နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး (၃/၂၀၂၁)သို့ တက်ရောက် အမှာစကားပြောကြား
နေပြည်တော် မတ် ၁၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး (၃/၂၀၂၁)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဦးချစ်နိုင်၊ ဦးကိုကို၊ ဦးတင်ထွဋ်ဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဦးမြင့်ကြိုင်၊ ဒေါက်တာပွင့်ဆန်း၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးရွှေလေး၊ ဒေါက်တာ သက်သက်ခိုင်၊ ဦးမောင်မောင်အုန်း၊ ဦးစောထွန်းအောင်မြင့်နှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာဒေါ်သီတာဦးတို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အဖွင့်အမှာ စကားပြောကြားရာတွင် မိမိတို့စီမံခန့်ခွဲရေးကော်မတီ၏ အဓိကလုပ်ငန်းတာဝန်မှာ တိုင်းပြည်၏လူမှုရေး၊ စီးပွားရေး၊ နိုင်ငံတကာဆက်ဆံရေးကိစ္စရပ်များကို အကောင် အထည်ဖော်ဆောင်ရွက်ရသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ မိမိတို့တာဝန်ယူ ဆောင်ရွက်ခဲ့သည့် တစ်လကျော်ကာလအတွင်း တစ်ချို့လုပ်ငန်းများရာနှုန်းပြည့် အောင်မြင်မှုများရှိပြီး ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းကိစ္စရပ်များကိုလည်း ဖြစ်နိုင်သည့်လမ်းကြောင်းများမှ ဖြစ်အောင်ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့စတင် တာဝန်ယူသည့်အချိန်မှစ၍ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်တွင် COVID-19 ကြောင့်ယိုင်နဲ့သွားသည့်စီးပွားရေးလုပ်ငန်းများ ပြန်လည်တည့်မတ်အောင်ဆောင်ရွက် ရမည်ဟုပါရှိကြောင်း၊ တိုင်းပြည်၏အဓိက မောင်းနှင်အားသုံးခုတွင် စီးပွားရေးသည် ပို၍အဓိကကျကြောင်း၊ ဦးတည်ချက် ၉ ရပ်တွင်ပါဝင်သည့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်စီးပွားရေးကို အဓိကလုပ်ရန်၊ ဈေးကွက်စီးပွားရေးကို ပီပီပြင်ပြင် ဖော်ဆောင်၍ နိုင်ငံတကာရင်းနှီးမြှုပ်နှံများကိုဖိတ်ခေါ်ရန်နှင့် အဆိုပါအချက်များနှင့် ဆက်စပ်သည့် ပြည်တွင်းစီးပွားရေးလုပ်ငန်း SME များကိုလည်း အားပေးကူညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရောင်းကုန်ပစ္စည်းများ ပိုမိုထုတ်လုပ်ရရှိအောင် မျှော်မှန်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်သူလူထု၏စီးပွားရေးကောင်းမွန် လာပါက ဝယ်လိုအားများကောင်းမွန်လာပြီး ရောင်းလိုအားကောင်း၍ လူမှုစီးပွားဘဝ တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ စီးပွားရေးဆိုင်ရာလုပ်ငန်းများရေတို/ ရေရှည် ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများအလိုက် ဆောင်ရွက်သွား ကြရန်နှင့် အခြားဌာနများအနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ခြင်း၊ အကြံဉာဏ်ပေး ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းများပိုမိုတိုးတက် အောင်မြင်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ထို့အပြင်နိုင်ငံ၏စီးပွားရေးကို အလျင်အမြန်အထောက်အကူပြုနိုင်သည့် ခရီးသွားလုပ်ငန်းအောင်မြင်ရေးအတွက် အားလုံးဝိုင်းဝန်းကူညီ ဆောင်ရွက်သွား ကြရန်လိုကြောင်း၊ ခရီးသွားလုပ်ငန်းသည် အောက်ခြေမှစ၍ နယ်ပယ်အားလုံးကို အကျိုးပြုသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း။
