နေပြည်တော်၊ ဇွန် ၁
သံလွင်တံတား(ချောင်းဆုံ)ဆိုင်းဘုတ်ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက် ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက် အမှာ စကားပြောကြား သည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ဇနီး၊ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာ ဗညားအောင်မိုး၊ ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ် ကြသည့် ဒေါက်တာ ညွန့်ဖေ၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးရွှေလေး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း၊ အရှေ့ တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူ များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နှင့် အဖွဲ့ဝင်များအား ဒေသခံတိုင်းရင်းသားပြည်သူများက ရိုးရာအကအလှများဖြင့် ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် အခမ်းအနားကို စတင်ကျင်းပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် ယနေ့ပြုလုပ်သည့် တံတားအမည် ပြောင်းလဲသတ်မှတ်ခြင်း အခမ်းအနားသည် မိမိတို့ နိုင်ငံတွင် လိုအပ်နေသည့် ငြိမ်းချမ်းရေး၏အခြေခံ စည်းလုံးညီညွတ်ခြင်း သဘော တရား၊ ဒီမိုကရေစီစနစ်၏အခြေခံ ဒေသခံပြည်သူလူထု ဆန္ဒသဘောထားများကို လက်တွေ့ဖော်ဆောင်ပေးသည့် အခမ်းအနားတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် ယခု တံတားကို ဒေသခံပြည်သူများ၏ စိတ်သဘောဆန္ဒနှင့်အညီ စည်းလုံးညီညွတ်ရေး ကိုရှေးရှုပြီး မူလအမည် သံလွင်တံတား(ချောင်းဆုံ)အဖြစ် အမည်နာမ ပြန်လည်ပြောင်းလဲ သတ်မှတ်ခြင်းဖြစ်ကြောင်း။
သံလွင်မြစ်ပေါ်တွင် တည်ဆောက်ထားသည့် မြစ်ကူးတံတားများအနက် ယခု မြင်တွေ့နေရသည့် သံလွင်တံတား(ချောင်းဆုံ)သည် စတင်တည်ဆောက်စဉ် ကတည်း ကပင် သံလွင်မြစ်ကူးတံတား(ချောင်းဆုံ)အဖြစ် အမည်သတ်မှတ်ပြီး တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ စတင်တည်ဆောက်စဉ် ကတည်းက ထိုကဲ့သို့ အမည်ပေးထားခြင်းသည် ဒေသခံတိုင်းရင်းသားများ၏ သဘောထားဆန္ဒအပါအဝင် ဒေသနှင့်ကိုက်ညီသင့်လျော်သည့် အမည်နာမ ဖြစ်သည့်အတွက် သတ်မှတ်ခေါ်ဝေါ်စေခဲ့ခြင်းဖြစ်ပါကြောင်း။
ဒေသတစ်ခု စီးပွားရေးတိုးတက်ကောင်းမွန်စေရန်အတွက် လုံလောက်သည့် လျှပ်စစ်ဓာတ်အားရရှိမှု၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှု၊ ဆက်သွယ်ရေးစနစ် ကောင်းမွန်မှုနှင့် လူ့စွမ်းအား အရင်းအမြစ်များမွေးထုတ်ပေးနိုင်မှုတို့သည် အဓိကကျ ပါကြောင်း၊ ချောင်းဆုံမြို့အနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြားသော အချက် အလက်များ သင့်တင့်ပြည့်စုံမှုရှိနေသော်လည်း လမ်းပန်းဆက်သွယ်ရေးအရ ရေကြောင်း လမ်းကိုသာ အဓိကထားသုံးစွဲနေရသည့်အတွက် ဖွံ့ဖြိုးတိုးတက်မှုတွင် မျှော်မှန်း