင် လုပ်ဆောင် ရမည်ဖြစ်သကဲ့သို့ ခေါင်းဆောင်မှုကောင်း ပေးနိုင်ရန်လည်း ကြိုးစားရမည်ဖြစ်ကြောင်း၊ အစကောင်းမှ အနှောင်းသေချာမည်ဖြစ်၍ အင်အားနည်းနည်းဖြင့် ကွပ်ကဲရချိန်တွင် ခေါင်းဆောင်မှုကို လေ့ကျင့်သည်ဟု သဘောထားပြီး မိမိ အရည်အချင်း မြင့်တက်နေရေး ဆက်လက်ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်မှလည်း အဆင့်ဆင့် တာဝန်များ ထမ်းဆောင်ရချိန်တွင် အရည်အသွေးမြင့်မားသည့် တပ်မတော်အတွက် အားကိုးရသည့် အရာရှိကောင်းများ ဖြစ်လာစေမည်ဖြစ်ကြောင်း။
တပ်မတော်၏ စစ်အင်ဂျင်နီယာခေါင်းဆောင်ငယ်များအဖြစ် တာဝန်ထမ်းဆောင် ကြရမည့်သူများသည် မိမိခေါင်းဆောင်မှုအားနည်းပါက မိမိကိုယ်တိုင်သာမက မိမိ ကွပ်ကဲ အုပ်ချုပ်ရသူများ၏ အသက်၊ သွေး၊ ချွေး များစွာဆုံးရှုံးမှုကြီးမားနိုင်သည့်အတွက် သင်ကြားပေးသည့် အသိပညာ၊ အတတ်ပညာများကို ကျွမ်းကျင်ပိုင်နိုင်မှု ရှိစေရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
နိုင်ငံတော်ကာကွယ်ရေးအတွက် မိမိသင်ကြားထားသည့် အသိပညာ၊ အတတ် ပညာများကို ထိထိရောက်ရောက်အသုံးချတတ်ရန် လိုအပ်သလို တိုးတက်ပြောင်းလဲ နေသည့် ပညာရပ်များကိုလည်း အမြဲမပြတ်လေ့လာနေရမည်ဖြစ်ကြောင်း၊ ယင်းသို့ ကြိုးပမ်းဆောင်ရွက်နေမှသာလျင် စစ်တိုက်နိုင်သော အင်ဂျင်နီယာအရာရှိများ၊ အရည် အချင်းရှိသော အင်ဂျင်နီယာအရာရှိများ၊ စည်းကမ်းကောင်းသော အင်ဂျင်နီယာအရာရှိ များအဖြစ် ပေးအပ်လာသည့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ကြမည်ဖြစ် ကြောင်း။
သင်တန်းဆင်းအရာရှိများအနေဖြင့်လည်း မိမိကိုယ်တိုင်ကစပြီး ကျန်းမာကြံ့ခိုင် မှုရှိစေရန်၊ ကိုယ်ခံစွမ်းအား ပြည့်ဝစေရန် နေထိုင်ရမည်ဖြစ်သကဲ့သို့ မိမိလက်အောက် ကိုလည်း စံနမူနာကောင်းပြ နေထိုင်ရမည်ဖြစ်ကြောင်း၊ မိမိလက်အောက်ကို စိတ်ပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်အောင် လေ့ကျင့်ဆောင်ရွက်နိုင်မှသာလျင် တိုက်စွမ်းရည်၊ တိုက်စွမ်းအား ကောင်းမွန်မြင့်မားအောင် ဖော်ဆောင်နိုင်မည်ဖြစ် ကြောင်း၊ မိမိလက်အောက်ငယ်သားများ၏ စွမ်းဆောင်နိုင်မှုနှင့် အမူအကျင့်များကို စေ့စပ်သေချာစွာ သိရှိထားရန်လိုအပ်သကဲ့သို့ တစ်ဦးချင်း၏ လုပ်ငန်းတာဝန်များကို လည်း သိရှိနားလည်ထားရန် လိုအပ်ကြောင်း။
ထိုသို့သိရှိနေမှသာလျင် လူမှန်နေရာမှန် နေရာချထားနိုင်မှုနှင့် မှန်ကန်စွာ တာဝန် ပေးအပ်နိုင်မှုတို့ကို လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ခေါင်းဆောင်ငယ်များ အနေဖြင့် မိမိတို့ကြုံတွေ့လာရသည့်ကိစ္စရပ်များကို ဘက်ပေါင်းစုံကစဉ်းစားပြီး ဆင်ခြင်တုံတရား ဖြင့် လုပ်ဆောင်ကြရန် မှာကြားလိုကြောင်း။