ဝန်ကြီးဌာနများတွင် ဝန်ထမ်းများတာဝန်ထမ်းဆောင်မှု၊ လုပ်ငန်းများ ဆောင်ရွက်မှု နှင့်ပတ်သက်၍ မိမိတို့သည်ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို သွားနေခြင်း ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်သည်ဝါဒမဟုတ်ဘဲကျင့်စဉ်တစ်ခုသာဖြစ်ပြီး ဝန်ကြီးဌာန များအနေဖြင့် ဒီမိုကရေစီကျင့်စဉ်နှင့်အညီဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ မိမိတို့ လက်အောက်ဝန်ထမ်းများကို နားလည်အောင်ရှင်းလင်းပြောကြား ဆောင်ရွက်ပေး ရန်လိုကြောင်း၊ ဝန်ထမ်းများရာထူးတိုးမြှင့်ရေးများနှင့် ပတ်သက်၍ လုပ်ငန်း ကျွမ်းကျင်ပြီး နိုင်ငံတော်အပေါ်သစ္စာ စောင့်သိသူများကိုလည်း ထိုက်သင့်သည့်အဆင့် သို့ တိုးမြှင့်ပေးရန်ပြောကြားပြီးဖြစ်ကြောင်း၊ ဝန်ထမ်းများ လုပ်ငန်းကျွမ်းကျင်ရန် အတွက် လက်တွေ့လုပ်ငန်းများတွင် သင်ကြားပေးခြင်းနှင့် သင်တန်းကျောင်းများတွင် သင်ကြားပေးခြင်းဖြင့် ဌာနအတွင်း အထက်အောက်ရိုသေလေးစားမှုများဖြစ်ပေါ်ပြီး စည်းလုံးညီညွတ် လာမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ကိုသွားရာတွင် ပရမ်းပတာ ဆောင်ရွက်၍မရဘဲ စည်းကမ်းနှင့်သာသွားရန်လိုကြောင်း၊ ထို့ကြောင့်လုပ်ငန်းများ ဆောင်ရွက်ရာတွင် အောင်မြင်မှုရရှိစေရန်အတွက် မိမိတို့သက်ဆိုင်ရာဌာနအလိုက် ဒီမိုကရေစီကျင့်စဉ်နှင့် အညီသာ ဆောင်ရွက်ရန်လိုကြောင်းပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး များက ရခိုင်ပြည်နယ် မောင်တောခရိုင်နှင့်၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ ဝန်ထမ်း များနှင့် နေ့စားများအား ဝန်ထမ်းလစာနှစ်ဆနှင့် နေ့တွက်စရိတ် တိုးမြှင့်ခံစားခွင့် ပြုရေး၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံချုပ်ဆိုထားသည့် သဘောတူစာချုပ်၊ စာတမ်း များနှင့် နားလည်မှုစာချွန်လွှာဆိုင်ရာ ကိစ္စရပ်များ၊ အခွန်ကင်းလွတ်ခွင့်ပြုရေး၊ ငွေချေး သက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်အဖွဲ့ဝင်များ ခန့်အပ်ရေးနှင့် ချီးမြှင့်ငွေပေးအပ်ခြင်းဆိုင်ရာများ၊ ကိုဗစ်အထူးချေးငွေထုတ်ချေးမှုနှင့် ပြန်လည် အပ်နှံခြင်း၊ နိုင်ငံပိုင်ရုပ်ရှင်ရုံများ ကြီးကြပ်ခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးကဏ္ဍများတွင် အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲနိုင်ရေး၊ ဓာတ်သတ္တု တူးဖော်ရေးလုပ်ငန်းများနှင့်ပတ်သက်သည့် လူမှုစီးပွားဖွံ့ဖြိုးရေးရန်ပုံငွေ ထားရှိခြင်း၊ ခဲသတ္တု