သလောက် မရရှိခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ထို့အပြင် အဓိကထား အသုံးပြုနေရ သည့် သံလွင်မြစ်ကြောင်းသည်လည်း ရေစီးသန်သည့်မြစ်တစ်ခုဖြစ်သည့်အပြင် ပင်လယ် ရေပြင်နှင့် ထိစပ်နေသည့်အတွက် ဒီရေအတက်အကျများကြောင့် ရေကြောင်း ဆက်သွယ်သွားလာမှုတွင်လည်း ဘေးအန္တရာယ်အခက်အခဲများစွာနှင့် ရင်ဆိုင် ကြုံ တွေ့ခဲ့ရပါကြောင်း၊ ယင်းအခက်အခဲများကို ကျော်လွှားပြီး ဒေသနှင့်မြို့နယ် ဖွံ့ဖြိုး တိုးတက်စေရေးအတွက် လိုအပ်လျက်ရှိသည့် ကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်ရေး ဒီမိုကရေစီပထမအစိုးရသစ်(၂၀၁၀-၂၀၁၅) ခုနှစ်တွင် တံတားတည်ဆောက်ရေးအတွက် စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ အဆင့်ဆင့် ဆောင်ရွက်မှုများအနေဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၃၇၀၀ သန်းဖြင့် ချဉ်းကပ်လမ်းများ ဖောက်လုပ်ခြင်း၊ မြေသားရှင်းလင်းရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၅-၂၀၁၆ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ငွေကျပ်သန်း ၂၀၀၀၀ ကိုအသုံးပြုပြီး တံတားတည်ဆောက်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရန်နှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၃၁၃၆၀ သန်း သုံးစွဲပြီး တံတားအား တည်ဆောက်ပြီးစီးဖွင့်လှစ်နိုင်သည်အထိ လျာထား ဆောင်ရွက်ခဲ့ပါကြောင်း။
ယခုတံတားကြီးကို ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် စတင် ဆောင်ရွက်ခဲ့ပြီး စီမံကိန်းလုပ်ငန်းများပြီးစီးပြီး တံတား ကို စတင်ဖွင့်လှစ်ခဲ့သည့် ၂၀၁၇ ခုနှစ်၊ မေလ ၉ ရက်နေ့အထိ စီမံကိန်းကာလ ၂ နှစ်နှင့် ၃ လကျော်အထိ အချိန်ယူတည် ဆောက်ခဲ့ရပါကြောင်း၊ မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့ကို ဖြတ်သန်း ဖောက်လုပ်ထား သည့် တံတားအရှည်အနေဖြင့် ချဉ်းကပ်လမ်း စုစုပေါင်း မီတာ ၁၀၅၀၊ ပင်မတံတား အရှည် ၅၃၆ မီတာရှိသည့်အတွက် စုစုပေါင်းတံတားအရှည် ၁၅၈၆ မီတာ ရှည်လျားပါကြောင်း။
တစ်ဆက်တည်းအနေဖြင့် ဒီမိုကရေစီပထမအစိုးရသစ် (၂၀၁၀-၂၀၁၅)ခုနှစ် လက်ထက်တွင် ချောင်းဆုံမြို့နယ်နှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုရရှိစေရေး အလေးပေး ဆောင်ရွက်ခဲ့သည်ကိုလည်း ထည့်သွင်းပြောကြားလိုပါကြောင်း၊ ယခုအမည် ပြန်လည် ပြောင်းလဲသည့် တံတားတည်ဆောက်နိုင်ရေးသာမကဘဲ ချောင်းဆုံမြို့နယ်အတွက် လိုအပ်လျက်ရှိသည့် လျှပ်စစ်ဓာတ်အား ရရှိစေရေးအတွက်ကိုလည်း ဟန်ချက်ညီ ဆောင်ရွက်ပေးခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အားရရှိနိုင်ရေး ၆၆ KVA မဟာလျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းနိုင်ရေးကို ဆောင်ရွက်ခဲ့ပြီး စီမံကိန်း တန်ဖိုး ကျပ်သန်း ၃၄၀၀ အထိ အကုန်အကျခံ ဆောင်ရွက်ခဲ့ကြောင်း။