မိမိတို့တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးတွင် အဓိကတာဝန်ရှိသည့် အဖွဲ့ အစည်းဖြစ်ကြောင်း၊ ကာကွယ်ရေးဆိုသည်မှာ ချက်ချင်းဆောင်ရွက်၍မရဘဲ ကြိုတင် ပြင်ဆင် လေ့ကျင့်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်နေကြရမည်ဖြစ်ကြောင်း။ ယင်းသို့ဆောင်ရွက်သည့်နေရာတွင် စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေး စွမ်းရည်၊ စည်းရုံးရေး စွမ်းရည်ဟူသည့် စွမ်းရည် ၃ ရပ် အမြဲထက်မြက်နေရန် လိုအပ်ကြောင်း၊ စွမ်းရည် ၃ ရပ် ထက်မြက်နေမှသာလျင် ပေးအပ်လာသည့် အမိန့်နှင့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင် နိုင်ကြမည်ဖြစ်ကြောင်း၊ တပ်မတော်ကို စွမ်းရည်၊ စွမ်းအား မြင့်မားပြီး တိုက်စွမ်းရည်၊ တိုက်စွမ်းအား ကောင်းမွန်သည့် တပ်မတော်ဖြစ်စေရန် အမြဲတမ်း “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” နေကြရမည်ဖြစ်ကြောင်း၊ တစ်ဦးချင်း စွမ်းဆောင်ရည် ကောင်းမွန်မှသာလျင် အဖွဲ့လိုက်ဆောင်ရွက်မှု (Team Work) ရရှိမည် ဖြစ်ပြီး အဖွဲ့လိုက်စွမ်းဆောင်ရည်များ လည်း ကောင်းမွန်လာမည်ဖြစ်ကြောင်း။
တပ်မတော်အနေဖြင့် နိုင်ငံတော်တာဝန် ထမ်းဆောင်နေချိန်တွင် နိုင်ငံတော်နှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးတို့ကို ကိုယ်စွမ်း၊ ဉာဏ်စွမ်း ရှိသရွေ့ ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်သည့်နေရာတွင် တပ်တွင်း၊ တပ်ပြင် စည်းရုံးရေး လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တပ်တွင်း စည်းလုံးညီညွတ်ရေးကို ဆောင်ရွက်ရာတွင် တပ်မတော်သားတိုင်း လိုက်နာကျင့်ကြံရမည့် စစ်သည်တော် ကျင့်ဝတ်များကို တိတိကျကျ လိုက်နာကျင့်ကြံကြမည်ဆိုပါက တပ်တွင်း စည်းလုံး ညီညွတ်မှုကို ပိုမိုခိုင်မာလာစေမည်ဖြစ်ကြောင်း၊ တပ်မတော်သားများနှင့် မိသားစုဝင် များအနေဖြင့် တိုင်းပြည်နှင့်တပ်မတော်အပေါ်တွင် ကောင်းမွန်သည့် စိတ်ရင်းစေတနာ ထားရှိ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
တပ်ပြင်စည်းရုံးရေး ဆောင်ရွက်ရာတွင်လည်း စစ်သည်တော်ကျင့်ဝတ်နှင့်အညီ လိုက်နာကျင့်ကြံနေထိုင်ပြီး ပြည်သူများ၏ အကျိုးစီးပွားကို မိမိတို့ တတ်စွမ်းသမျှ ကူညီဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တပ်မတော်သည် ပြည်သူကြားက ပေါက်ဖွား လာပြီး တိုင်းရင်းသားပေါင်းစုံနှင့် ဖွဲ့စည်းထားသည့် တပ်မတော်ဖြစ်သည်နှင့်အညီ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် နေ့စဉ်လူမှုဘဝလုံခြုံရေးများကိုပါ ကာကွယ် စောင့်ရှောက်ပေးလျက်ရှိကြောင်း။