တူးဖော်ရေးနှင့် ဖြစ်မြောက်နိုင်စွမ်းလေ့လာရေးတို့နှင့်စပ်လျဉ်၍ ရှင်းလင်း တင်ပြကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ယခုကာလတွင် ဆေးရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက်လိုအပ်ချက်များရှိကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အားလုံးတွင် ဆေးရုံပေါင်း ၁၁၇၇ ခုရှိပြီး အချို့ဆေးရုံများပိတ်ထားသည်ကိုတွေ့ရ ကြောင်း၊ ကျန်းမာရေးဝန်ထမ်းများ၏ကျင့်ဝတ်ဖြစ်သည့် ရန်သူမိတ်ဆွေ ခွဲခြားမှုမရှိဘဲ ဆေးကုသပေးရန်ဆိုသည့်အတိုင်း ကျန်းမာရေးဝန်ထမ်းများအနေဖြင့် လိုက်နာ စောင့်ထိန်းရန်လိုကြောင်း၊ ဆရာဝန်များအတွက်လည်း ၎င်းတို့၏ဂုဏ်ဒြပ်နှင့် ကိုက်ညီသည့် ခံစားခွင့်များရရှိအောင် နိုင်ငံတော်မှဖြည့်ဆည်းဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ ထိုသို့ဖြည့်ဆည်းပေးနိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီး ဌာနအသီးသီးမှလည်း နည်းလမ်းများရှာဖွေ ဆောင်ရွက်ကြရန်လိုကြောင်း၊ ဆရာဝန်များအနေဖြင့်လည်း မိမိတို့ကျင့်ဝတ်သိက္ခာနှင့် အညီ နေထိုင်ရပ်တည်ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊ ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်များသည် မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်သဖြင့် ရေရှည်အတွက် ထည့်သွင်းစဉ်းစားရန်လိုကြောင်း။
ဘဏ်လုပ်ငန်းများနှင့်ပတ်သက်၍ ဘဏ်များသည် ငွေကြေးစီးဆင်းမှုအတွက် အဓိကဆောင်ရွက်နေသည့်လုပ်ငန်း ဖြစ်ကြောင်း၊ ဘဏ်လုပ်ငန်းများစည်းကမ်းနှင့်အညီ ပုံမှန်လည်ပတ်ရန်လိုအပ်ပြီး စည်းကမ်းလိုက်နာမှုမရှိသည့်ဘဏ်များအား ဥပဒေနှင့် အညီအရေးယူ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ခေတ်စနစ်နှင့်လျော်ညီသည့် ဘဏ်စနစ်ဖြစ်စေရန်အတွက်လည်း ဆောင်ရွက်သွားရန်လိုကြောင်း၊ဘဏ်လုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်မှသာပြည်သူများ၏ ငွေကြေးနှင့်ပတ်သက်သော လုပ်ငန်းရပ်များ အဆင်ပြေစွာပြန်လည် လည်ပတ်နိုင်ကြမည်ဖြစ်ကြောင်း။
ပညာသင်ကြားရေးနှင့်ပတ်သက်၍ တိုင်းပြည်တစ်ခုတွင် ပညာရေးမကောင်း ပါက တိုးတက်မှုမရှိနိုင်ကြောင်း၊ ထို့ကြောင့် ပညာရေးကိုအဆင့်မြှင့်တင်ရန်လိုအပ်ပြီး ထိုသို့ အဆင့်မြှင့်တင်ခြင်းများဆောင်ရွက်ရာတွင်လည်း ကျောင်းသားကျောင်းသူများ အစမ်းသပ်ခံမဖြစ်စေရေးအတွက် ရှိပြီးသားအမျိုးသားမဟာဗျူဟာ စီမံကိန်းများအ ပေါ်တွင်သာ အခြေခံပြီးဆောင်ရွက်သွားရန်လိုကြောင်း၊ ကျောင်းများပိတ်ထားခြင်း သည် ကျောင်းသားကျောင်းသူတစ်ဦးချင်းစီ၏ နစ်နာဆုံးရှုံးမှုအပြင် တိုင်းပြည်အတွက် လည်းနစ်နာကြောင်း၊ ထို့ကြောင့်ကျောင်းများစနစ်တကျ ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း၊ ပညာရည်မြှင့်တင်ရေးအတွက် အခြား ဝန်ကြီးဌာနများ အနေဖြင့်လည်း ဝိုင်းဝန်းကူညီဆောင်ရွက်သွားရန်လိုကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။