ယခုတံတားကြီး တံတားတည်ဆောက်ပြီးစီးချိန် ယခင်အစိုးရလက်ထက်တွင် ဖွင့်လှစ်ခဲ့ပြီး တံတားဖွင့်လှစ်စဉ်တွင် ၎င်းတို့ ပါတီပုံရိပ်အတွက် မူလသတ်မှတ်ထားသည့် အမည်အစား ဗိုလ်ချုပ်အောင်ဆန်းတံတားအဖြစ် အမည်ပေးပြီးဖွင့်လှစ်နိုင်ရေး ဦးတည်လုပ်ဆောင်လာခဲ့သည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ ထို့သို့လုပ် ဆောင်လာမှုများ အပေါ် ကန့်ကွက်မှုများ ပေါ်ပေါက်လာချိန်တွင် မြန်မာ့နိုင်ငံရေးသမိုင်းမှာမရှိခဲ့သည့် တံတားအမည်ပေးအပ်ခြင်းကို လွှတ်တော်သို့ တင်ပြမဲခွဲအတည်ပြုခဲ့ရသည်အထိ မှတ်တမ်းဝင်ခဲ့ပါကြောင်း၊ ထိုသို့ လွှတ်တော်တွင် အဆိုတင်မဲခွဲစဉ်ကလည်း ဒေသနှင့် တိုင်းရင်းသား ကိုယ်စားပြုပါတီကိုယ်စားလှယ်များ၊ ပါတီအသီးသီးမှလွှတ်တော် ကိုယ်စားလှယ်များနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ဒေသခံပြည်သူ လူထု၏အသံကို ထင်ဟပ်စေသည့် မူလပေးအပ်ထားသည့် အမည်ကိုသာပေးအပ်ရန် ဆွေး နွေး ဆောင်ရွက်ခဲ့ပါကြောင်း၊ သို့သော်လည်း အာဏာရပါတီအနေဖြင့် ကိုယ်စားလှယ် အင်အားသာလွန်မှုနှင့် ဒီမိုကရေစီစနစ်ကို လက်တစ်လုံးခြား ပြုလုပ်ပြီး တံတား အမည်ပေးအပ်မှုအား ရှေ့တိုးဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရပါကြောင်း။
ထိုကဲ့သို့ တံတားအမည်ပေးအပ်ခဲ့မှုအပေါ် ပြည်သူလူထု၏ ကန့်ကွက်ဆန္ဒပြမှု များ၊ ဆန့်ကျင်သည့်လှုပ်ရှားမှုများ ပေါ်ပေါက်ခဲ့ရပြီး ကန့်ကွက်လက်မှတ် ရေးထိုး ကောက်ယူမှု ဆောင်ရွက်ခဲ့သည့်နေရာတွင်လည်း လက်မှတ်ပေါင်း တစ်သိန်းခွဲခန့်အထိ ရရှိခဲ့သည်ဟု သိရှိရပါကြောင်း၊ ထို့အပြင် တံတားအမည်ပေးအပ်မှုကြောင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အထောက်အကူမပြုသည့်အပြင် တိုင်းရင်းသား စည်းလုံး ညီညွတ်မှုကို ထိခိုက်စေနိုင်သည့်အတွက် ပြန်လည်သုံးသပ်ပေးနိုင်ရေး နိုင်ငံရေးပါတီ ၁၄ ခုက ကြေညာချက် ထုတ်ပြန်ခဲ့သည်ကိုလည်း မှတ်သားမိပါကြောင်း။
ဗိုလ်ချုပ်အောင်ဆန်းသည် မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးဖခင် အမျိုးသား ခေါင်းဆောင် ဖြစ်သကဲ့သို့ တပ်မတော်၏ဖခင်လည်း ဖြစ်ပါကြောင်း၊ မိမိတို့သည် မိမိတို့ လေးစားကြည်ညိုရသူများ၏ပုံရိပ်ဆိုခြင်းထက် ၎င်းတို့၏လမ်းစဉ်၊ ၎င်းတို့၏စကား များကို ပို၍အလေးထား လိုက်နာဆောင်ရွက်ခြင်းသည် ၎င်းတို့၏ ဂုဏ်ကို မြှင့်တင်ရာ ရောက်မည်ဖြစ်ပါကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း ဆိုသည့် အမည်သည် မြန်မာ့ လွတ်လပ်ရေးသမိုင်းတွင် အထင်ကရတည်တံ့နေမည့်အမည်ဖြစ်သကဲ့သို့ ယခုတံတား အမည် ပြောင်းလဲသတ်မှတ်မှုသည်လည်း ဗိုလ်ချုပ် အောင်ဆန်း လိုလားတောင့်တခဲ့ သည့် တိုင်းရင်းသားများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရှိစေရေးကို ခိုင်ခိုင်မာမာ ဖြစ်စေ မည် ဖြစ်ပါကြောင်း၊ ဒေသခံပြည်သူလူထုအနေဖြင့် မလိုလားသော်လည်း ယခင်အစိုးရ သည် ၎င်းတို့ပါတီပုံရိပ်အတွက် ဗိုလ်ချုပ် အောင်ဆန်း တံတားအဖြစ် အမည်ပေးအပ် ခဲ့သည့်အတွက် ယနေ့တွင် ဒေသခံပြည်သူလူထု၏ လိုအင်ဆန္ဒအတိုင်း တံတား၏ မူလအမည်ဖြစ်သည့် သံလွင်တံတား(ချောင်းဆုံ)အဖြစ် ပြန်လည် သတ်မှတ်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း။