ထို့ကြောင့် မိမိနယ်မြေအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ ကူညီစောင့်ရှောက်ရေးလုပ်ငန်းများတွင် အားတက်သရော စွမ်းစွမ်းတမံဆောင်ရွက်ပေးခြင်း၊ သဘာဝဘေးအန္တရာယ် များနှင့် ကြုံတွေ့လာပါက အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးခြင်းများဖြင့် ပြည်သူက အားကိုး၊ အားထားရသည့် တပ်မတော်သားကောင်းများဖြစ်အောင် ကြိုးပမ်း သွားကြရန် မှာကြားလိုကြောင်း။
တပ်မတော်ကို နိုင်ငံတော်ကာကွယ်ရေးတာဝန်များ ကျေပွန်စွာ ထမ်းဆောင်နိုင် ရန်အတွက် သမားရိုးကျစစ်ပွဲများဆင်နွှဲနိုင်သည့် ခေတ်မီတပ်မတော် (Standard Army) တစ်ရပ်အဖြစ် ရည်မှန်းချက်ထား ဖွဲ့စည်းတည်ဆောက်ရာတွင် အင်ဂျင်နီယာများ၏ အခန်းကဏ္ဍသည် အရေးကြီးသည့်အတွက် အင်ဂျင်နီယာကျင့်ဝတ်များကို လိုက်နာပြီး အရာရာတွင် တီထွင်ဖန်တီးလိုသည့် စိတ်ကူးစိတ်သန်းနှင့် လက်တွေ့ အကောင်အထည် ဖော်နိုင်သည့် စွမ်းရည်များရှိအောင် ကြိုးစားလေ့လာသင်ယူကြရမည် ဖြစ်ကြောင်း၊ အရည်အသွေးအာမခံမှုရှိသည့် အင်ဂျင်နီယာပညာရေးစနစ်တစ်ခုမှ ပေါက်ဖွားလာသည့် အရာရှိငယ်များသည် “အင်ဂျင်နီယာစွမ်းပကား တပ်မတော်အား” ဟူသည့် ဆောင်ပုဒ် နှင့်အညီ မိမိတို့တပ်မတော်အတွက် အတတ်ပညာရှင်၊ အသိပညာရှင်များအဖြစ်ပံ့ပိုး လုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း၊ တာဝန်ကျရာ ဒေသအသီးသီးတွင် ပင်မတာဝန် ထမ်းဆောင်ရင်း စဉ်ဆက်မပြတ် တိုးတက်လျက်ရှိသည့် သိပံ္ပနှင့် နည်းပညာရပ်များကို အမီလိုက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေကြရမည်ဖြစ်ပြီး မိမိနိုင်ငံ၊ မိမိတပ်မတော် အတွက် အကျိုးရှိသည့်ပညာရပ်များကို စဉ်ဆက်မပြတ်သင်ယူလေ့လာခြင်း (Continuous Learning)ဖြင့် မိမိတို့၏ အရည်အချင်းများကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်သွားကြ ရမည်ဖြစ်ကြောင်း၊ တပ်မတော်၏ လေ့ကျင့်ရေးဆိုင်ရာ ရည်မှန်းချက်များဖြစ်သည့် “ကျန်းမာကြံ့ခိုင်ရမည်၊ ကျွမ်းကျင်ရမည်၊ ရဲစွမ်း သတ္တိရှိရမည်” ဟူသည့် ရည်မှန်းချက်များ အောင်မြင်စေရေးအတွက် မိမိတို့ ဆောင်ရွက်ရမည့် ပုံမှန်လေ့ကျင့်ရေး ဆောင်ရွက်ချက် များကို “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဟူသည့် လမ်းညွှန်ဆောင်ပုဒ်နှင့်အညီ ကြိုးစား ဆောင်ရွက်ကြပြီး တပ်မတော်၏ တိုက်စွမ်းရည်၊ တိုက်စွမ်းအား မြှင့်တင်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် သည် ဗိုလ်လောင်းတပ်ခွဲ များ၏ အလေးပြုခြင်းကို ခံယူပြီးနောက် စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာ သည်။
စစ်ရေးပြအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် သည် တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းဌာနချုပ် ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြ သည့် ဗိုလ်လောင်းများကို တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။
ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယခုကဲ့သို့ ထူးချွန်ဆုများရရှိကြသည့်အတွက် မိဘများနှင့် ထပ်တူ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် သင်တန်းကာလ ၆ နှစ်တာ ကာလ တစ်လျှောက်လုံး ကြိုးစားအားထုတ်မှု၊ မိမိကိုယ်ကို စောင့်ထိန်းမှု တို့ကြောင့်ရရှိခဲ့ သည့် တန်ဖိုးရှိသည့် ဆုတံဆိပ်များပင်ဖြစ်ကြောင်း၊ မိဘများအနေဖြင့်လည်း သာမာန် နိုင်ငံ့ဝန်ထမ်းများနှင့် တောင်သူများဖြစ်ကြသည်ကိုတွေ့ရှိရပြီး ငယ်စဉ်ကလေးဘဝမှ ယခု အချိန်အထိ ကြိုးစားရုန်းကန် ပြုစုပျိုးထောင်ပေးခဲ့ရမည်ဖြစ်ကြောင်း၊ မိဘ၊ ဆရာများ၏ ဆိုဆုံးမမှု၊ သင်ကြားမှုအောက်တွင်ကောင်းမွန်စွာကြီးပြင်းလာခဲ့ပြီး မိမိကိုယ်ကိုထိန်းသိမ်း လုပ်ဆောင်တတ်သည့် အခြေခံစိတ်ဓာတ်ကောင်းများကို ဆက်လက်ခိုင်မာအောင် ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ စာပေပညာအပြင် အတတ်ပညာကိုပါ သင်ယူရသည်ဖြစ်ပြီး တန်ဖိုးရှိသည့် ပညာရပ်များကို သင်ယူခဲ့ရသည်ဖြစ်သည့်အတွက် မိမိတို့၏ ရည်မှန်းချက် နှင့် ရည်ရွယ်ချက်ပန်းတိုင်များ မပျောက်ပျက်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ စိတ်ကိုအလိုမလိုက်ရန်နှင့် အသောက်အစား အပျော်အပါး များကို ဆင်ခြင်တုံတရားဖြင့်ထိန်းသိမ်းရမည်ဖြစ်ပြီး အသက်အရွယ်အားဖြင့် ငယ်သည် ဖြစ်သော်လည်း ခေါင်းဆောင်များဖြစ်သည့်အတွက် ရင့်ကျက်တည်ငြိမ်စွာနေထိုင်သွား လာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဘဝတစ်လျှောက် လျှောက်လှမ်းရမည့် လမ်းခရီးများ စွာ ကျန်ရှိနေသေးသည်ဖြစ်သည့်အတွက် အသိပညာအတတ်ပညာများပြည့်စုံရန် စာပေ ဗဟုသုတလေ့လာခြင်း၊ ကျန်းမာကြံ့ခိုင်အောင်နေထိုင်ခြင်းတို့ဖြင့် မိမိကိုယ်ကို ဝမ်းစာဖြည့် ဆေးတိုက်ကျွေးရန်လိုကြောင်း၊ ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့သည့် မိဘများ၏ ကျေးဇူးကို သိတတ်ရန်နှင့် ကျေးဇူးဆပ်ရန်လိုအပ်သကဲ့သို့ ဒုတိယမိခင်ဖြစ်သည့် တပ်မတော်အပေါ် တွင်လည်း ကျေးဇူးသစ္စာစောင့်သိရမည်ဖြစ်ကြောင်း၊ မိမိတို့၏ ရည်မှန်းချက်များ အောင်မြင်ရေး၊ မိသားစုများ၏ ရည်မှန်းချက်များ မပပျောက်စေရေးအတွက် စစ်သား ကောင်းတစ်ယောက်ပီသစွာဖြင့် ဘဝတစ်လျှောက်လုံး ဆက်လက်ကြိုးစားဆောင်ရွက် သွားရမည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။