မွန်ပြည်နယ်သည် ခရိုင်(၂)ခု၊ မြို့နယ်ပေါင်း(၁၀)မြို့နယ်ဖြင့် ဖွဲ့စည်းထားပြီး ယခု ဘီလူးကျွန်းပေါ်တွင် တည်ထားသည့် ချောင်းဆုံတစ်မြို့နယ်တည်းသာလျင် ကားလမ်း နှင့် တစ်ဆက်တစ်စပ်တည်း သွားလာ၍မရဘဲ ရေလမ်းခရီးကိုသာ အဓိကထား သွားလာရသည့်မြို့ဖြစ်ပါကြောင်း၊ ကျေးရွာပေါင်း ၇၂ ရွာနှင့် ဖွဲ့စည်း တည်ဆောက် ထားသည့် ကျွန်းမြို့ကလေးတစ်မြို့သာ ဖြစ်သော်လည်း ကမ္ဘာမှာပါ ထင်ရှား ကျော်ကြားခဲ့သည့် ကျေးရွာများဖြင့် ပါဝင်ဖွဲ့စည်းထားသည်ကို တွေ့ရှိရပါကြောင်း၊ ကမ္ဘာကျော်ခဲ့သည့် ဆေးတံထွက်ရှိရာ ဒေသဖြစ်သည့်အပြင် ကျောက်သင်ပုန်း၊ လက်မှု ပညာရပ်များသာမက မြေဆီမြေဩဇာ ထက်သန်ကောင်းမွန်မှုကြောင့် မြန်မာနိုင်ငံ တွင် အကောင်းဆုံး ဆန်စပါးထွက်ရှိရာ မြို့နယ်များအနက် တစ်မြို့နယ်အဖြစ် ပါဝင်လျက် ရှိ သည်ကို မှတ်တမ်းတင် ဂုဏ်ပြုပြောကြားလိုပါကြောင်း၊ မြေအနေအထားကောင်းမွန်မှု၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်မှု၊ လျှပ်စစ်မီးရရှိနိုင်မှု၊ လူသားအရင်းအမြစ်ကောင်း မွန်မှုများကြောင့် ချောင်းဆုံဒေသတွင် စက်မှုလုပ်ငန်းဆောင်ရွက်မည်ဆိုပါက ဒေသ ဖွံ့ဖြိုးတိုးတက်မှု၊ အလုပ်အကိုင်အခွင့်အလမ်းရရှိမှုတို့တွင် များစွာအကျိုးရှိနိုင်မည်ဟု ပြောလိုပါကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ယာယီသမ္မတ၏ တာဝန်ပေးအပ် ချက်အရ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်နှင့်အညီ နိုင်ငံတော်ကို အရေးပေါ် အခြေ အနေအဖြစ် ကြေညာပြီး ဖေဖော်ဝါရီ ၁ ရက်နေ့မှစတင်၍ နိုင်ငံတော် တာဝန်များကို ခေတ္တတာဝန်ယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တာဝန်ထမ်းဆောင်နေသည့် ကာလ အတွင်း ရှေ့လုပ်ငန်းစဉ် ၅ ရပ်နဲ့ ဦးတည်ချက် ၉ ရပ်ကို ချမှတ်ကာ နိုင်ငံတော် တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်ရာတွင် နိုင်ငံသူ၊ နိုင်ငံသားများ၏ လိုအပ် ချက်များကို တတ်နိုင်သရွေ့ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေး ဦးစားပေးအဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိသည်ကို ပြောကြားလိုပါကြောင်း။
နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၊ တပ်မတော်အနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို ခိုင်ခိုင်မာမာ အာမခံထားပြီး ဖြစ်ပါကြောင်း၊ ဒေသခံများ၏ လိုအင်ဆန္ဒနှင့်အညီ အမည်ပြန်လည်ပြောင်းလဲသတ်မှတ်ခဲ့သည့် သံလွင် တံတား(ချောင်းဆုံ)ကို အကျိုးရှိစွာ အသုံးချပြီး ဒေသတွင်း စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အစရှိသည့် နယ်ပယ်ပေါင်းစုံတွင် ဖွံဖြိုးတိုးတက်အောင် ဆောင်ရွက် သွားကြစေလိုပါကြောင်း၊ ထို့အပြင် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုး တိုးတက် မှု အရှိန်အဟုန်ဖြင့် ဖြစ်ပေါ်လာစေရေးအတွက် “We Are Myanmar” “ငါတို့အားလုံး မြန်မာ” ဆိုသည့် စိတ်ကိုထားရှိပြီး နိုင်ငံအကျိုး၊ တိုင်းပြည်ကောင်းကျိုးအတွက် နိုင်ရာ တာဝန်များကို ကြိုးပမ်းဆောင်ရွက်သွားကြစေလိုပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း က ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာတွင် ချောင်းဆုံမြို့နယ်သည် ယခင်က ရေလမ်းတစ်ခုတည်းကိုသာ အသုံးပြုသွားလာနေရခြင်းဖြစ်သဖြင့် သွားလာမှုခက်ခဲ ခဲ့ကြောင်း၊ ယခင်ဒီမိုကရေစီပထမ အစိုးရလက်ထက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်၌ ချောင်းဆုံမြို့နယ်အတွင်းသွားလာမှုအဆင်ပြေစေရန်အတွက် ဒေသခံ တိုင်းရင်းသားပြည်သူများ၏ဆန္ဒနှင့်အညီ သံလွင်တံတား(ချောင်းဆုံ) အမည်ဖြင့် အကောင်အထည်ဖော်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အပြင် ချောင်းဆုံမြို့နယ် အတွင်း လျှပ်စစ်မီးရရှိရေးအတွက်လည်း ဆောင်ရွက်ပေးခဲ့သဖြင့် ဒေသခံတိုင်းရင်း သားများ၏ တစ်ပိုင်တစ်နိုင် စက်မှုကုန်ထုတ်လုပ်မှုလုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တံတားဆောက်လုပ်ပြီးစီးသည့် အချိန်တွင် ယခင်အစိုးရမှ တံတား၏အမည်အား ဒေသခံတိုင်းရင်းသားပြည်သူများ၏ ကန့်ကွက်မှုများကို အလေး မထားဘဲ ၎င်းတို့၏သဘောဆန္ဒနှင့်အညီ ပြောင်းလဲသတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခု အခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဒေသခံပြည်သူများ၏ သဘောထားဆန္ဒ နှင့်အညီ တံတားအမည်အား မူလအမည်ဖြစ်သည့် သံလွင်တံတား(ချောင်းဆုံ) ဟု ပြန်လည်သတ်မှတ်ဆောင်ရွက်ပေးသည့်အတွက် ဒေသခံတိုင်းရင်းသားပြည်သူများ ကိုယ်စား များစွာကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က သံလွင်တံတား(ချောင်းဆုံ)ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။ ထို့နောက် ကမ္ဗည်းမော်ကွန်းကျောက်စာကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းကြကာ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တံတားကြီးပေါ်မှ ဖြတ်သန်းကြည့်ရှုစစ်ဆေးကြပြီး တံတားကြီးအား ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်သည်များ အား မှာကြားသည်။ ထို့နောက် တက်ရောက်လာကြသည့် ဒေသခံတိုင်းရင်းသား ပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ အခမ်းအနားမှ ပြန်လည်ထွက်ခွာရာ ဒေသခံ တိုင်းရင်းသားပြည်သူများက ရိုးရာအကအလှများဖြင့် ခင်မင်ရင်းနှီးစွာ လက်ဝှေ့ ရမ်းပြ နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။